Thursday 13 March 2014

ငြိမ်ငြိမ်..နေ


နာဖျားမှုနည်းနည်း ဆွတ်လိမ်းထားတဲ့ နေ့လယ်ခင်းမှာ ကျွန်တော်တစ်ယောက်တည်း။ တစ်ခါတစ်လေကျ ဘယ်သူမှမသိတဲ့ ဒဏ်ရာအနာတရတွေကို ဆုပ်ကိုင်ထားရတာကိုက ဘဝပီပီသသ နာကျင်စူးရှလို့။ အိပ်မက်တွေ မမက်တော့ဘူး။ ဒါမှမဟုတ် အိပ်မက်တွေ မမှတ်မိတော့ဘူး။
ဒါမှမဟုတ် ကျွန်တော် မက်နေခဲ့မိတာကိုက အိပ်မက်အသေတွေဖြစ်မယ်။

--++--
စက်ဝိုင်းကြီးရဲ့ အလယ်မှာ တစ်ယောက်တည်းရှိနေရင်း မြင်မြင်ရာက ပင်လယ်ရောင်တွေချည်း ရှိနေတယ်။ ခံစားမှုဆိုတာ ဘယ်ကမ္ဘာကနေ ကျွန်တော့်ဆီ ခုန်ဆင်းလာသလဲမသိဘူး။ ခုတော့ ကျွန်တော့်မှာ သူ့ကြောင့် နာနာဖျားဖျားနဲ့ ရိပ်ခနဲ ရိပ်ခနဲ မူးအုံနေတဲ့ ဦးခေါင်းကို မနည်း မ ကြည့်နေရတယ်။
လိမ့်ဆင်းကျလာတဲ့ မျက်ရည်တွေက သိပ်အပူမဆန်တာမို့ ကျွန်တော် ကျေနပ်တယ်။ ကျွန်တော့်အတွက်တော့ မျက်ရည်ဆိုတာ ရင်တစ်ခုလုံးနင့်နေတောင် ကျချင်မှ ကျတတ်တဲ့ အမျိုးအဆွေပဲ။ ခုတော့ ကျွန်တော့်အမျိုးအဆွေလေးက လမ်းခုလတ်ကနေ တစ်လိမ့်ချင်းဆီ ပြိုလို့။
မနေ့တစ်နေ့ကမှ မထင်မှတ်ဘဲ ကျလာတဲ့ စာရင်းဇယားအရှုပ်တွေကို ဘယ်စာရင်းစစ်ခေါ်ပြီး ရှင်းထားရမလဲ တကယ်မသိဘူး။ တစ်နေ့တစ်နေ့ အရူးတစ်ယောက်နဲ့နေထိုင်ခြင်းဆိုတဲ့ခေါင်းစဉ်ကိုပဲ ချရေးရမလား။ ဘယ်ချိန်ကိုယ့်သတ်သွားမလဲ ဆိုတဲ့ အတွေးပဲ တွေးနေရမလားနဲ့ ဒီစာရင်းဇယားအရှုပ်က တော်တော်ဆိုးတယ်။ တစ်ခုတော့သေချာတယ်။ မိသားစု ဆိုတာ ဘယ်လောက်ခွာချချ ပြုတ်မကျမယ့် မျှော့တစ်ကောင်ဖြစ်သလို မိသားစုဆိုတာ ဘယ်လိုဖြတ်ဖြတ် မပြတ်တဲ့ ရေစီးကြောင်းလည်း ဖြစ်တယ်။ ဘယ်လိုရှောင်ပြေးပြေး ဝေးမသွားတဲ့ အတူတူ၊ အနီးကပ်ရင်ဆိုင်လိုက်တော့လည်း မိသားစုဆိုတာ နွေးထွေးတဲ့ ထမင်းဝိုင်းကို ပိုင်ဆိုင်ထားကြောင်း သိလိုက်ရပြန်ရော။
စစ်ကိုင်းရောက်မလား ပုဂံရောက်မလား။ အတွေးတွေနဲ့ ကိုယ်ထင်ရာကိုယ်စိုင်းနေတုန်းက သိပ်ပျော်တယ်။ စိုးရိမ်စိတ်နဲ့ တာဝန်ကြီးဖိကပ်လာတဲ့အချိန်မှာတော့ သိပ်ကြောက်တယ်။ ပူခူးရောက်ရောက်ဆိုတဲ့အတွေးနဲ့လည်း လှေကို လက်ထိုးမလှော်ရဲတော့ဘူး။ ခုချိန်မှာ အလိုချင်ဆုံးက ငြိမ်းငြိမ်းချမ်းချမ်း အသက်ရှူချင်တယ်။
ကိုယ့်ဘက်က အတတ်နိုင်ဆုံးထိ ပေးဆပ်ခဲ့တာတွေမှာ တပါးသူအတွက်ဒဏ်ရာပဲ ဖြစ်တဲ့အခါ…။ တတ်နိုင်ရင် ပျောက်ပျောက်ဆုံးဆုံးနေပစ်ချင်တယ်။ ကျွန်တော်ကိုယ်တိုင်ကိုက ဒေးဗစ်ကော်ပါဖီးဖြစ်လို့ ။ ကျွန်တော်ကိုယ်တိုင်ကိုက မှော်ဆရာတစ်ယောက်ဖြစ်လို့။ ကျွန်တော့်ကိုယ်ကျွန်တော် ဖျောက်ထာားပစ်ချင်တယ်။
ငြိမ်ငြိမ်နေ…။ စိတ်ကြီးရေ ငြိမ်ငြိမ်နေ။ အတွေးတွေ ငြိမ်ငြိမ်နေ။ ခံစားချက်တွေ ငြိမ်ငြိမ်နေ။ ကိုယ့်ကိုယ်ပိုင်ဘဝက အရှုပ်တွေကို ရှင်းမပြီးမချင်း တခြားဘယ်အရာနဲ့မှ စကားမစမိစေနဲ့။ ငြိမ်ငြိမ်နေ။
ညှိနှိုင်းမှု ဆိုတာရဲ့နောက်ကို ကျွန်တော်က ညီမျှခြင်း လို့ပဲ နားလည်တတ်တယ်။ ကျွန်တော်က စာအုပ်ထဲက စည်းမျဉ်းတွေကို အလွတ်ကျက်ထားမိတဲ့ ပရော်ဘလမ်ချိုင်း လေးပါ။ ဘာစကားနဲ့မှ  ကျွန်တော့်ယုံကြည်မှုကို ဖျောက်ဖျက်မရဘူး။ ကျွန်တော့်နေထိုင်မှုကို ဖျောက်ဖျက်မရဘူး။ လတ်တလော ကျွန်တော့်ဘာသာစကားအရ တစ်ခွန်းတည်းပါပဲ။
ငြိမ်ငြိမ်..နေ။
ကျိန်းကျိန်းစပ်စပ်မျက်လုံးတွေက သိပ်မနာဘူး။ အခါတိုင်းဆို ရင်တစ်ခုလုံးနင့်နေရင်းနဲ့ မျက်လုံးတွေကလည်း နာတတ်တယ်။ အခု မြင်မြင်ရာ ရေပြင်လို့ ကျွန်တော်ခံစားလိုက်တယ်။ ဒါမှမဟုတ် ကျွန်တော့်အမြင်မှာ ကျွန်တော်ကိုယ်တိုင်ကိုက စက္ကူလေးတစ်ရွက်လို။
ညစဉ်ရက်ဆက်ရန်ပွဲတွေက လွတ်မြောက်နေချင်တဲ့ ကလေးငယ်တစ်ယောက်လို။ ယုံကြည်အားကိုးရာ ပျောက်ဆုံးနေတဲ့ ပန်းတိုင်ပျောက်သူတစ်ယောက်လို။ စိတ်တစ်ခုလုံး ချုံးချုံးကျ။ ချိချိနဲ့နဲ့ ခုခံအားလက်ကျန်မှာ ကိုယ့်ကိုယ်ကိုယ် ဘောင်ပိတ်ထားဖို့ပဲ တတ်နိုင်တော့ရဲ့။
ကျွန်တော့်ဘာသာစကားနဲ့ ကျွန်တော်ကိုယ်ကျွန်တော် တိတ်တိတ်လေး သော့ခတ်လိုက်တယ်။
“ငြိမ် ငြိမ် နေ။ စိတ်တစ်ခုလုံး၊ အတွေးတစ်ခုလုံး၊ ခံစားချက်တစ်ခုလုံး။။”


ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်