Tuesday 3 January 2012

ကူညီခြင်းသည် လာဘ်တစ်ပါး ဟု ဆိုရာဝယ်


မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟု ဆိုလိုက်သည်နှင့် တိုင်းတပါးလူမျိုးခြားတို့ သိကြသည်မှာ ကူညီရိုင်းပင်းတတ်သော၊ ဖော်ဖော်ရွေရွေနှင့် ရိုးသားသော နိုင်ငံလူမျိုးဟူ၍။ ယခုတော့ ဤအစဉ်အလာသည် ပျောက်ကွယ်မည့် အန္တရာယ်နှင့် ကြုံနေချေပြီ။ မြန်မာနိုင်ငံ မြန်မာလူမျိုးတို့၏ ချစ်စဖွယ် ကူညီယိုင်းပင်းတတ်သည့် ဓလေ့ကား ချိုးနှိမ်ဖျက်ဆီးခြင်းခံနေရပေပြီ။

သည်ဓလေ့လေး ရှင်သန်ဖို့ရာ ဘယ်လိုလူတွေ ဖေါက်ထွက်နိုင်မည်လဲ။ အရာအားလုံးသည် ဘောင်အတွင်းကသာ လှုပ်ရှားခွင့်ရှိကြသည် တဲ့လေ။
……..

နေပူကျဲတဲ အောက် ပူကျစ်နေသော ကတ္တရာလမ်းမထက် စက်ဘီးတစ်စီးလဲနေသလို လူတစ်ယောက်လည်း သွေးများစွာနှင့် လဲလျောင်းလျက်။


“ဟဲ့ အသက်တော့ ရှိသေးတယ် ဟဲ့”



တီးတိုးတီးတိုး သဖန်းပိုးလုပ်နေကြသော ဝိုင်းကြည့်နေကြသည့် လူစု၏ မျက်ဝန်းတို့ဝယ် ကူညီလိုခြင်းများစွာ။ သို့သော် မထိရဲမကိုင်ရဲကြ။ လက်က ရဲစခန်းဖုံးနံပါတ် နှိပ်တော့ ဖုန်းက မအားပြန်။ သည်တိုင်းကြီး ထားထားလျှင်တော့ ရှင်နေသည့်သူတောင် သွေးထွက်လွန်ကာ သေသွားနိုင်သည်လေ။


“အမေ ဆိုင်ထဲဖြစ်ဖြစ် ခေါ်လိုက်ပါ့လား အသက်ရှင်နေသေးတာပဲ ဒီတိုင်းကြီးထားမှ သေနေဦးမယ်”

“ဟဲ့ ရပ်ကွက်လူကြီး တွေ သူ့ဘာသာ ကြည့်လုပ်ပါလိမ့်မယ် ဆို”

“မဟုတ်သေးပါဘူး အမေရယ်”

ခေါင်းခါယမ်းရင်း တီးတိုးရေရွတ်မိချေပြီ။
ဟော ထိုလဲနေသော သူ ထထိုင်လိုက်ချေပြီ။ အို ခေါင်းမှ သွေးများစီးကျနေသည်ပဲ။

“အမေ တိုက်သွားတဲ့ taxi နံပါတ် ဘယ်သူမှ မမှတ်လိုက်ကြဘူးလား”
“အိုအေ ဘယ်လိုလုပ် မှတ်လို့ရမှာလဲ… သူက အရှိန်နဲ့ ပြေးထွက်သွားတာကို”


သူမ သက်ပြင်းချလိုက်ရင်း ကူညီဖို့ရာ ခြေလှမ်းပြင်လိုက်စဉ် ရုတ်တရက် လက်ကို ဆွဲခြင်းခံလိုက်ရသည်။ ကြည့်လိုက်တော့ အမေ။


“ဒါမျိုးက ကိုယ် ကူညီချင်တိုင်းကူညီလို့ရတာ မဟုတ်ဘူးဟဲ့.. သူတို့ တာဝန်ရှိသူတွေ ရောက်လာမှ ကြည့်လုပ်လိမ့်မယ် နို့မဟုတ်ရင် ကိုယ်ပါ အမှုပတ်လိမ့်မယ်”


အမေ့ ပြောစကားကို မယုံချင်စွာနှင့် ခေါင်းခါမိစဉ် ဘေးဘီကြည့်မိတော့ အားလုံးက အမေ့စကားကို ထောက်ခံဟန် ခေါင်းတငြိတ်ငြိတ်နှင့်။
သိပ်မကြာခင်ပင် သွေးစက်လက်နှင့် လူအနားသို့ ရပ်ကွက်လူကြီး များနှင့် စည်ပင် တချို့ ရောက်လာကြပြီး နီးစပ်ရာ ဆိုင်ခန်းထဲသို့ ခေါ်သွင်းလိုက်သည်ကိုတွေ့ရသည်။


“ညီမလေး ဘယ်သွားမှာလဲ”


အပြင်သွားရန် ခေါ်ထားသည့် အငှားကားပင်ရောက်ချေပြီ။
“အမေ့ သမီး ရုံး ခဏသွားလိုက်ဦးမယ် ဖိုင် ရှာမတွေ့လို့ သွားရှာပေးရမှာ”
အမေ့ထံ ခွင့်တိုင်ရင်း ဒဏ်ရာရထားသည့်သူ ဝင်သွားသည့် ဆိုင်ခန်းကိုကြည့်မိတော့ ငြိမ်သက်နေသည်။ ကြည့်ရတာ အခြေအနေကောင်းဟန်တူပါသည်လေ။


“ငါ ဟိုးရှေ့နားလေးတည်းက မြင်သားပဲ တမင် ကျော်လာတာ တော်ကြာ ဆေးရုံပို့ဖို့ ဆိုပြီး ကားငှားမှာစိုးလို့”
“ဟမ်.. ဘာ့လို့လဲ အစ်ကိုရ..ကူညီကောင်းပါတယ်”


နားမလည်နိုင်စွာမေးမိတော့ ကားဆရာက


“ငါ ခံရပြီးပြီလေ အဲ့ဒါမျိုး သုံးခါတောင် တွေ့တာ ပထမတစ်ခါ ကူညီတယ် တော်တော် အီသွားတယ် ဒုတိယတစ်ခါလည်း မမှတ်သေးဘူး ကူညီတာပဲ အဲ့ဒီတုန်းကလည်း တော်တော် ခံလိုက်ရတယ် တတိယတစ်ခါကျတော့ မကူညီတော့ဘူး လက်ပိုက်ကြည့်နေလိုက်တယ်”

ခေါင်းငြိတ်ပြမိရင်း

“အသေးစိတ် ပြောပြပါ့လား အစ်ကိုရ”

“အင်း.. ပထမ တစ်ခါက ငါ တောင်းအေ့စ်လေးမောင်းတုန်းကပေါ့ ဘက်စ်ကားတစ်စီးပေါ်ကနေ အသက်ရှစ်ဆယ်လောက်ရှိတဲ့ ဦးလေးကြီးပြုတ်ကျတာ ငါ့မျက်စိရှေ့တင်ဟ အဲ့ဒါနဲ့ ကူညီကောင်းပါတယ်လေ ဆိုပြီး ရပ်ကွက်လူကြီးတချို့နဲ့ အဲ့နားက ကောင်လေးနှစ်ယောက်ရယ် ဦးလေးကြီးကို သယ်ပြီး ဆေးရုံပို့ပေးတာပေါ့”

“အင်း”

“ဆေးရုံလည်း ရောက်ရောဟာ တိုင်ပတ်တော့တာပဲ”

“ဘာလို့တုန်း”

“ဟိုရောက်တော့ အမှုစစ်ရဲအရာရှိက ပြန်မလွှတ်ဘူးလေ မင်းကားနဲ့ တိုက်မိတာဆို ဘယ်လိုလုပ်မတုန်းတဲ့ ဒါနဲ့ ရပ်ကွက်လူကြီးတွေ လည်း ဝိုင်းပြောတာပေါ့ သူတို့တွေ အသိပါဆိုပြီး အဲ့တော ဘာပြောလည်းသိလား အဲ့ဒီရဲက”

“အမ်း ပြောပါဦး”

“ရပ်ကွက်လူကြီးဆိုတာ ခင်ဗျားတို့ပြောလို့ သာလေတဲ့ ဘာအထောက်အထားမှ မပါတာတဲ့.. နောက် ဘယ်လိုမှ ပြောမရတဲ့အဆုံး ဆေးရုံမှာ ညနေစောင်းထိနေလိုက်ရတယ် အုံနာခလည်းကုန် အိမ်အတွက်လည်းမရနဲ့ တော်တော် ညစ်သွားတယ ဒါတောင် ညနေစောင်းပြန်ခွင့်ရတာက အဖိုးကြီးသတိရလာလို့ပေါ့ နောက် ဒဏ်ရာလည်းသိပ်မပြင်းဘူးလေ”

“အမ်း ဒုတိယတစ်ခါကျတော့ကော”

သူမ မေးသောစကားကို ကားဆရာက ခေါင်းတခါခါနှင့်

“ဒုတိယ တစ်ခါကျတော့ ငါ အငှားကားလေး မောင်းစပေါ့ဟာ ကားရပ်ပြီး ကွမ်းဝယ်နေတုန်း ငါ့မျက်စိရှေ့တင်ဖြစ်သွားတာ ဒူးရင်းသီးရောင်းတဲ့အသည်ကို ကားက ပွတ်ဆွဲသွားတာ သွေးတွေ မြင်မကောင်းလောက်အောင်ကို ကျနေတာ ဖြစ်ချင်တော့ အဲ့ဒါက တရားရုံးနားဟ ဒါနဲ့ ရပ်ကွက်လူကြီးတွေအပြင် မြင်တဲ့ ရဲသားတစ်ယောက်ကိုပါခေါ်ခဲ့ရော ရဲသားပါတော့ အရင်လို မဟုတ်လောက်ဘူးပေါ့လေ”

“အမ်း ဒီတော့ ဘယ်လိုလဲ”

“ဒီတစ်ခါလည်း အမှုစစ်က ရဲသားမို့လို့ ဘောင်မဝင်ဘူးတဲ့ဟာ အရာရှိလိုမျိုးမဟုတ်လို့တဲ့ အဲ့ဒီနေ့ကလည်း ငါတော်တော်အီသွားတာပဲ အုံနာခကော နေ့လည်စာပါ ငတ်သွားတယ်”

သူမ ပြုံးမိရင်း

“တတိယတစ်ခါကျတော့ကော”

“တတိယတစ်ခါကျတော့ သားအဖနှစ်ယောက်လမ်းလျှောက်လာတာကို ဘက်စ်ကားက ပွတ်ဆွဲသွားတာဟ ဦးလေးကြီးခမျာ ခေါက်ခနဲ လဲကျသွားပြီး ခေါင်းက အုတ်ခံနဲက ထိသွားတယ် သတိလည်းလစ်သွားတယ် အဲ့ဒါနဲ့ သမီးလုပ်တဲ့သူက ကားတွေတစ်စီးပြီးတစ်စီးတားတာပေါ့ ငါလည်း ကားပျက်နေပါတယ် ဆိုပြီး ညာလိုက်ရတာ နို့မို့ သမီးလုပ်သူပါလည်း ဘောင်မဝင်ဘူးဆိုပြီး အပြောခံရမှာလေ”

“အာ အစ်ကိုကလည်း.. မဟုတ်နိုင်လောက်ပါဘူး ဒီတစ်ခါတော့”

“ငါ့ညီမက မယုံဘူးပဲ.. သူတို့နဲ့ လိုက်သွားတာက ငါ့သူငယ်ချင်းဟ ငါ့မျက်စိရှေ့တင်လိုက်သွားတာ ဒါနဲ့ နောက်တနေ့ဆုံတော့ မေးကြည့်တယ် အုံနာခတောင် မရလိုက်ဘူးတဲ့လေ ဟိုရောက်တော့ အမှုစစ်က လုံးဝပြန်မလွှတ်ဘူးတဲ့ သမီးလုပ်သူ ပြောပေးနေတာတောင်”

အင်း..လောကကြီးလည်း ဘယ်လိုများဖြစ်နေလေသည်မသိ။ ကူညီချင်တဲ့စိတ်တို့ကို အရိုင်းဆန်အောင် ပြုမှုနေကြခြင်းလား။
လက်ခံပါသည်။ သေဆုံးသည့် သူတစ်ဦးကို နေရာရွှေ့ပြောင်းခြင်းသည် သက်သေဖျောက်ဖျက်မှုနှင့် ဆိုင်ကောင်းဆိုင်နိုင်ပါလိမ့်မည်။ သို့သော် ရှင်သော သူကို ကူညီဖို့ရာ ဘောင်အတွင်းမှဆိုလျှင်တော့ ထိုဘောင်သည် ကျဉ်းမြောင်းလွန်းလှသည်။

“ငါ့ညီမ ကြာဦးမှာလား”

ကားဆရာ အမေးကြောင့် ကြည့်မိတော့ ရုံးပင်ရောက်ချေပြီ။

“မကြာဘူး ဖိုင်ရှာပေးပြီး ပြန်ထွက်လာမှာ”

“အော် အေး”

အင်း ဦးစီးမှုးတစ်ဦးအနေနှင့် ရုံးအားလပ်ရက်ဝယ် ဖိုင်လာရှာပေးဖို့ရာ မလိုအပ်လှပါ။ သို့သော် ရုံးအားလပ်ရက်ဝယ် ဂျူတီဆင်းကာ စာရင်းလုပ်သူတို့အတွက် ဖိုင်လာရှာပေးရခြင်းမှာ သူမ အတွက် အပန်းမကြီးလှပါ။ သို့သော် သွေးထွက်သံယို ဖြစ်နေသော လူတို့ကို ကူညီဖို့ရာတော့ အပန်းကြီးလှသည်ပဲ။ ထိုသို့ ကူညီဖို့ဆိုလျှင် အလွန်ကျဉ်းမြောင်းသော ဘောင်လေးအတွင်းမှ သာ ကူညီခွင့် ရပေလိမ့်မည်။
သြော် သည် ဘောင်ကျဉ်းကျဉ်းလေးမှ ဖေါက်ထွက်ကာ ကူညီနိုင်သူတွေ ဘယ်လောက်များကျန်တော့မလဲလေ။ သူမ တောင် မကူညီနိုင်ခဲ့ဘူး မှတ်လား။

မြန်မာလူမျိုးတို့၏ ချစ်စဖွယ် ကူညီယိုင်းပင်းသည့်ဓလေ့လေးကတော့ဖြင့် တချိန်ချိန်ဝယ် ပျောက်ကွယ်ဖို့ရာ အရှိန်ယူနေလေပြီ။ တားဆီးနိုင်မည့်သူတွေလည်း ကင်းလေပြီထင့်။

အတွေးကို အဆုံးသတ်ရင်း ဖိုင်ရှာဖို့ရာ ပြင်ဆင်လိုက်သည်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ရည်ဝေ(ရေနံ့သာသူ)
ဇန်နဝါရီ ၃၊ ၂၀၁၂

1 comment:

ချောကလက်ကျူးပစ်လေး said...

ပာုက်တယ်မမရေ
လူတစ်ချို့ကြောင့်
မြန်မာလူမျိုးတွေရဲ့
ကူညီယိုင်းပင်းတက်တဲ့ဓလေ့လေး
ပျောက်ကွယ်ဖို့အစပျိုးနေပြီ

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်