“ဆုံမှတ်မဲ့ ရင်ဝှက်တေး”-ရည်ဝေ(လင်းရောင်ခြည်)
---++++-----
ကြာခဲ့ပြီ။ ဟုတ်သည်။ ကြာခဲ့ပြီဖြစ်သည်။
ခုံတန်းလေးသည်လည်း သူ၏ရှိမြဲနေရာ၌ ရှိနေသေးသည်။ သို့သော်
ခုံတန်းလေးသည်လည်း ဇရာကို အံမတုနိုင်ဟန်ဖြင့် အိုမင်းရိရော်နေခဲ့ချေပြီ။ တစ်ချိန်က
အစိမ်းရောင်ဖျော့ဖျော့တို့ ဆိုးခဲ့သော ခုံတန်းလေးသည် ယခုတော့လည်း အရောင်ပြယ်လုလု အစိမ်းရောင်ဖျော့တော့တော့ဖြင့်
ကျွန်တော့်ကို ကြိုလင့်နေသည့်အလား။
တစ်စုံတစ်ယောက်သည်ကော ခုံတန်းလေးကဲ့သို့ ကျွန်တော့်ကို
ကြိုနေလေဦးမည်လား။ သို့မဟုတ် အရာရာကို ပြည်ဖုံးကား ချလိုက်လေပြီလား။ အခွင့်ရှိလျှင်ဖြင့်
သိချင်စမ်းလှပါသည်။ သြော် သိချင်စမ်းလှပါသည်လေ။
ကျောင်းဆောင်၏ အလယ်တည့်တည့်တွင် စိုက်ပျိုးထားသည့် စိန်ပန်းနီနီကိုကြည့်ရင်း
လမ်းဘေးအလေ့ကျပေါက်တတ်သည့် စိန်ပန်းနီကိုပင် ခူးမှာစိုးသည့်အလား တားဆီးထားသည့် ဆိုင်းဘုတ်တစ်ခုကို
သတိရမိပြန်သည်။ “သတိ- ပိုင်ရှင်ရှိသည် မိမိကိုယ်ကို သူခိုးအဖြစ်မခံပါနှင့်” တဲ့လေ။
အတွေးနှင့်အတူ ခုံတန်းလေးတွင်ထိုင်ရင်း ကျောင်းတော်ကြီးကို
ငေးကြည့်နေမိသည်။ တစ်ချိန်က ဒီကျောင်းတော်ကြီးတွင် လင်းခက် ဆိုသည့် ကျောင်းသားလေးတစ်ယောက်
ပညာနို့ရည် သောက်စို့ခဲ့ဖူးသည်ပေါ့။ တစ်ချိန်ကတော့ ဒီကျောင်းတော်ကြီး၏ ကင်န်တီးန်ပေါင်းစုံတွင်
လင်းခက်နှင့် တစ်ယောက်သောသူ၏ ခြေရာတို့ အထပ်ထပ်ရှိခဲ့ဖူးပေသည်။ ထိုကဲ့သို့ အထပ်ထပ်ရှိခဲ့ဖူးသည်ကို
အမှတ်ရပါရဲ့လား မမမွန်။ စိတ်တွင်းမှ ထွက်ရှိလာသော မေးခွန်းကို ကပြာကသီသိမ်းအုပ်လိုက်ချိန်တွင်
စိတ်၌ တစ်စုံတစ်ရာသော စေ့ဆော်မှုခံလိုက်ရသည့်အလား အနောက်ဘက်ဆီသို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်မိသည်။
ပန်းတစ်ပွင့် ရင့်ကျက်တည်ငြိမ်သည့် အလှဖြင့် သူ့ကို ငေးကြည့်နေလေသည်ပဲ။
မမမွန်။ သူ့ကို ကြိုဆိုလေသည်တော့ ဟုတ်ဟန်မတူ။ မမွန်၏ မျက်နှာသည် ပကတိ တည်ငြိမ်လွန်းလှသည်။
သို့သော် မျက်ဝန်းထဲမှာတော့ အငွေ့တစ်ချို့ လှိုင်းထနေလေသည်လား။ ဖျတ်ခနဲ သူထရပ်လိုက်မိသည်။
သူ့ကို ငေးကြည့်နေရာမှ သူရှိရာသို့ တစ်လှမ်းချင်းလှမ်းလာသော မမမွန်၏ အလှသည် စံပယ်ဖြူတစ်ပွင့်၏
ရင့်ကျက်တည်ငြိမ်မှုကဲ့သို့ပင်။ ဖြူစင်အေးချမ်းလှသည်။ သို့သော်…။ သူနှင့်မမမွန်ဆိုသည်က
အဖြေမပီခဲ့သည် စွယ်တော်ရွက်လေးတွေ ဖြစ်ခဲ့သည် မဟုတ်လားလေ။
ကြာခဲ့ပြီ။ ကြာခဲ့ပါပြီ။
သူ၊ မမမွန်။ သက္ကရာဇ်များစွာသည် တစ်ရိပ်ရိပ်ပြေးလွှားလိုက်သည့်
ရထားတစ်စင်းအလား…။
---++++++++------
အတိတ်(၁)
“မင်းက ငါတို့မြို့ကို ခုမှပြောင်းလာလို့ မသိတာ အဲဒီအစ်မလှလှလေးရဲ့
အိမ်က သိပ်ဇယားကပ်တာ ပိုက်ဆံချမ်းသာတာချင်းတူတူ တော်ရုံလူလောက်ကို လူရာမသွင်းဘူး မောင်ရေ
မမွန်မွန်ဦးကတော့ သူ့မိဘနဲ့ သူ့ညီမလောက် မာနမကြီးတတ်ဘူးလို့ကြားတာပဲ သူတို့အခန်းထဲမှာ
ငါ့အစ်မလည်း အတူတူကျောင်းတက်လို့သိရတာ စာကလွဲပြီး ဘာကိုမှ လှည့်မကြည့်တတ်ဘူးဆိုပဲ”
“အင်း ရုပ်လေးကတော့ လှပါရဲ့ အနာအဆာလေးနဲ့ကိုး”
“လုပ်ပြန်ပြီ မင်းတို့ရန်ကုန်သားတွေ ဘာလို့များ စကားအနုအရွတွေ
ဒီလောက်သုံးပါလိမ့် မောင်၊ အနာအဆာဆိုတဲ့စကားကို ပြောရရင်တော့ ဟုတ်တယ်လည်းပြောလို့ရမဟုတ်ဘူးလို့လည်း
ပြောလို့ရတယ် ဘာ့လို့ဆို ငွေရှိတယ် မျိုးရိုးမာန်ရှိတယ်ဆိုတာ အနာအဆာမှ မဟုတ်တာကွ”
“ဟ သူက မျိုးရိုးမာန် ဇာတိမာန်ရှိတာမဟုတ်ဘူးကွ ငွေဂုဏ်မောက်နေတာခေါ်တယ်
ဒါမျိုးက”
သူ မနက်ခင်းက အဖြစ်ကို သတိတရဖြင့် ဒေါသကြီးစွာပြောမိသည်။
မနက်ခင်းက ထိုမွန်မွန်ဦးဆိုသည့် ကောင်မလေးကို သယ်ဆောင်လာသည့် ကားသည် သူ့ဘေးမှ ဖြတ်ကာအရှိန်ပြင်းစွာဖြင့်
မောင်းသွားသည်မဟုတ်ပါလား။ မဆန်းပါ။ ငွေရှိသူတို့၏ ကားမောင်းခြင်းကြမ်းသည်မှာ မဆန်းပါ။
ဆန်းသည်က ထိုကားမောင်းခြင်း၏ရလဒ်ကြောင့် သူ့လုံချည်တစ်ထည်လုံး ရွှံ့စင်သွားသဖြင့် အိမ်သို့အမြန်ပြေးကာ
အဝတ်ပြန်လဲရသည်လေ။
မင်းမောင်ကတော့ သူ့စကားကို ပြုံးရုံသာပြုံးရင်း ထိုကောင်မလေးကိုသာ
ကြည့်နေခဲ့သည်။ ၉ တန်းကျောင်းသားတစ်ယောက်၏ မျက်ဝန်းတွင် အချိန်မတန်ခင် ပွင့်သည့် အကြည့်တစ်ချို့မြင်လိုက်ရသလိုလို။
“ဟ ငါ့ကောင် မင်းက သူ့ကို စိတ်ဝင်စားနေတာလား ဒီမှာငါပြောမယ်
မင်းမောင် တက္ကသိုလ်မှာ ကျောင်းသူအချောအလှပေါင်းစုံနဲ့တွေ့ရမှာပဲ ပူမနေနဲက ဟေ့ကောင်
၁၀ တန်းအရင်အောင်အောင်ကြိုးစားပြီးမှ ဘာဘာညာညာစဉ်းစား မင်း ငါ့စကားနားမထောင်ရင် ဦးမြင့်ကို
ငါကိုယ်တိုင် တိုင်ပြောမှာနော်”
“အေးပါကွာ အေးပါ ငါ့အဖေရဲ့ အထက်အရာရှိက မင်းအဖေဆိုတော့လည်း
မင်းက အလိုလိုအော်တိုကို ငါ့အထက်အရာရှိအဖြစ် ငါ့ကို အမိန့်ပေးပြီပေါ့ ဟုတ်လား”
မင်းမောင်၏ ရယ်ဟဟစကားကြောင့် သူစိတ်တိုသွားရရင်း
“ဘာမှမဆိုင်ဘူး သူငယ်ချင်းကောင်းမှန်ရင် မကောင်းမြစ်တာ
ကောင်းရာညွှတ်လက် ဆိုတဲ့ စကားကို လက်ခံကျင့်သုံးရမယ်လို့ ငါ ယူဆထားတာ ငမင်း”
“အေးပါကွာ ငါက စတာပါကွ”
ထိုအချိန်မှာပင် သူ့မျက်ဝန်းသည် တစ်စုံတစ်ခု၏ ညို့ငင်မှု
ခံလိုက်ရသည့်အလား ရှေ့တူရှုမှ ပြန်အကြည့်မလွှဲနိုင်ခဲ့။ မွန်မွန်ဦးဆိုသည့် မိန်းကလေး၏
အကြည့်သည် မင်းမောင်ဆီမဟုတ်ပါဘဲ သူ့ဆီသို့ စူးစူးရှရှကျရောက်လာသတဲ့။ အိုး ဒါ ဘယ်လိုအကြည့်မျိုးမို့
သူမလွှဲနိုင်ရမှာလဲ ဟု စိတ်တင်းရင်း မျက်နှာလွှဲလိုက်မိတော့ တစ်စုံတစ်ရာဆီမှ လွတ်မြောက်လာသည်ကို
ခံစားလိုက်ရသလိုရှိ၏။ ထို့ပြင် တစ်စုံတစ်ခုကို ဆုံးရှုံးသွားသည့်အလား ဟာသွားသည်ကိုလည်း
ခံစားလိုက်မိလေသည်။
---+++---
တသွင်သွင်စီးဆင်းနေသည့် ရေကို မြူးထူးစွာကြည့်ရင်း ပုဆိုးကို
တိုတို ပြင်ဝတ်လိုက်သည်။ ထို့နောက် သံတံတားလေးပေါ်မှာ မိုးရေဖြင့် မချော်အောင် လက်တစ်ဖက်က
ထီးကိုကိုင်၍ လက်တစ်ဖက်က တံတားလက်ရန်းကို ကိုင်ရင်း ကျောပိုးအိတ်ကလေးလုံမလုံလည်း
ကြည့်လိုက်သေးသည်။ ထိုအချိန်မှာပင် ထူးဆန်းသည့် မွှေးပျံ့ပျံ့ရန့်တစ်မျိုးက သူ့နောက်နားမှ
ထွက်ပေါ်လာတာဖြစ်သည်။ ဖြတ်ခနဲ အနောက်သို့ ငဲ့ကြည့်လိုက်ချိန်မှာတော့ မွန်မွန်ဦးနှင့်
စုချစ် ဆိုသည့် ညီအစ်မနှစ်ဦး။ ချောင်းတိမ်ရေကို ဆင်းဖို့ ကားကြီးကို ခွင့်မပြုလေဘူးလားမသိ။
ဒီနေ့မှာတော့ ထိုမြေမနင်းညီအစ်မနှစ်ယောက်သည် သူ့လိုပင် သံတံတားလက်ရန်းကို ကိုင်၍ လမ်းလျှောက်နေခဲ့လေပြီ။
သဘာဝတရားသည် တရားမျှတမှုရှိသည် ဆိုသည့်အတွေးဖြင့် ကျေနပ်ပြုံးတစ်ချက်တော့
ပြုံးမိလိုက်ရသေးသည်။
အတိတ်(၂)
“အစ်မ အစ်မ ရူပဆောင်က ဘယ်ဘက်လဲဟင် ကျွန်တော်တို့ ရှာနေတာ
နှံ့နေပြီ ခုထိ ရှာမတွေ့သေးဘူး ရိုးကောခေါ်တဲ့အခါမရှိရင် အမှတ်လျှော့မှာလားမသိဘူး အစ်မ
တစ်ချက်လောက်ပြောပေးပါနော် ”
သူနှင့်အတူ အိနြေ္ဒရရလျှောက်နေရာမှ ရှေ့တူရှုမှ လျှောက်လာနေသည့်
မိန်းကလေးတစ်သိုက်ဆီ ပြေးသွားသော အောင်လင်းကြောင့် သူ စိတ်ညစ်သွားရရင်း ထိုမိန်းကလေးအုပ်စုထဲသို့ကြည်လိုက်တော့
အောင်လင်းကို ကျော်လွန်၍လာသော မျက်ဝန်းစူးစူးလေးတစ်စုံ သူ့ဆီ ရောက်နေသည်ကို တွေ့ရသည်မို့
စိတ်ဝယ်တစ်မျိုးတစ်မည်ဖြစ်သွားရ၏။ အဖြူအစိမ်းဝတ်မထားသော်လည်း ကျောလယ်ထိရှည်သော ဆံနွယ်ခွေခွေလေးများနှင့်
နှင်းဆီနီနီကိုမှ ပန်ထားသည့် ကျောက်စိမ်းရောင်ဝမ်းဆက်ဖြင့် ထိုမိန်းကလေးကို သူကိုယ်တိုင်လည်း
မှတ်မိလိုက်ပါသည်။ မမမွန် ဟု တိတ်တခိုးသူနာမည်တပ်ထားသည့် မွန်မွန်ဦး ဆိုသည့် မိန်းကလေး။
ရေနံချောင်းဆိုသည့် မြို့ကလေးမှာ တွေ့ရှိခဲ့ဖူးသည့် နှင်းဆီမမသည် မဟာရန်ကုန်ထိ သူနှင့်ဆုံတွေ့နေပါပြီကော။
“အမယ်လေးဟယ် အဲသလောက် ကသောကမျောပြေးလာရလား မင်းမောင်ရယ်
ကိုယ့်အစ်မတစ်ယောက်လုံးကိုတောင် မမြင်ဘဲ မွန့်ကိုပဲ မြင်တယ်ဆိုတော့ နင့်မျက်လုံးက ထူးဆန်းသားပဲ
ဒီမှာ ရှေ့တည့်တည့်ဆက်လျှောက်သွား အဆောင်သုံးခုမြောက်က ရူပဗေဒဆောင်ပဲ သွားတော့”
အောင်လင်း၏ နီရဲပြီး ရှက်အမ်းအမ်းဖြစ်သွားသည့် မျက်နှာနှင့်
ရယ်ကျဲကျဲဟန်ကြောင့် သူပါရောရယ်မိသွားရရင်း အောင်လင်း၏ အစ်မကို နုတ်ဆက်လိုက်သည်။
“ကျေးဇူး အစ်မရေ ကျေးဇူး မနက်ကတည်းက ရှာနေတာ ခုထိ ကင်န်တင်းမထိုင်ရသေးဘူး
လက်ဖက်ရည်တစ်ခွက်ထိုင်မသောက်ရသေးဘူး သွာြး့ပီခင်ဗျ”
--++--
“ဆယ်တန်းအောင်တော့ ရန်ကုန်မှာပဲ ကျောင်းတက်ချင်ပါတယ်လို့
မနည်းပူဆာရတာ အဲဒါတောင် ဖေဖေ့ညီမ အန်တီလေးတို့ရှိတဲ့ မြောက်ဒဂုံမှာမို့ ဒဂုံတက္ကသိုလ်မှာ
ကျောင်းတက်ခွင့်ရတာ ညီမလေးကတော့ မကွေးဆေးမှာပဲ ဆက်တက်တယ်လေ”
“အမှတ်များတော့ ညီမလေးလိုပဲ ဆေးလိုင်းယူဖို့ကို မြန်မာစာပဲ
တက်မယ်ဆိုပြီး ဖေဖေမသိအောင် မေဂျာကို ပြောင်းတင်လိုက်တာ မမဘဝမှာ အဲဒီတစ်ခ့ါပဲ ဖေဖေမသိအောင်
လုပ်ခဲ့တာရှိသေးတယ်”
မမမွန်၏ အသံက သူ့နားဝယ်ကြားတစ်ချက်မကြားတစ်ချက်။ မင်းမောင်ပြောခဲ့ဖူးသည့်
မမမွန်၏ အမေအကြောင်းကို သတိရသည်။ မမမွန်သည် မေမေ ဆိုသည့်စကားကို တစ်ခါဖူးမျှ မသုံးဖူးခဲ့။
ဖေဖေ ဆိုသည့် အသုံးများထပ်နေသော မမမွန်၏ စကားကို မမမွန်၏ မေမေသာ ကြားခွင့်ရှိလျှင်
ဘယ်လိုများနေလေမလဲဟု သူ တွေးနေမိသည်။
“လင်းခက်နဲ့ မမကြား မမ မသိတာ တစ်ခုခုများ ရှိသေးလား ဟင်”
“မရှိပါဘူး မမရဲ့ ဘာလို့မေးတာလဲ”
“လင်းခက်ကို စတွေ့တုန်းကလည်း မမကိုကြည့်တဲ့ လင်းခက်ရဲ့
အကြည့်ထဲမှာ တစ်စုံတစ်ခုကို မြုပ်နှံထားသလိုမျိုး ခံစားရတယ် ဟော အထက်တန်းပြီးလို့ တိုက်တိုက်ဆိုင်ဆိုင်
ဒဂုံတက္ကသိုလ်မှာ ထပ်တွေ့ကြတော့လည်း လင်းလက်က မမကို ရှောင်ဖယ်ရှောင်ဖယ်နိုင်တယ်လို့
ခံစားမိတယ် မမများတစ်ခုခု အမှားလုပ်ခဲ့မိသလားလို့”
“ဟင့်အင်း မဟုတ်ပါဘူး မမနဲ့စတွေ့တုန်းက မမနဲ့ မတွေ့ခင်မှာ
မမအိမ်အကြောင်း နှစ်ခါတိတိသိလိုက်ရလို့ပါ”
“ဘာတွေများလဲ လင်းခက် ပြောပြလို့ရတယ်မဟုတ်လား”
“ရပါတယ် မမနားထောင်ပြီးရင်တော့ စိတ်မဆိုးကြေးပေါ့”
သူ့စကားကို နားစွင့်နေသည့် မမမွန်ကိုကြည့်ရင်း သူပြုံးလိုက်သည်။
ထို့နောက်
“ပထမ ကျောင်းတက်တဲ့နေ့မှာပဲ ဖြတ်သွားမိတဲ့ အိမ်တစ်အိမ်မှာ
ထူးဆန်းတဲ့ ဆိုင်းဘုတ်တစ်ခုတွေ့တယ် မမွန် အဲဒါ ဘာဖြစ်မယ်ထင်သလဲ သိလား”
မမမွန်က သူ့ကို ငေးကြည့်လျက်ရှိဆဲ။
“သတိ- ပိုင်ရှင်ရှိသည် မိမိကိုယ်ကို သူခိုးအဖြစ်မခံပါနှင့်
တဲ့လေ ဆိုင်းဘုတ်က။ ဆိုင်းဘုတ်ထောင်ရလောက်အောင်ထိ ဒီသစ်ပင်က ဘယ်လောက်ထိ တန်ဖိုးကြီးသလဲကြည့်လိုက်မိတော့
အညာတစ်ခွင် ပြဲပြဲစင်အောင် အလေ့ကျပေါက်တတ်တဲ့ စိန်ပန်းနီ တဲ့ မမ ရဲ့ ကဲ ဘယ်လောက်ရယ်ဖို့ကောင်းသလဲ
အဲဒီထိ မထူးဆန်းသေးပါဘူး အိမ်ကို စိတ်ဝင်စားတဲ့အဖြစ်ကိုလည်း မရောက်သေးဘူး နည်းနည်းဆက်လျှောက်လို့
ကျွန်တော့်အိမ်နဲ့တော်တော်ဝေးဝေးရောက်တော့မှ ကားတစ်စီးက ကျွန်တော့်ဘေးက ဖြတ်မောင်းသွားတယ်
ရိုးရိုးဖြတ်မမောင်းပါဘဲ ဗွက်အိုင်ကို ဝုန်းခနဲဒိုင်းခနဲ ကျော်ဖြတ်မောင်းတာ ကျွန်တော့်ပုဆိုးတစ်ထည်လုံး
ဗွက်အိုင်ထဲနစ်သလို ရွှဲရွှဲစိုပါပကောလား အိမ်အမြန်ပြန်လဲပြီး ကျောင်းရောက်လို့ မင်းမောင်ပြောတော့မှ
သိရတယ် အဲဒီကားကော မမကောဟာ အဲဒီအိမ်ကလို့လေ ဒီလောက်ပါပဲ ဆက်စပ်မှုကတော့။”
အားတုံ့အားနာ သဏ္ဍာန်ဖြစ်ပေါ်နေသည့် မမမွန်၏မျက်နှာကို မမြင်ရသယောင်ဆောင်ရင်း
ကျောင်းတော်ကြီးကိုသာ သူငေးကြည့်နေမိသည်။ အောင်လင်း၊ သူ့ကောင်မလေးနှင့် လျှောက်လည်မည်ဟု
ထွက်သွားသဖြင့် ခုတော့ ကင်တီန်းင်မှာ မမမွန်နဲ့ သူ နှစ်ယောက်သားဆုံဖြစ်လေခြင်းမဟုတ်ပါလား။
အခါတိုင်းလို အောင်လင်း၏ အစ်မနှင့် မမမွန်၏ သူငယ်ချင်းများမပါသည်မို့ ဒီနေ့စကားဝိုင်းလေးသည်
အခါတိုင်းထက် တိတ်ဆိတ်နေသည်ဟု ဆိုရမည်။ သို့သော် နွေးထွေးနေသည်ဟုကော ဘာ့ကြောင့်များခံစားနေရပါသလဲ။
“ကျောင်းတက်တော့မယ် မမမွန်”
“ဟင် ဘယ်လိုခေါ်လိုက်တယ်”
သူ့ကိုယ်သူပင် မသိလိုက်ပါဘဲ နှလုံးသားမှ တစ်သီးတစ်ခြားခေါ်ဆိုထားသည့်
နာမည်သည် နှုတ်ခမ်းမှ ခုန်ထွက်လေပြီကော။ အသံမတုန်အောင် သတိထားရင်း
“မမမွန်လို့ ခေါ်လိုက်မိတယ် ထင်တယ် မမ ဆိုတဲ့ နာမည်ထက်
မမမွန် ဆိုတဲ့ နာမည်ကို ပိုပြီး ခေါ်ချင်နေသလိုပဲ မမ မကြိုက်ရင် မခေါ်ပါဘူး မမပဲပေါ့
”
“အိုး ဘယ်သူက မကြိုက်ဘူး ပြောလို့လဲ လင်းခက်က ကလေးမျက်နှာလေးနဲ့
လူကြီးစကားသိပ်ပြောတာပဲ တချို့စကားလုံးတွေဆိုရင် သိပ်ရင့်ကျက်တည်ငြိမ်နေတဲ့ပုံနဲ့ ပြောတော့
မမမွန်ဖြင့် လင်းခက်နဲ့ စကားပြောဖို့ကို သိပ်ကြောက်တာပဲ ကိုယ်က လူကြီးလိုပြောရမယ်လူကြီးလိုပြောရမယ်
ဆိုတဲ့ အတွေးကြီးပဲဝင်နေမိတော့တာ”
“ကျွတ် မလိုပါဘူး မမမွန်ရယ် ကျွန်တော်က ဒီလိုပဲ ပြောတတ်လို့ပါ
”
“အေးပါအေးပါ”
--++--
အတိတ်(၃)
“မိန်းမရေ တစ်နေ့က ကိုယ် ဦးကျော်ဇော နဲ့ တွေ့ခဲ့တယ် သူက
ဘာပြောတယ်ထင်လဲ”
“ဘယ်တွေးတတ်မလဲ ယောက်ျားရဲ့”
နယ်မှ ပြန်ရောက်ကတည်းက အိမ်မှာသာ နားနေသည့် ဖေဖေသည် ထိုနေ့နံနက်ခင်းမှာတော့
မေမေ့ကို နာမည်တစ်ခုကို အထူးပြု၍ စကားဆိုခဲ့သည်။
“အင်း သူ့သမီးနှစ်ယောက်လုံးအတွက် ရည်မှန်းချက် အပြည့်ထားထားတယ်
တဲ့ ခက်တာက အဲဒီစကားကို ဘာ့ကြောင့် ကိုယ့်ကို
ပြောတာလဲဆိုတာကို မသိတာခက်နေတယ်၊ ခရီးသွားဟန်လွှဲ ပြောသွားတဲ့ ပုံမျိုးလည်းမဟုတ်ဘူး
သူပြောချင်တာကတော့ သူ့သမီးနှစ်ယောက်အတွက် ရည်မှန်းချက်တွေနဲ့ တစ်ခါတည်းလမ်းခင်းပေးထားတယ်ပေါ့လေ
ကိုယ်ကကော ကိုယ့်သားအတွက် ဘာတွေ လမ်းခင်းထားသလဲ ဘယ်လိုထိန်းချုပ်ထားသလဲဆိုတဲ့ မေးခွန်းဆန်ဆန်စကားလုံးကိုပါ
သူသုံးသွားခဲ့တာ သားကော ဦးကျော်ဇော်နဲ့ ကိုသိလား ရေနံချောင်းမြို့ကလေကွာ”
“ကိုရင်ကလည်း သားကိုဘာတွေမေးနေတာလဲ သူ့ဘာသူ ဥစ္စာရူး ရူးနေတဲ့သူက
ကြိုက်သလောက်ပြောပါစေ ဂရုစိုက်မနေနဲ့ သူကသာ သူ့ကိုယ်သူ ချမ်းသာတယ်ဆိုပြီးဘဝင်မြင့်နေတာ
သူချမ်းသာသလောက်ကတော့ ရန်ကုန်မှာ လက်လုပ်လက်စားတွေကို ငွေတိုးချေးစားလို့ပဲ ရမယ်”
“မဟုတ်ဘူး မိန်းမရဲ့ အေး ဒီလူရဲ့ အမှုတွဲထဲ ကိုယ်တို့သားလေး
ပါသွားမှာကြောက်တာ ရေနံချောင်းမှာတော့ ဒီလူ့သတင်းက မွှေးသားပဲ ကုန်တွေ ဈေးနှိမ်ဝယ်တာကအစ
ငွေတိုးချေးစားတာအဆုံး။ နောက် စီမံကိန်းကိစ္စတွေထဲလည်း ဝင်တယ်ဆိုပဲ အထက်ဘက်တွေနဲ့ တော်တော်ရင်းရင်းနှီးနှီးပေါင်းထားနိုင်တဲ့သူလို့
ကြားတယ် ဝံပလွေလို လူစားပဲကွ ငါ့သားကို ဒီလိုလူစားနဲ့တော့ မရင်းနှီးစေချင်တာ အမှန်ပဲ
ဒါ့ကြောင့်မေးကြည့်နေတာ”
“ ဦးကျော်ဇော်ကို သိတော့သိတယ် ဖေဖေ ဒါပေမယ့်ရေးတေးတေးပဲ
မှတ်မိတယ် သားကျူရှင်သွားရဦးမှာမို့ ရေချိုးလိုက်ဦးမယ် ”
ပြောပြောဆိုဆိုနှင့် ထဖို့ရာပြင်တော့ ဖေဖေက မတားပါ။ သို့သော်
ဖေဖေ့မျက်ဝန်းတွင် မေးခွန်းတစ်ခုဖြတ်စီးနေသလို ခံစားလိုက်ရ၏။ ရေနံချောင်းမှာ နေခဲ့သည့်
နှစ်နှစ်အတောအတွင်း ဦးကျော်ဇောဆိုသည့်သူသည် မမမွန်၏ အဖေမှန်းသိခဲ့ပါလျက် ဘာ့ကြောင့်များ
ရေးတေးတေး သိတယ် ဟု ပြောလိုက်မိပါသလဲ။ အမှန်တကယ်ကို သူနှင့် မမမွန်ကြား တစ်စုံတစ်ခုမရှိဘူးလား။
ဖြေရခက်သည့် မေးခွန်းများကို အုတ်ကန်တွင်းမှ ညသိပ်ရေအေးအေးကို ခေါင်းပေါ်လောင်းချလိုက်ခြင်းဖြင့်
ရှောင်ထွက်လိုက်မိ၏။ ဒီချိန်ဆို မမမွန်သည်လည်း သူ့အိမ်တွင် စာကျက်လျှက်ရှိပေလိမ့်မည်။
လာမည့် တနင်္လာနေ့ဆိုလျှင်တော့ မမမွန်နှင့်ကျောင်းမှတွေ့ခွင့်ရပြီမို့ မမမွန်နှစ်သက်သည့်
နှင်းဆီနီရဲရဲလေးကို ခူးသွားဦးမည်ဟု စိတ်မှာ တေးထားလိုက်မိသည်။
--++--
သူပေးသည့် နှင်းဆီနီနီကို ပန်ရင်း မမမွန်က
“ဒုတိယနှစ် က စာတွေ သိပ်ခက်သလား လင်း မမမွန်တော့ တတိယနှစ်ကို
တစ်နှစ်လောက် ကျအောင်ဖြေကြည့်ရင် ကောင်းမလား စဉ်းစားနေမိတယ်”
“မခက်ပါဘူး မမမွန်”
အဖြေနှင့်အတူ မမမွန်ကို ကြည့်မိတော့ မမမွန်က မသိကျိုးကျွံပြုနေသယောင်ရှိ၏။
“ဒီနေ့ ပရက်တီကယ်(Practical) ရှိတယ် စောစောသွားမှရမယ်
ဟိုကောင် အောင်လင်းကလည်း ခုထိ ဘာလို့ ပေါ်မလာသေးပါလိမ့်”
မမမွန်က တိတ်ဆိတ်နေမြဲ။
“ရယ်စရာပြောရဦးမယ် မမမွန်ကို။ တစ်နေ့က ပရက်တီကယ်(Practical)
က ဘာလုပ်ရသလဲ သိလား အရောင်တစ်ရောင်စီရှိတဲ့ အရည်နှစ်ခုကို ခွက်ထဲထည့်ပြီး အဖြူရောင်
ရအောင်စမ်းသပ်ရတာလေ သူ့ဘာသူ အရောင်ကိုယ်စီနဲ့ လှနေတဲ့ အရည်နှစ်ခုကို ပူးပေါင်းပြီးအရောင်ဖျောက်ဖို့ကြိုးစားနေတဲ့
ကျွန်တော်တို့က အရူးတွေလိုပဲ သဘာဝအလှကို ဖျက်ဖို့ကြိုးစားနေသလို ခံစားလိုက်ဂရတယ်”
မမမွန်က အနည်းငယ် တွေဝေစွာ ပြုံးရင်း
“ရယ်စရာ ဆိုတာထက် မမမွန် တစ်ခုတော့ သိချင်စိတ်ပြင်းပြင်းပြပြဖြစ်မိသား
လင်းရေ”
မမမွန်၏မျက်နှာကို စေ့စေ့ကြည့်လိုက်မိတော့ ယခင်အတိုင်း
သူ့မျက်ဝန်းများသို့ ထိုးဖေါက်တော့မည့်အလား စူးရှလင်းလက်လွန်းသည့် မမမွန်၏ မျက်ဝန်းများကို
တွေ့ရသည်။
“အရောင်ပါတဲ့ သံယောဇဉ်နှစ်ခုကို အဖြူထည် ပြောင်းအောင်
ဘယ်လိုအရာထည့်သွင်းဖေါ်စပ်ရမလဲ ဆိုတာ သိချင်စမ်းပါရဲ့ကွယ် ကဲ သွားချင်သွားတော့လေ ဟိုမှာ
မောင်အောင်လင်းတောင် လာနေပြီ”
အောင်လင်းကို အချက်ပြရင်း ရူပဗေဒကျောင်းဆောင်ဘက်သို့ ခြေသီးလှည့်လိုက်မိသော်လည်း
စိတ်အတွေးမှန်သမျှသည် မမမွန်၏ မေးခွန်းတွင် နစ်ဝင်ကျရှုံးခဲ့သလိုလို။
အတိတ်(၃)
“မေမေ တဲ့ တစ်ခါမှ မမမွန် မတွေ့ဖူးတဲ့ မိန်းမကြီးတစ်ယောက်ကို
အိမ်ခေါ်လာပြီး မေမေ တဲ့ လင်းရယ် ”
ရှိုက်ကြီးတငင်ငိုနေပါသော မမမွန်ကိုကြည့်၍ သူ မည်သည့်စကားနှင့်
နှစ်သိမ့်ရမည်မသိ။ ကျောင်းပိတ်သည့်အတောအတွင်း ဖေဖေတာဝန်ကျသည့် ရေနံချောင်းမြို့လေးသို့
လိုက်လာခြင်းသည်ပင် မမမွန်၏ စိတ်အားငယ်မှုကို နှစ်သိမ့်ဖို့ရာဖြစ်လာလေသည်။
“ညီမလေးကတော့ အဲဒီနေ့ကတည်းက ဖေဖေ့ကို ဘာစကားမှ မပြောတော့တာ
ခုထိပဲ”
“အဲသလောက်လည်း စိတ်မကြီးကြပါနဲ့လား မမမွန်ရယ် တစ်ပင်လဲမူတစ်ပင်ထူ
ဆိုတဲ့ စကားလည်းရှိတာပဲ မမမွန်ရဲ့ မေမေနဲ့အနေ ဝေးသွားတာ ကြာခဲ့ပြီမဟုတ်လား”
“အဟင်း မမမွန်တို့ အိမ်ကို လိုက်ခဲ့ကြည့်မလား လင်း၊ မီးဖိုချောင်မှာ
တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့ ဆံပင်ဖွာရာကြဲနဲ့ မိန်းမကြီးတစ်ယောက်ကို တွေ့ရလိမ့်မယ်
အဲ ဒီထက်ပိုပြီးသေသေချာချာလေ့လာကြည့်ရင် အဲဒီမိန်းမကြီးရဲ့ ပခုံးနှစ်ဖက်မှာ အမာရွတ်ရာဗလပွတွေတွေ့လိမ့်မယ်
ဘာ့ကြောင့်လဲ သိလား ငယ်ငယ်တုန်းက မိုးညှင်းဘက်ကို ဖေဖေသွားတုန်းက လမ်းမှာ ဓါးပြတိုက်ခံထိတယ်လေ
အဲဒီမှာ မမမွန်ကိုယ်ပေါ်ကို ရောက်လာတဲ့ ဓါးချက်တွေကို အဲဒီပုခုံးနှစ်ဖက်နဲ့ ဝင်ခံပေးခဲ့တာပေါ့
အဲဒီမိန်းမကြီး က မမမွန်တို့ရဲ့ အမေပဲ ဟုတ်တယ်။ နဖူးမှာ ကျန်နေတဲ့ အမာရွတ်ကြောင့်ကော
ပုခုံးနှစ်ဖက်က သာမန်နဲ့မတူတော့လို့ကော မေမေက အပြင်ထွက်ဖို့ သိမ်ငယ်စိတ်ဝင်သွားခဲ့တာ
ခု ခု မမမွန်ရဲ့ မေမေက အနှိမ်ခံဘဝနဲ့ မယားပြိုင်ဆိုပြီးတက်လာတဲ့ မိန်းမကိုပါ ဝတ်ကြီးဝတ်ငယ်ပြုစုရတော့မှာလား”
ဆွံ့အစိတ်နှင့်အတူ မည်သည့်စကားမျှ သူမဆိုနိုင်တော့။ ယောက်ျားတစ်ယောက်၏
သွေးသားလိုအပ်ချက်သည် တစ်ခါတစ်ရံ၌ သစ္စာ၊ မေတ္တာဆိုသည့် စကားလုံးလေးများအား ကျောခိုင်းစေနိုင်စွမ်းရှိကြောင်း
မမမွန်ကို ပြောပြဖို့ရာ သူမတတ်နိုင်တော့။
--++--
“ရက်စက်လိုက်တဲ့ အဖိုးကြီးကွာ သူ့အိမ်ဖေါ်လို့ ငါတို့ထင်ထားတာ
သူ့မယားကြီးတဲ့ ကွ”
မင်းမောင်၏ ပြောစကားကို နားထောင်ရင်း သူ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
“ထားပါတော့ကွာ မင်းက မြန်မာစာ မေဂျာယူတယ်ဆို ဘာလဲ မမနဲ့
မေဂျာတူအောင်လို့လား”
သူ့စကားကြောင့် မင်းမောင်က အလန့်တကြားဟန်နှင့်
“ဟေ့ကောင် ငလင်း ဒီစကားဒီမှာတင်ရပ်တော့ ငါ့ဘာသာ စိတ်ဝင်စားလို့ယူတာနော်
မမနဲ့မေဂျာတူအောင်မဟုတ်ဘူး မင်းမပြန်သေးဘူးမဟုတ်လား မင်းကို ငါ့ကောင်မလေးနဲ့မိတ်ဆက်ပေးရဦးမယ်
တစ်ရက်လောက်ကျ။ မမလောက်လှချင်မှလှမယ် ဒါပေမယ့် သဇင်လည်း သဇင်အလျောက်မွှေးသလို စံပယ်ကလည်း
စံပယ်အလျောက် ရင်ကိုမွှေးပျံ့စေတာပဲကွ အဓိက ကတော့ သူ့ကို ငါချစ်တယ် သနားချစ်နဲ့”
“အမယ်လေးကွာ မြန်မာစာကျောင်းသားကြီးရယ် ဥပမာဥပမေယျတွေနဲ့
ပြောနေလိုက်တာများ။ ငါသိပါတယ်။ ရုံးစောင့်ကြီး ဦးသန်းရဲ့ သမီးထွေးမဟုတ်လား တို့ကျောင်းတက်တုန်းကဆို
အဲဒီကောင်မလေးက ဘာကိုမှ ဂရုမစိုက်တဲ့ပုံစံနဲ့ ရှေ့တူရှုကိုပဲ အမြဲကြည့်လျှောက်တတ်တဲ့
ကောင်မလေးလေ ဟုတ်တယ်မလား”
“ဟေ မင်းက ဘယ်လိုလုပ် သိတုန်း ရေနံချောင်းကသတင်းတွေ မင်းဆီအမြဲရောက်တယ်ပေါ့”
“ဒီလိုပဲပေါ့ကွာ ဆရာဆိုတော့လည်း အကြားအမြင်ပေါက်နေတာပါ”
မင်းမောင်ကို အရွှန်းဖေါက်လိုက်ရင်း မင်းမောင်၏ညီနှင့်
ပြောခဲ့သမျှစကားကို ပြန်ကြားယောင်ကာ သူရယ်ချင်လာမိသည်။ မင်းမောင်ကတော့ ဘယ်သူပြောသလဲ
တကူးတကတွေးနေဦးမည်ထင့်။ အဓိကတရားခံကတော့ သူ့ညီဖြစ်ကြောင်း သိဦးမည်မဟုတ်သေး။
“မေးပါဦးမယ် ဘွဲရပြီးရင် မင်းက ဘာလုပ်မှာလဲ မင်းအဖေလိုပဲ
အစိုးရအလုပ်ပဲ လျှောက်မှာလား”
“မဟုတ်ဘူး ခု ဦးလေးဆီမှာ ကားဝါယာရိန်းအပြင် ဒူးဆစ်ပိုင်းဆိုင်ရာကိုလည်း
တစ်ခြားဝပ်ရှော့မှာ သင်ထားသေးတယ် ဒီကပြီးရင်တော့ သင်္ဘောလိုက်ဖို့စဉ်းစားထားတယ် ငယ်တုန်းမှာ
ပိုက်ဆံတွေအများကြီးရှာ အသက်၃၀ လောက်ကျရင် မြန်မာနိုင်ငံမှာပဲ မိဘနဲ့အတူနေပြီး အိုးမကွာအိမ်မကွာ
အလုပ်လုပ်ဖို့စဉ်းစားထားတယ်”
“အင်း ငါလည်း သင်ချင်လိုက်တာကွာ ဒါပေမယ့် ငါလည်း ဆိုင်ကယ်ပြင်တာနဲ့
ဆေးတာတော့ တတ်နေပါပြီ သိတယ်မဟုတ်လား ဒို့အညာက ရမ်းဘီလူးဆိုင်ကယ်တွေအကြောင်း”
“အဟား ရေနံချောင်းမှာက ဆိုင်ကယ်တွေ သိပ်မများတော့ စည်းကမ်းမဲ့မောင်းတာက
သိပ်မသိသာဘူးကွ မန်းလေးမှာသာ သိသာတာ ဆိုင်ကယ်များသလို ကားတွေလည်းများတဲ့အခါ ဆိုင်ကယ်နဲ့ကား
ခဏခဏအက်ဆီးဒန့်ဖြစ်ဆိုပဲ”
မင်းမောင်နှင့် လမ်းလျှောက်ပြန်လာရင်း ဆိုင်းဘုတ်တစ်ခုကိုတွေ့တော့
ဘာရယ်မဟုတ်ငေးကြည့်မိပြန်သည်။ မိမိကိုယ်ကို အခိုးခံပစ္စည်းအဖြစ် စိတ်တူကိုယ်တူ အခိုးခံလိုက်သည့်
ဦးကျော်ဇောကြီးသည်ကော ဒီဆိုင်းဘုတ်ကိုတွေ့လျှင် အရှက်မရလေဘူးလား ဟူသည့်အတွေးကိုဖြင့်
မင်းမောင်ကို မပြောဖြစ်လေတော့။
“သတိ- ပိုင်ရှင်ရှိသည် မိမိကိုယ်ကို သူခိုးအဖြစ်မခံပါလေနှင့်”
တဲ့လေ။
--+++----
အတိတ်(၄)
တတိယနှစ်ကျောင်းတက်ချိန်များသည် မမမွန်မရှိသဖြင့် အဘယ်မျှအထီးကျန်ကြောင်း
သတိထားလိုက်မိသည့်အချိန်မှာတော့ ပထမဆုံးနှစ်ဝက်စာမေးပွဲဖြေအပြီးတွင်ပင် ဖေဖေ့ဆီသို့
ခေတ္တမျှသွားလည်ဦးမည် ဟူသည့် အကြောင်းပြချက်ဖြင့် ရေနံချောင်းမြို့လေးသို့ သူ ရောက်ရှိခဲ့ပါတော့သည်။
သူနှင့်မမမွန်ဝေးကွာနေသည့် ထိုနှစ်ဝက်လေးအတွင်းမှာပင်
မမမွန်သည် သင်တန်းပေါင်းစုံမှာ လက်မှတ်များ ရယူထားကြောင်းကိုလည်း မင်းမောင်မှတစ်ဆင့်သိလိုက်ရသေး၏။
မမမွန်နှင့် သူ့အတွက် တွေ့ဆုံဖို့ရာ သိပ်မခက်လှပါ။ လမ်းဘေးဖုန်းဆိုင်မှ
မမမွန်၏ ဖုန်းနံပါတ်ကို လှမ်းခေါ်လိုက်ရုံဖြင့် သူရောက်ရှိနေပြီမှန်း မမမွန်သိလေပြီ။
“မမမွန် ကို အရေးတကြီးပြောစရာရှိလို့ ရေနံချောင်းကို အရောက်လာခဲ့တာလို့
ပြောရင် မမမွန်က ယုံမှာလား”
“မယုံချင်ဘူး လင်း”
မမမွန်၏ စကားကြောင့် သူ ဆတ်ခနဲဖြစ်သွားရသည။် မယုံတာမဟုတ်ပါဘဲ
မယုံချင်ဘူးတဲ့လား။
“ဖေဖေချိတ်ထားတဲ့ ဆိုင်းဘုတ်ကိုကြည့်ပြီး လင်းက အမြဲ မကျေမနပ်ဖြစ်ခဲ့သလိုပဲနော်
ခုလည်း မမမွန်ကို ဆိုင်းဘုတ်နဲ့ ဘယ်မှမသွားမလာနိုင်အောင် ချုပ်ထားတယ် လို့ပြောရင် လင်း
စိတ်ဆိုးဦးမလားဟင် ဒါပေမယ့် ဒီတစ်ခါတော့ စိတ်မဆိုးပါနဲ့ မမမွန်ကိုယ်တိုင်ကိုက အလိုတူအလိုပါမို့ပါ”
မမမွန် ဘာစကားတွေ ပြောနေတာလဲ ဟု အရှက်သည်းသည့်စိတ်ကြောင့်
အော်ဟစ်တားမြစ်ချင်မိ၏။ သို့သော် မမမွန်ကို တားဖို့ရာ မတတ်စွမ်းသာ။
“သိလား မမလေ မေမေ့အတွက် ဖေဖေ့ပွဲရုံမှာ ဝင်နေတာကြာပြီ။
ပြီးတော့ အကျိုးတူပူးပေါင်းနေတဲ့ စီးပွားဖက် ကိုဝေလွင်နဲ့ ရင်းရင်းနှီးနှီးနေဖို့လည်း
ကြိုးစားရဦးမယ်
လင်း ဘာစကားမှ မဆိုနဲ့နော် ဒီနေ့ တိတ်တိတ်လေးနေပြီး နားထောင်ပေးသွားပါ
နော်”
မမမွန်၏ စကားကို နားထောင်ရင်း အအေးဆိုင်လေးနှင့် မျက်စောင်းထိုးရှိ
တစ်ပင်လုံးနီရဲနေသည့် စိန်ပန်းပင်ကို ငေးကြည့်နေမိသည်။
“ဟိုးငယ်ငယ်လေးထဲက ကျောင်းကနေပြန်လာပြီဆိုတာနဲ့ မေမေက
အိမ်မှာပဲ ချက်ပြုတ်အဝတ်လျှော် ဒါတွေနဲ့ပဲ အချိန်ကုန်နေခဲ့တာ အိမ်ဖေါ်ထားတော့လည်း အိမ်ဖေါ်ငယ်ငယ်လေးတွေက
တစ်ပတ်တစ်လလောက်ကြာပြီဆိုရင်ကိုပဲ ဖေဖေအရက်မူးလာတဲ့အခါ ဝင်ပြီး တွဲချင်လာကြာပြန်ရော
အဲသလိုနဲ့ အိမ်ဖေါ်မမြဲတဲ့အခါ ကြာတော့ မေမေလည်းကျင့်သားရသွားတယ်ထင်ပါရဲ့ အိမ်ဖေါ်ထပ်မခေါ်တော့ဘူးလေ
အဲဒါကို ကြည့်နေခဲ့ရတဲ့ မမစိတ်မှာ ဘယ်လောက်ထိ အစိုင်အခဲကြီးနေခဲ့သလဲ မသိဘူး ဟိုမိန်းမကြီးကို
ဖေဖေခေါ်လာပြီးကတည်းက အိမ်ကနေ မေမေနဲ့အတူ ထွက်ပြေးချင်တဲ့အတွေးပဲ ရှိနေတယ်”
“အခု အဲဒီအတွေးကို လက်တွေ့အကောင်အထည်ဖေါ်လို့ရတော့မယ်လေ
ဖေဖေ့အလုပ်မှာ ကူရင်းကတစ်ဆင့် ပွဲရုံနားမှာ မေမေနဲ့အတူ နေဖို့ကြိုးစားပြောထားတယ် လင်းရေ
မမက ခု မေမေနဲ့ အတူနေပြီး ညီမလေး ကျောင်းပြီးပြီဆိုတာနဲ့ ကိုဝေလွင်လည်း လက်ထပ်ချင်ပြီဆိုတာနဲ့
မေမေ့ကို ညီမလေးလက်မှာ ထားခဲ့ရမှာ ဒီအတောအတွင်းတော့ မေမေ့အတွက် အစစအရာရာဖြည့်ဆည်းပေးပြီး
နေခွင့်ရတော့မယ် မမအတွက် မပျော်ဘူးလားဟင် လင်း”
သြော် မပျော်ဘူးလား မေးသူ၏ မျက်ဝန်းမှာ မျက်ရည်ကြည်တွေ
တစ်လက်လက်တောက်လို့။ သူကတော့ ဘာစကားမျှ မဆိုနိုင်အောင်ပင်အပြောင်းအလဲမြန်လွန်းလှသည့်
လောကကို ကြိတ်ကာ ကျိန်ဆဲနေမိချင်သလိုလို။
“လင်းကော ဘွဲ့ရပြီးရင် ဘာလုပ်မှာလဲဟင် လင်းဖေဖေလိုပဲ စက်မှုဌာနမှာ
ဌာနမှူးကြီးဖြစ်အောင်လုပ်သင့်တာ ခုက အင်ဂျင်နီယာလိုင်းမဟုတ်တော့ ဘယ်လိုင်းကို လိုက်မလဲ
စိတ်ဝင်စားမိသား”
စကားအပြောင်းကလည်း မြန်ပါ၏။ တစ်ဖက်သား၏ ဘဝကိုလည်း ဝင်စွက်ဖက်သလိုရှိ၏။
သို့သော်သူ စိတ်မဆိုးမိ။
“ကျွန်တော် ကျောင်းပြီးတာနဲ့ သဘောင်္လိုက်ဖို့ ပြောထားတယ်
ဦးလေးဆီမှာ ”
မမမွန်၏ မျက်နှာသည် တစ်စုံတစ်ခုကို ကျေနပ်သလိုဟန်လည်း
ရှိ၏။ တစ်စုံတစ်ခုကို ဝမ်းနည်းသယောင်လည်း ရှိလေသည်။
“စောနက မမမွန်ကို အရေးတကြီးပြောစရာရှိလို့ဆိုတာ ဘာလဲ လင်း
ပြောလေ မမမွန်၇ဲ့ အကြောင်းတွေ ပြောလိုက်ရလို့ တော်တော်တော့ စိတ်ပေါ့သွားပါပြီ လင်းကော
ဘာပြောဦးမလဲ”
“ဟင့်အင်း မရှိပါဘူး ဒီတိုင်းသက်သက် နောက်လိုက်ရုံပါ”
မနောက်စဖူးအနောက်ထူးသည့် သူ့စကားသံကို မမမွန် သတိပြုမှပြုမိပါလေစ။
--++---
“အဟမ်း ”
ချောင်းဟန့်သံသည် ပစ္စုပ္ပန်တွင်းသို့ သူ့ကို
ပြန်လည်ခေါ်ယူလိုက်သလိုရှိ၏။ မမမွန်သည် သူ့ကို ငေးမြဲငေးလျှက်ရှိဆဲ။
“ကျောင်းထဲကို အလည်လာတာလား မမမွန် ဘယ်တုန်းက
ရန်ကုန်ရောက်တာလဲ မိသားစုအရေးကိစ္စကော အဆင်ပြေရဲ့လား”
“လင်းကော ဘာတွေ လုပ်ဖြစ်လဲ ဒီရှစ်နှစ်တာအတွင်း”
အမေးကို အမေးနှင့်တုန့်ပြန်သည့် အသံကို
သူ လှည့်မကြည့်မိ။
“ကျွန်တော်လား ပြောခဲ့သလိုပါပဲ သဘောင်္ပဲ
လိုက်နေခဲ့တာပေါ့ မမမွန်ကော”
ဒုတိယအကြိမ် ထပ်မေးလိုက်မိပြန်သည်။
“မမမွန်လည်း ပြောခဲ့ပြီးသားစကားလိုပဲပေါ့
လက်မထပ်ခင် စိတ်ပြေလက်ပျောက်အနေနဲ့ ရန်ကုန်က အန်တီလေးတို့ဆီ ခဏထွက်လာတာလေ အဲဒါ ကိုယ်တက်ခဲ့တဲ့
ကျောင်းကို သတိတရသွားကြည့်ပါဦးမယ်ဆိုပြီး ထွက်လာတာ တိုက်တိုက်ဆိုင်ဆိုင် လင်းနဲ့တွေ့တာပဲ”
တိုက်ဆိုင်မှုတိုင်းသည် သူ့အတွက်တော့ ကံဆိုးစရာတွေ
ပေါများလွန်းလေသည်လား။။
“ပွဲက ရေနံချောင်းမှာ လုပ်မှာဆိုတော့ လင်းလာနိုင်ပါ့မလား
လင်းဖေဖေကလည်း ဌာနပြောင်းသွားပြီဆိုတော့ လာလို့ အဆင်ပြေပါ့မလား လင်း”
“မမမွန် က လာစေ့ချင်လို့လား”
“လာခဲ့ပါ လာစေ့ချင်ပါတယ် သံယောဇဉ်ပဲဖြစ်ဖြစ်
ရန်သူပဲဖြစ်ဖြစ် အမြစ်ပြတ်အောင် ချေမှုန်းတတ်ရတယ် လင်းရဲ့”
ထိုစကားကို ဆိုနေသည့် မမမွန်၏ အသံသည် ပကတိ
တည်ငြိမ်လွန်းလှသည်။ သူ့အသံကို တည်ငြိမ်အောင်ထိန်းကာ
“အလုပ်မစခင်စပ်ကြားဆိုရင်တော့ လာကောင်းလာနိုင်ပါရဲ့
ဘာဖြစ်ဖြစ် ဖိတ်စာသာ ပို့လိုက်ပါ မမမွန် ၀၉********* ဒါက ကျွန်တော့်ဖုန်းနံပါတ်ပါ ဖိတ်စာပို့မရတောင်
ဖုန်းနဲ့ လှမ်းဆက်ပြီး လာနိုင်မလာနိုင်မေးလို့ရပါတယ် ကဲ ကျွန်တော် ရူပဆောင်ဘက် တစ်ချက်လျှောက်ကြည့်လိုက်ဦးမယ်
မမမွန်ကော ဒီမှာပဲ နေခဲ့မလား လိုက်ခဲ့ဦးမလား”
“နေခဲ့မယ် လင်း မမမွန် နေခဲ့တော့မယ်”
ခေါင်းတစ်ချက်ငြိတ်ပြအပြီး ထွက်လာသည့် ခြေလှမ်းတို့သည့်
လေးလေးပင်ပင်နိုင်လွန်းလှသည်။ ရွက်ခြောက်များကို နင်းခြေမိရာမှ ထွက်ပေါ်လာသည့် ချိုးချိုးချွတ်ချွတ်အသံသည်
ယခုမှပင် တစ်စစီပဲ့ကျသွားသည့် နှလုံးသားကြွေသံ ဟု ထင်မိရတော့ချေပြီ။ အတော်ဝေးဝေးရောက်မှ
အနောက်ဆီသို့ လှည့်ကြည့်မိတော့ ငိုနေသည်။ ယမင်းရုပ်လေး ငိုနေသည်။ ကိုယ်လေးကို တစ်သိမ့်သိမ့်ခါကာ
ငိုနေသည့် ယမင်းရုပ်လေးမမမွန် အတွက် ဖြည့်ဆည်းခွင့်မရှိသည်မို့ ရှေ့ခရီးကို ဆက်ဖို့ပြင်တော့
ရှိုက်သံတစ်ချို့သည် သူ့နှလုံးသားသို့ပင် လာရောက် စဉ်သယောင်ယောင်။
သြော် ဤတစ်ကြိမ်မှာလည်း ချစ်ခြင်းမေတ္တာသည်
တရားမျှတမှု ရှိခဲ့ပါ၏။ တရားမျှတမှု ရှိခဲ့ပါသည်လေ။
“ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦှးနှင့်၊
ပျံ့ပျူးခြုံသိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊
ထွေထွေစွန်းက၊ ရေသွန်းသာကြည်၊ …….ပျော်ရမည်ကို”
စိတ်ပြေလျော့လေမလား ဆိုသည့် အတွေးဖြင့်
သီချင်းစာသားတချို့ကို တီးတိုးရွတ်ဆိုမိတော့ လေးပင်နေသည့် ခြေလှမ်းသည် ပို၍ပို၍လေးပင်သယောင်ယောင်ရှိ၏။
သို့သော် ရှေ့ခရီးဆိုသည်ကား လူတိုင်း ဆက်လှမ်းကြရမည်မို့ ခြေတို့သည် လေးပင်စွာနှင့်
ခရီးဆက်လျှက်…ရှိဆဲ။
“ပိတောက်တွေ ရွှေရည်လူးကြမယ့်အနေ ပုလဲငုံ
စံပယ်တွေ ဖူးခိုက်ဝေဝေ ပန်းမျိုးစုံရာသီစုံ ကူးခဲ့ပေါ့လေ….”
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်