Friday 4 April 2014

“မြိနေအောင် သွေးထားတဲ့ မြားတစ်စင်း ”


“မြိနေအောင် သွေးထားတဲ့ မြားတစ်စင်း ”
--++--

(၁)
မြင်လား သား။ အဲဒါ မင်းအဖေ။ မင်းအဖေ လူယုတ်မာကြီးလေ။ သေချာမြင်အောင်ကြည့်ထားစမ်း ငါ့သား။ တစ်နေ့မှာ  မေမေ့အတွက် သားက လက်စားချေပေးမယ်မဟုတ်လားဟင်။
နှင်း၏ လက်ကို ဆုပ်ကိုင်ထားသည့် သား၏ လက်က ပို၍တင်းကျပ်သွားသည်မို့ သားငယ်ကြည့်ရာကို ကြည့်လိုက်မိတော့ မောင်နှင့် မိန်းမငယ်တစ်ဦး။ ဟင့်အင်း။ နှင်းအတွက်တော့ မည်သို့မျှမခံစားရပါ။ ကြိုပြီးသိထားပြီးသား အကြောင်းအရာတစ်ခုသာဖြစ်သည်။ ဒီကုန်တိုက်ကို ဒီလိုနေ့ဆို ဈေးဝယ်ထွက်နေကြ ဆိုတဲ့ အတွင်းသိစကားအရ သားနှင့် မောင့်ကို ရင်ဆိုင်ပေးလိုက်တာသာ ဖြစ်သည်။
သို့သော် ကိုယ့်ကို မော့်ကြည့်လာသည့် သားငယ်၏ မျက်ဝန်းလေးများကြောင့် ဒေါသကို အရှိန်ပြင်းကာ မျက်ဝန်းတွင် မျက်ရည်များစို့လာအောင် ပြုလုပ်လိုက်သည်။ ထို့နောက် ထိုင်ချလိုက်ရင်း သားကို
“သား သားတို့ အရွယ်ဝတ်တဲ့ အဝတ်အစားတန်းဘက် သွားရအောင်နော် မေမေ့အတွက် အဝတ်မဝယ်ချင်သေးဘူးနော်”
မျက်ရည်အဝဲသားနှင့် ခေါင်းညိတ်ပြလိုက်သည့် သားလေး၏ လက်ကလေးကို ဆွဲကိုင်ကာ ကလေးအဝတ်အစားတန်းဘက် လျှောက်လိုက်ရင်း နှင်း ကျေနပ်စွာ ပြုံးလိုက်မိသည်။
“မောင် မင်းအတွက် မြားတစ်စင်း ကိုယ် သွေးနေပြီ။ မင်း လွတ်အောင်ရှောင်နိုင်မှာလား မောင်”
သားလက်ကို ကိုင်ကာ ထလိုက်သည့်အချိန်မှာပဲ မောင့်မျက်ဝန်းတို့ အထိတ်တလန့်ဖြစ်သွားခဲ့သည်ကို သတိပြုမိ၏။ သို့သော် နှင်းက မသိကျိုးကျွံပြုကာ သားလက်ကို ဆွဲ၍ ထွက်ခွာလာခဲ့သည်မဟုတ်ပါလား။ တစ်ယောက်လက်ကို တစ်ယောက်ချိတ်ဆွဲထားသော မောင်နှင့်ထိုမိန်းကလေး၏ အကြောင်းကို နှင်းရှင်းမပြလည်း သုံးတန်းကျောင်းသားဦးနှောက်ဖြင့် သားနားလည်မည်ဟု ယုံကြည်သည်လေ။
--++--

ကုန်တိုက်အတွင်း တစ်မေ့တစ်မောလျှောက်ကာ သားအတွက် အဝတ်အစားတော်တော်များများဝယ်အပြီးမှာတော့ ကော်ဖီဆိုင်လေးထဲဝင်ထိုင်လိုက်ရင်း အမောဖြေနေစဉ်အတွင်းမှာပင် အမောတကောနှင့် မောင်ရောက်လာသည်ကို တွေ့ရသည်။
“နှင်းနဲ့ သားကို တွေ့ရလို့ဝင်လာတာ အလုပ်ကိစ္စနဲ့ ကုန်တိုက်ခဏလာတာလေ ဒီနေ့တော့ ဒီကနေပဲ ရုံးဆင်းမယ်လို့ ဖုန်းဆက်လိုက်တယ်”
ပြောပြောဆိုဆိုဖြင့် ဝင်ထိုင်လိုက်သည့် မောင့်ကို မော့်ကြည့်ရင်း သားဆီသို့ လှမ်းအကဲခတ်လိုက်သည်။ သား၏ အပြုံးသည် အေးစက်စက်၊ သို့သော် အဖြေမသဲကွဲသေးဟန်တွေ့ရသည်။ သားရေ နောက်နေ့တွေမှာလည်း မင်းအဖေကို ဒီလိုပုံမျိုးနဲ့တွေ့ရအောင် မေမေကြိုးစားပေးဦးမှာပါ၊ ဒါမှ သားက မေမေ့ရဲ့ တစ်ဦးတည်းသောသား ဖြစ်လာမှာမဟုတ်လား။ နှင်း၏ မျက်နှာကို ဖျတ်ခနဲလှမ်းကြည့်လိုက်သော သားကြောင့် နှင်းက ကပြာကသီဖြင့် မျက်ရည်ဝဲနေသော မျက်ဝန်းနှင့် အပြုံးခပ်နွမ်းနွမ်းတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက်
“မောင်ကော ဘာမှမသောက်တော့ဘူးလား”
“အင်း မသောက်တော့ဘူး ခုနကပဲ ကိုယ်သောက်ပြီးပြီ”
အဖြေနှင့်အတူ နှင်းကို အကဲခတ်သလိုကြည့်လာသည့် မျက်ဝန်းတွေကို ရှောင်ရှားရင်း သားလေးအတွက် ရောက်လာသည့် ထမင်းပေါင်းကို နှံ့အောင် နယ်ပေးလိုက်သည်။

--++++---

“ကျွန်မကို မထိပါနဲ့ မောင် အဲဒီလက်တွေကအစ ရှင့် ဆံပင်မွှေးအဆံး ကျွန်မ ရွံတယ် ”
နှင်းကို ကြည့်လာသော မောင့်မျက်ဝန်းများထဲမှ မခံချိမခံသာဖြစ်မှုများကို နှင်းက ကျေနပ်အားရစွာကြည့်နေလိုက်မိသည်။
“ဒီနေ့မှာ နှင်းဆိုတဲ့ မိန်းမဟာ ကိုယ့်ယောက်ျားကို တစ်ခြားမိန်းမနဲ့ လက်ချင်းချိတ်ပြီး တွေ့ခဲ့ပေမယ့် ရန်လာမလုပ်တာ ထူးဆန်းမနေဘူးလားဟင် အဟင်း သိပ်စဉ်းစားမနေပါနဲ့ ထူးဆန်းစရာမရှိပါဘူး ကျွန်မသားလေး ငယ်ငယ်ရွယ်ရွယ်နဲ့ လူအများရှေ့မှာ ရှက်နေမှာကြောက်လို့ ရှင်တို့ကို မမြင်ချင်ယောင်ဆောင်ခဲ့တယ် မှတ်ပါ..”
အခန်းရှေ့မှ ခြေလှမ်းသံပါးလျလျကြောင့် နှင်းက စကားစကို ဖြတ်ရင်း ငိုလိုက်မိသည်။ မျက်ရည်များတသွင်သွင်စီးကျဖို့သည် မင်းသမီးရူး သူမ အတွက် မခက်ခဲလှ။

“မှန်တယ် ကျွန်မက ဆင်းရဲတယ် ဒါပေမယ့် တစ်ခါမှ သိက္ခာမပျက်ပြားခဲ့ဘူး ဒါ့ကြောင့်ပဲ ရှင့်အမေကိုယ်တိုင် ကျွန်မအမေကို ငယ်သူငယ်ချင်းဆိုတဲ့ စကားနဲ့ အိမ်တိုင်လာရောက် လာတောင်းခဲ့တာမဟုတ်လား ခုတော့ ခုကျတော့ ရှင်က..”
ရုတ်ခြည်း ငိုချလိုက်သော သူမကို မောင်က တအံ့တသြ လှည့်ကြည့်လာသည်။
“ဒေါက် ဒေါက်”
တံခါး ခေါက်သံကြောင့် အိပ်ခန်းတံခါးကို ဖွင့်လိုက်တော့ သား။
“ဒီနေ့ မေမေ နဲ့ သား အိပ်လို့မ ရဘူးလားဟင်”
“ရတာပေါ့ သားရဲ့ ဒီအိပ်ခန်းမှာပဲ အတူတူအိပ်မလား”
“ဟင့်အင်း သားအခန်းမှာ လာအိပ်”

သား၏ တိုးဖျော့သော်လည်း မာပြတ်သည့် လေသံကို နှင်း ကျေနပ်အားရသွားမိ၏။ မောင့်ဘက်ကို လှည့်ကြည့်လိုက်တော့ သားကိုကြည့်နေသည့် မောင့်မျက်ဝန်းများသည် အကြံအိုက်နေသယောင်ယောင်။

--++--

“မေမေ ယောကျာ်းတွေက ဘာလို့ ဖေါက်ပြန်ကြတာလဲဟင်”
“ဟင် ဘာ့ကြောင့် အဲဒီလိုမေးတာလဲ သားရဲ့”
“သားသူငယ်ချင်း ရစ်ကီရဲ့ ဖေဖေက မိန်းမတစ်ယောက်နဲ့ ဖေါက်ပြန်ပြီး ရစ်ကီ့မေမေနဲ့ ကွာရှင်းလိုက်တယ် တဲ့မနေ့ကက ဆရာများနားနေခန်းမှ ဖြတ်သွားတုန်းက ကြားလိုက်ရတာ ရစ်ကီ့မေမေလည်း စိတ်ထောင်းကိုယ်ကြေဆိုတဲ့အတိုင်း ပိန်လှီနေတာပဲ တဲ့ ကလေးထောက်ပံ့ကြေးတောင် မရဘူး လို့ပြောနေကြတယ်”
“အင်း ရစ်ကီ့ မေမေခမျာ သနားစရာပေါ့ သားရယ် သူ့ခမျာ ဒီအရွယ်ကြီးမှ ဘယ်အလုပ်ကို စလုပ်လို့ စကိုင်ရမှန်း သိမှမဟုတ်ဘူး တစ်ဖြည်းဖြည်းနဲ့ ရှိတဲ့ ပိုက်ဆံကုန်သွားရင် . ရစ်ကီတောင် ဒီကျောင်းမှာ ဆက်ရှိနေနိုင်ပါ့မလား ဒီကျောင်းက ပညာသင်စရိတ်က ဈေးကြီးကကြီးပါဘိနဲ့”
နှင်းပြောသမျှကို သား နားလည်လေသည်နားမလည်လေသည်ကို နှင်းမသိ။ ကြားလိုက်ရသည့် သတင်းကြောင့် ရစ်ကီနှင့် သူ့အမေအား သနားသွားရရင်း ကိုယ့်အစီအစဉ်အတွက်လည်း ကျေနပ်အားရဖြစ်သွားမိသည်။ ဒါပေါ့။ မင်းသားမင်းသမီးအတွက် ဇာတ်ပို့ဆိုတာ မဖြစ်မနေလိုအပ်တာပဲ။ မဖြစ်မနေရှိတတ်တာပဲ။ ဖေါက်ပြန်တယ်ဆိုတဲ့ စကားလုံးကို နှင်း အသိမပေးခင် သားက တတ်မြောက်ထားနှင့်ပြီးပြီပဲ။ ဒါကိုက ကံတရားက နှင်းဘက်မှာရှိကြောင်း ဖေါ်ပြနေသည် မဟုတ်လား။

--++--

(၂)

“ဟောဒီလက် ဟောဒီအနမ်း နှင်းမဟုတ်တဲ့ မိန်းမ ဘယ်နှစ်ယောက်ဆီမှာ သက်ဆင်းပြီးပြီလဲ မောင် နှင်းက သိပ်မိန်းမပီသတာပဲ ဆိုတဲ့ စကားနဲ့ နှင်းကို မီးဖိုချောင်မှာ ချုပ်ထားခဲ့သမျှ မောင်က အတိုးချပျော်နေရက်ခဲ့တယ် တဲ့လား
စာချုပ်တစ်စုံမှာ နှစ်ဦးသဘောတူ လက်မှတ်ထိုးပြီး တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပါ့မယ် လို့ ကတိထားခဲ့မိသမျှ အလကားပါ့လား မောင် နှင်းက မိန်းမသားမို့ ချုပ်ထိန်းမ့တွေနဲ့ရှင်သန်ရတာ နေသားကျနေပြီဆိုရင် မောင်က ယောက်ျားသားမို့ သွေးသားဆာလောင်နေတာလား
အိမ်ထောင်မှု ဘုရားတည် ဆိုတဲ့ စကားပုံအဟောင်းကို တစ်တွတ်တွတ် ရွတ်ပြမနေချင်တော့ဘူး သစ္စာပျက်သူလို သစ္စာမမဲ့တတ်တော့လည်း  အငြိုးကြီးကြီးနဲ့ လက်စားချေမိတာ နှင်း မမှားပါဘူးနော်
မမှားဘူးနော် မောင်”
“သိလား မောင် မိန်းမ တစ်ယောက်ကို ဘယ်တော့မှ အမုန်းမပွားမိစေနဲ့ အထူးသဖြင့် ကိုယ့်ဇနီးကိုယ့်မယားကိုပေါ့
မိန်းမတစ်ယောက် အငြိုးကြီးပြီဆိုရင်လေ သားသမီးဟာလည်း လက်စားချေဖို့ အတွက် သယံဇာတပဲ မောင်ရဲ့ ဒီအကြောင်းအရာကို သက်သေပြဖို့ နှစ်နည်းနည်းတော့ ကြာလိမ့်မယ် ထင်ပါရဲ့ နှင်းတောင် အသက်ရှိချင်မှ ရှိတော့မှာ ဒါပေမယ့် နှင်းက အမုန်းသစ်ပင်ကို သားဆီ လက်ဆင့်ကမ်းခဲ့တယ် သိလား နှင်းအပေါ်သစ္စာပျက်သမျှ ဘဝတစ်လျှောက်လုံး ချမ်းမြေ့မှုတွေနဲ့ ဝေးကွာပါစေ ဆိုတဲ့ ဆုတောင်းကိုလည်း ရွှေတိဂုံဘုရားက မောင့်မွေးနံရောက်တိုင်း နှင်းအမြဲ ဆုတောင်း နေကျပေါ့ ခု မောင်ပျော်နေရဲ့လား ပျော်နေရဲ့လားဟင်”

စိတ်မှာ ကြိတ်မနိုင်ခဲမရဖြင့် ပြောနေမိသော်လည်း ပြင်ပတွင်တော့ နှင်း အပြုံးခပ်ယဲ့ယဲ့လေးဆင်ထားသည်။ မောင့်မေမေ သူဌေးမကြီးက သူ့သားတော်မောင်ကို အလိုက်တသိနှင့် ခွင့်လွှတ်ပြီး ထိန်းသိမ်းဖို့ သင်ကြားပြသပေးနေသည် မဟုတ်ပါလား။ တစ်ကောင်ကြွက် ဆိုသည့် စကားတစ်စု၏ အဓိပ္ပါယ်ကို ယခုမှ ပိုမိုနားလည်လာသယောင်ရှိ၏။ ဖေဖေနှင့်မေမေ ရှိတုန်းကတော့ ကိစ္စကြီးကြီးမားမားဖြစ်စေဦးတော့ ၊ နှင်းစိတ်ဝယ် တင်းထားနိုင်သေးသည်။ ယခုအချိန်မှာတော့ နှင်းသည် မျက်ရည်လွယ်သည့် သမင်မလေးသာတည်း။ မျက်လုံးထောင့်စွန်းမှ အရိပ်ကြောင့် နှင်း မျက်လုံးလေးလှန်ကာ ကြည့်လိုက်မိရင်း ပျော်သွားရသည်။ သား ကျောင်းက ပြန်လာချေပြီ။ သူ့မေမေ အနှိမ်ခံမကြီးကိုကြည့်ပြီး လက်သီးဆုပ်နေသည့် သားသဏ္ဍာန်ကြောင့် နှင်းမှာ အပျော်တွေ တနင့်တပိုး စားသုံးလိုက်ရသလိုရှိ၏။

“မေမေ သား ပြန်လာပြီ သားအတွက် ထမင်းပြင်ပေးလိုက်ဦးမယ်”
“ဟေ ငါ့မြေးလေး ပြန်လာပြီလား လာပါဦး ဘွားဘွားဆီကို မတွေ့တာကြာတဲ့ အတောအတွင်း ထွားလာလိုက်တာ ကလေးရယ်
ဘွားအေ၏ ရေပက်မဝင်စကားသံကို သား မည်သို့ တုန့်ပြန်မည်လဲဟု နှင်း စောင့်ကြည့်နေလိုက်သည်။ သားသည် နှင်း၏ သားပါပင်။ သား၏ တိတ်ဆိတ်နေသည့် အသံလေးကို နားစွင့်ရင်း ကျေနပ်စွာ ပြုံးလိုက်မိသည်။

ဟင့်အင်း။ ကျွန်မ သားကို မိထွေးလက်မှာတော့ မထားဘူး မောင်။ အနည်းဆုံးတော့ သူ့အဘိုးအဘွားဆီမှာ နေမယ်ဆိုရင် တစ်ဦးတည်းသော သားဖြစ်တဲ့ မောင့်သားလေးကို သူတို့ဖြည့်ဆည်းပေးမှာ အမှန်ပဲ ။ ဟင့်အင်း။ ကျွန်မ သာ တစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်မ သားကို မောင့်ရဲ့ အုပ်ထိန်းမှုအောင် မရောက်အောင် ကာကွယ်သွားမယ် မောင်။ မောင် မထင်မှတ်တဲ့ အလှည့်မျိုးလေးနဲ့ပေါ့။

--++---

(၃)

“မအံ့သြပါနဲ့ နှင်း ခဏလောက် ဝင်လာလို့ရမလား မောင်”

တံခါးကို တွန်းဖွင့်ရင်း နှင်းဆိုတော့ မောင်က ကြောင်အမ်းအမ်းဖြင့် တံခါးဟပေးသည်။ အခန်းထဲဝင်ကာ အကဲခတ်ကြည့်လိုက်ချိန်မှာတော့ နှင်း၏ လိုအပ်ချက်နှင့် ကွက်တိကျနေသော အနေအထားကို တွေ့ရ၏။ တဘက်ခါးပတ်ထားသော မောင့်အသွင်ကိုကြည့်ရင်း နှုတ်ခမ်းတွန့်ပြုံးမိတော့ မောင်က မလုံမလဲဟန်ဖြင့် အဝတ်အစားလဲဖို့ပြင်သည်။

“ရပါတယ် အဝတ်အစား လဲမနေနဲ့တော့လေ မောင် ။ မောင့်မိန်းကလေးနဲ့ တွေ့ပြီးတာနဲ့ နှင်းပြန်မှာပါ သူ့ကိုပဲ ခေါ်ပေးပါ့လား ဟင်”
ထိုအချိန်မှာပင် ရေချိုးခန်းအတွင်းမှ ထွက်လာသည့် မိန်းကလေးက နှင်းကို အလန့်တကြားကြည့်လျှက် မောင့်နားသို့ ပြေးကပ်သွား၏။

“တော်တော်လှတာပဲ ဒါ့ကြောင့်လည်း ယောက်ျားတွေ ကြိုက်ကြတာ နေမှာ လုံးကြီးပေါက်လှ ဆိုတာ ဒါမျိုးထင်ပါရဲ့ ဟုတ်လား မောင်”
“မင်း ဘာပြောချင်တာလဲ ဘာကိုလိုချင်နေတာလဲ နှင်း”

“စကာားမစပ် မင်းက မောင်ရှုပ်ခဲ့တဲ့ မိန်းမတွေထဲက ဘယ်နှစ်ယောက်မြောက်လဲ သိလား ကိုယ်တော့ မမှတ်မိတော့ဘူး မှတ်ရတာ များလွန်းလို့ မေ့ထားလိုက်ပြီ”

“အို ဘာဖြစ်ဖြစ် ကိုကိုက ပြောတယ် ကျွန်မက ကိုကို့အတွက် နောက်ဆုံးအချစ်တဲ့”

“အခန်းကကျဉ်းလို့လားမသိဘူး သိပ်အိုက်တာပဲ ဝရန်တာမှာ စကားသွားပြောရအောင် ကိုကျော်သူအောင်”

မောင့်နာမည်ကို ခေါ်ကာ ဝရန်တာဆီသို့ ထွက်ခွာလာတော့ မောင်၏မိန်းကလေးပါ အတူ လိုက်လာသည်ကို တွေ့ရသည်မို့ နှင်း ကျေကျေနပ်နပ်ပင် ရယ်လိုက်မိသည်။

“သိလား မောင် မောင်ရှုပ်ခဲ့သမျှ တစ်စက်မှ ခြေရာမကောက်တတ်တဲ့ နှင်းက ခုချိန်မှာ ဘာလို့ တောက်လျှောက်လိုက်နေတယ် ဆိုတာကို မောင်သိရဲ့လား”

“နှင်း ကိုယ် အပြင်မှာ ဘယ်လောက်ရှုပ်ရှုပ် အိမ်ထောင့်ဦးစီးတာဝန်ကို ဘယ်နှစ်ခါ ပျက်ကွက်ခဲ့ဖူးလို့လဲ အပြင်မှာ ဘယ်လောက်ရှုပ်ရှုပ် အပြင်မှာ ညအိပ်ဘူးလို့လား သူငယ်ချင်းတွေနဲ့ သောက်တဲ့စားတဲ့အချိန်လောက်ကလွဲလို့ ကိုယ် အပြင်မှာ မအိပ်ဖူးပါဘူး ခု နှင်း ဘာကို လိုချင်နေတယ်ဆိုတာ ပြောပါ နှင်းစိတ်ကြိုက်ဖြည့်ဆည်းပေးပါ့မယ် ဒါကို အကြောင်းပြပြီး ကွာမယ်ရှင်းမယ်ဆိုတဲ့ စကားတော့ မပြောစေချင်ဘူး ကိုယ်တို့မှာ သားလေးရှိသေးတယ်မဟုတ်လား”

မည်းတက်သွားသည့် မိန်းကလေး၏မျက်နှာကို အရသာခံကြည့်လိုက်မိရင်း ဝရံတာ ဘောင်ပေါ် တက်ထိုင်လိုက်သည်။

“အိုး စိတ်ချပါ မောင်ရဲ့ သားအတွက် မောင်နဲ့ ကျွန်မက ကွာရှင်းလို့မဖြစ်ဘူးလေ ဟုတ်တယ်မဟုတ်လား ကျွန်မ သိပ်နားလည်တာပေါ့”

“ကျေးဇူးတင်တယ် မောင် မောင့်ကို ပြောပြစရာ နှင်းမှာ ကျန်သေးတယ် ဒါပေမယ့် နှင်းက ဒီဝရန်တာကနေ ခုန်ချချင်နေတယ် ပြောလိုက်ရင် နှင်းအတွက် အမြတ်မရှိတော့ဘူးမောင် ဟိုမိန်းကလေး နှင်းကိုတစ်ချက်လောက် လှမ်းဆွဲစမ်းပါ ဒီမှာ လမ်းလျှောက်ချင်လို့”

“အိုး ရှင်မကြောက်ဘူးလား အဲဒီမှာ လမ်းလျှောက်ရအောင် က အန္တရာယ်များတယ် အကာအရံလည်းရှိတာမဟုတ်ဘူး ကိုကို ကိုကို့ မိန်းမကြီးကို ပြောဦး ရူးနေပြီလားမသိဘူး”

“လက်ကလေးတစ်ဖက်ကို ခဏလေးပေးရမှာကို ဘာတွေရေးကြီးခွင်ကျယ်လုပ်နေတာလဲ အဟင်း ကိုယ့်ဆီကဆို ကိုယ့်ယောက်ျားကို မင်းအလိုရှိတိုင်း ငှားငှားသုံးနေတာမဟုတ်ဘူးလား”

နှင်းအပြောကြောင် ရုတ်ခြည်းရဲတက်လာသော မျက်နှာဖြင့် မိန်းကလေးက လက်ကမ်းပေးသည်။ မိန်းကလေး၏ လက်နှစ်ဖက်ကို အသေချာကိုင်ရင်း သူမ ထရပ်လိုက်သည်။ ထို့နောက်…

“နှင်း တစ်ခုခုဖြစ်ခဲ့ရင် သားကို ရှင်ကိုယ်တိုင် မအုပ်ချုပ်ပါနဲ့ သူ့အဘိုးအဘွားကို ပေးအုပ်ချုပ်ပါ ကိုကျော်သူအောင် ပြီးတော့ဘယ်တော့မှ သားနဲ့ မျက်နှာချင်းမဆိုင်ပါနဲ့ ရှင်ပဲ စိတ်ဒဏ်ရာရလိမ့်မယ် ဒါ ကြင်စဦးတုန်းက သိတတ်ခဲ့တာတွေအတွက် ပြန်ပြီး ပေးဆပ်တဲ့ အကြံဥာဏ်ကောင်းလေးလို့ပဲ မှတ်ထားပါ”

“မင်း ဘာတွေ ဖြစ်နေတာလဲ နှင်း မင်းပြန်တော့ ပြန်တော့ကွာ”

ရုတ်တရက်ပြောပြောဆိုဆိုဖြင့် နှင်းကို လှမ်းဆွဲလိုက်ငေသာ မောင့်ကြောင့်

“အိုး ဖြည်းဖြည်းရှင့် ဒီနေရာကနေ ပြုတ်ကျသွားရင် အမှုပတ်မှာ ဒီနေရာရဲ့ပိုင်ရှင် ရှင့်ရဲ့မယားငယ်နဲ့ ရှင်ပဲ ကျွန်မ အမှုပက်မှာ မဟုတ်ဘူး ဒါကိုကော သတိထားမိရဲ့လား သတိထားမိအောင် ကျွန်မ ခုန်ချလိုက်မှထင်တယ် ”

နှင်း၏ အပြောကြောင့် နှင်းဆီသို့ တိုးလာမည် ပြင်လိုက်သော မောင့်ကို

“တိုးမလာနဲ့နော် တိုးလာရင် သူ့ကိုပါ ဆွဲပြီး ခုန်ပစ်မှာ”
မောင့် မိန်းကလေးကတော့ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်ချေပြီ။

“ငါးထပ်ဆိုတော့ ပြုတ်များကျလိုက်ရင် အရိုးတွေ စိစိညက်ညက်ကြေကုန်မယ် ထင်တယ်နော် သေချာသိရအောင် ခုန်ချလိုက်ပြီကွယ် မောင်ရေ ဂွတ်ဘိုင်”
ရုတ်တရက် ကောင်မလေး၏ လက်နှစ်ဖက်ကို တွန်းလွှတ်လိုက်ပြီး အနောက်သို့ ကိုယ်ကို လှန်ချလိုက်သည်။ ထို့နောက်တော့ အရာရာသည် အေးခနဲ…။
အိုး ခုတော့လည်း နှင်းဟာ တောင်ပံဖြန့်ထားသည့် ငှက်ကလေးတစ်ကောင်လိုပါပဲလား။ လေထဲမှာ ပျံဝဲနေလိုက်တာများ။ အတွေးနှင့်အတူ မျက်လုံးကို စုံမှိတ်ထားလိုက်သည်။ ထို့နောက်တော့ တစ်ဖြည်းဖြည်းချင်း ကျဆင်းသည့် အရသာကို ခံစားလျှက်။
--++--
စုံမှိတ်ထားသည့် မျက်လုံးထဲတွင် မြင်နေရသည်က အဆုတ်ကင်ဆာ ဆိုသည့် အဖြေလွှာတစ်ခု။ ရှင်သန်ချင်လျှင် ရှင်သန်ချင်သည့်စိတ်တစ်ခုဖြင့် တွန်းကြိုးစားဖို့သာလိုသည် ဆိုသည့် ဆရာဝန်၏ စကားသံ။  ဒါပေမယ့်လည်းလေ နောက်ဆုံးအဆင့်ဆိုတဲ အဖြေလွှာကို သိနေသူအတွက် ရှင်သန်ခြင်းက ဘယ်လောက်ထိ အရေးပါလာမှာလဲ။ တစ်ခုပဲ ဆေးလိပ်လုံးဝမသောက်သုံးသူအတွက် ဖြစ်တည်လာတဲ့ အဆုတ်ကင်ဆာဟာ မောင့်ကြောင့်များလားလို့ ပိုမုန်းတီးလာမိယုံပါပဲ။
အိုး ဘာဖြစ်ဖြစ် ဒီကမ္ဘာမှာ နှင်းတစ်စုံတစ်ခု ချန်ထားခဲ့တယ်လေ။ သားလေး နှင်းအတွက် လက်စားချေပေးမှာပါ။ လက်စားချေပေးမှာပါနော်။
လွန်ခဲ့သည့် သုံးလကတည်းက ကြိုတင်ကြစည်ခဲ့သည့် လက်စားချေမှုတွင် သူ့မေမေ နှင်း၏ အမုန်းများပါဝင်နေကြောင်းကိုတော့ သားလေး မသိနိုင်ပါ။ မသိနိုင်လောက်အောင်ကို ဟာကွက်မရှိပြင်ဆင်ထားခဲ့သည် မဟုတ်ပါလား။
                                                                                                                                            
ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်