Friday 23 December 2011

အပြစ်ရှိသလား ချစ်ခြင်းငယ်

ညနေခင်း ရောက်လာပြီဆိုတော့သွားနေကျနေရာလေးတစ်ခုကိုသွားဖို့ စိတ်ကမခိုင်းရပါပဲနှင့် လူက ပြင်နေချေပြီ။
… အမြဲထိုင်နေကျ လက်ဖက်ရည်ဆိုင်လေး။ တိတ်တိတ်ဆိတ်ဆိတ်နှင့်………..။
ဆိုင်နံမည်က ”အသည်းကွဲဆည်းဆာ” တဲ့။ ဘာတွေဘယ်လိုတိုက်ဆိုင်နေလဲတော့မသိပါဘူး။ အဲဒီမှာ ထိုင်တဲ့ လူငယ်တွေများပေမဲ့ ကိုယ့်အတွေးနဲ့ကိုယ်သာ။ ဟေးလားဝါးလားမရှိ။ ငါး…..ပတ်မယ် ခြောက်…..တစ်လုံးအပိုင်မရှိ။ ၀ုန်းဒိုင်းကျဲနေတဲ့ ဗွီဒီယိုဆိုတာမရှိ။ အသည်းကွဲသီချင်းအေးတစ်ချို့နဲ့ လိမ္မာပါးနပ်သော၊ ယဉ်ကျေးပျူငှာသော စားပွဲထိုးလေးတွေရှိသည်။ နံရံတစ်ချို့မှာ အမြစ်တွယ်နေတတ်သော အသိပေးဆုံးမစာများမရှိ။ ဆုံးမစာကပ်စရာမလိုအောင်ကို ဒီဆိုင်လေးက အေးငြိမ်းငြိမ်သက်နေသလို အလွမ်းရောင်သမ်းနေသည်ကိုက ဒီဆိုင်လေးရဲ့ အကျင့်ပဲဖြစ်မည်ထင်ပါသည်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဒီဆိုင်လေးကိုနှစ်သက်သည်။ ညနေတိုင်း ဒီဆိုင်လေးမှာ ကျဆိမ့်တစ်ခွက်ရယ်၊ Vegas တစ်လိပ်ရယ်က တစ်နေ့တာရဲ့ ရသလိုဖြစ်နေချေပြီ။ နောက်…………….စာအုပ်တစ်အုပ်ရယ်။
ဘေးနားမှာ လာမေးသည့်ကလေးငယ်ကို ကျဆိမ့်တစ်ခွက်၊ Vegas တစ်ပွဲ ဟုမှာလိုက်ချိန်ဝယ် မျက်ဝန်းထောင့်စွန်းမှာ အလင်းငယ်တစ်ချို့ဖြတ်ပြေးသွားသည်။

 အနက်ရောင်ဝမ်းဆက်နဲ့ မော်ဒယ်ဆန်ဆန်ဆင်ယင်ထားသော ကျွန်တော်နဲ့ သက်တူရွယ်တူဟုထင်ရသော မိန်းမပျိုတစ်ဦး။ ခေတ်လွန်မော်ဒယ်တွေလို သရုပ်ပျက်ဆင်ယင်မှု့မျိုးမဟုက်ပဲ မိန်းမ၀တ်စတိုင်ဘောင်းဘီရှည်ရယ်……ကြိုးတစ်ချောင်းအိင်္ကျီ ဟုထင်ရသော ခရမ်းရောင်လေးပေါ် အမည်းရောင်ဇာဝေ့စ်ကုတ်လေးထပ်ထားတာက တစ်ကယ်ပင် ကြည့်ကောင်းလှသည်။ ဆံပင်ကို ချမထားပဲ စတိုင်ကျကျထုံးဖွဲ့ထားတာကလည်း အဆင့်အတန်းတစ်ခုကိုဖော်ပြနေသလိုလိုပင်။ ခက်တာက သူ့မျက်ဝန်းလေးတွေက မှိုင်းနေသည်။ စိတ်ရဲ့ဒဏ်ချက်ကို လက်တလော ခံစားထားရသည့်ပုံမျိုးပင်။ ကိုင်ထားသည့်ခွက်ကို မသောက်ပဲနှင့် အဓိပ္ပါယ်ကင်းမဲ့နေသောမျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။ ထူးခြားသည်ကတော့ သူမရှေ့မှာ သောက်သူမဲ့နေသည့် နောက်ထပ် လက်ဖက်ရည် ခွက်တစ်ခွက်။
အရင်က မမြင်ဖူးဘူး ….ဟုတွေးလိုက်ရင်း
သာမန်ထက် အနည်းငယ်ပိုသလို ဖြစ်လာသောသိချင်စိတ်ကို ချိုးနှိမ်လိုက်သည်။  လက်ဖက်ရည်ကို တစ်ကျိုက်လောက်မော့ပြီး ယူလာသောစာအုပ်ကိုဖွင့်လိုက်တော့ စာရေးဆရာက အစွမ်းကုန်လက်စွမ်းပြထားသည်ထင့်။ စာအုပ်ထဲ စိတ်ကမျောပါသွားသည်။ စာအုပ်ပြီးသွားတော့ ည ၇ နာရီထိုးလုနီးပါ။ စောနက မိန်းခလေးထိုင်ရာထောင့်လေးကိုကြည့်မိတော့ သူမ မရှိတော့။ ရင်ဝယ် အနည်းငယ် ဝမ်းနည်းသွားသလိုလို။
အိမ်ပြန်လမ်းက ဒီနေ့ ခါတိုင်းထက်နှေးနေသလိုလို။  စိတ်မပါသလိုလို…………နှင့်။ မှတ်မှတ်ရရ ထိုနေ့က စနေနေ့ဖြစ်ခဲ့သည်။
…………………………………………………

နှိုးစက်မလိုသော မျက်လုံးက အချိန်တိကျစွာပင် နံနက်ခင်း၏ ခြောက်နာရီခွဲအချိန်မှာ နိုးထသွားသည်။ နိုးနိုးချင်းတွေးမိသည်ကတော့ မနေ့ညက တွေးမိခဲ့သည့်အတွေးပငါ။ ဟိုကောင်မလေးကို မတွေ့တာ တစ်လနီးပါးလောက်ရှိပြီ..ဟု။ ခန့်မှန်းကြည့်ရသလောက် ကျွန်တော်တို့ ရပ်ကွက်က လက်ဖက်ရည်ဆိုင်လေးဆီ ခေတ္တခဏ လမ်းမှားလာသည် ထင့်။
အာ…ဒီနေ့ အလုပ်သွားရဦးမှာကို တော်ကြာ နောက်ကျရင် ဌာနမှုးဆူတာခံရဦးမယ်…..အတွေးနဲ့တင် ကြောက်ပါရဲ့။ အဲဒီ ဌာနမှုးက အဆူကြမ်းတယ်လို့ နံမည်ကြီးသည်လေ။ သူ အိပ်ယာမှ ထရန် ပြင်လိုက်ချိန်ဝယ်

“ဟဲ့ ရုံးမှာပဲ အလုပ်ဝင်နေပြီ.. မနက်အိပ်ယာထတာတောင် မအေက နှိုးနေရဦးမှာလားဟဲ့”

မေမေ့စကားကြောင့် သူပြုံးမိရင်း

”နိုးနေပါပြီ မေမေရ မထသေးတာပါ”
“ထတော့ ကိုယ်က အငယ်တန်းစာရေး..ကိုယ့်အထက်မှာ အားကြီးရှိသေးတယ်.. နောက်ကျနေရင် မကောင်းဘူး ရေသွားချိုးချေတော့”
“ဟုတ် မေမေ”

သူ ခေါင်းညိမ့်ကာ ရေချိုးခန်းထဲဝင်လာလိုက်တော့သည်။
ဘာမဆိုင်ညာမဆိုင်တွေးမိသည်က ဒီချိန် ထိုကောင်မလေး ဘာလုပ်နေမည်လဲ ဟူ၍။ အို တော်ပါပြီလေ။ ခဏ တွေ့ရသည့် မိန်းကလေးကို သူ တသသ စွဲလမ်းမနေသင့်ဘူး ထင်ပါသည်လေ။ ရေပန်းမှ ကျလာသည့် အေးစက်သည့် ရေစက်တို့က ဦးခေါင်းထက်သို့ကျဲဖြန့်လိုက်ခြင်းကြောင့်ထင့်။ စိတ်တို့ ပိုမို လန်းဆန်းလတ်ဆတ်သွားချေသည်။

…………………………

“ဟိုကောင်မလေး…” နှုတ်ခမ်းမှ လွင့်ခနဲ ထွက်ကျမတက်ဖြစ်သွားသော စကားလုံးတို့အား သူ အပြင်းအထန် ရုတ်သိမ်းလိုက်ရသည်။ နှလုံးခုန်မြန်နေမှုနှင့် ရင်ထဲ မှ ဝမ်းသာမှုကတော့ ထိန်းရခက်ဆဲ။ သူ ဘာ့ကြောင့်ဝမ်းသာရတာလဲလေ။ သူနှင့် ဘာမှ မဆိုင်ပါပဲနှင့်။ သိသလိုလိုရှိနေသော အဖြေအား သူ မေ့ပစ်ရင်း ကမ်းလာသော လက်အား ဆုပ်ကိုင်ကာ မိတ်ဆက်လိုက်သည်။

“ဟုတ် ကျွန်တော် က ကျော်သူရ ပါ ထွေးမောင်ရဲ့ သူငယ်ချင်းအရင်းကြီးပေါ့ ထွေးမောင်ခေါ်သလိုပဲ ကျော်ကျော်လို့ ခေါ်နိုင်ပါတယ်ခင်ဗျာ”
“ဟိတ်ကောင် အဲ့လောက် ယဉ်ကျေးပြမနေနဲ့ ငါတို့ သူငယ်ချင်းဆက်ဆံပုံတွေ သူအထာပေါက်ပြီးသား.. အေးဆေးပဲ ရတယ် ငါ့ကောင်မလေးက အရမ်းခင်တတ်ပြီး သဘောကောင်းတယ်”

သူနှင့် ငယ်သူငယ်ချင်းဖြစ်သူ ထွေးမောင်ပြောစကားအား ကောင်မလေးက အပြုံးလေးတစ်ပွင့် ဖန်ဆင်းရင်း ခေါင်းညိတ်ပြနေသည်။

“ညီမ နာမည်က သူဇာနွယ်ပါ”

အသံချိုရှရှလေးက စွဲမက်ဖွယ် ကောင်းလှသည်။ ထိတ်လန့်စွာ သူ ခေါင်းခါလိုက်မိသည်။ ချစ်သူ ရှိသော မိန်းခလေးတစ်ယောက်၊ ပိုအရေးကြီးဆုံးက သူငယ်ချင်း၏ ချစ်သူ။ သည်လိုမိန်းကလေးအား သူ စွဲမက်မနေသင့်ပါ။ မြတ်နိုးမနေသင့်ပါ။

“ထွေးမောင် ငါ ဒီနေ့ အလုပ်ရှိလို့ စောစောပြန်တော့မယ်.. နောက်နေ့ကျမှ တွေ့ကြတာပေါ့ကွာ ”
“အေးပါ ရုံးဝန်ထမ်းကြီးရယ် မင်းမလဲ ဘယ်တော့မှ အားတယ်ရယ်မရှိဘူး ငါ့လို ပွဲစားအလုပ်ကျ ဘယ်ချိန်သွားသွားရတယ်တွေ့လား..ပြီး မင်းလစာက နှစ်ပဲခြောက်ပြားနဲ့”

သူ ခေါင်းငြိတ်ပြမိရင်း

“မင်းပြောလဲ ခံရမှာပဲကွာ မင်းလောက်မှ ဝင်ငွေမကောင်းတာကိုး ငါလစ်ပြီကွာ”

အိမ်အပြန် သူ့ခြေလှမ်းတို့ ဘာ့ကြောင့်လေးနေလဲ။ သူ မဆန်းစစ်ချင်ပါ။  သူ့နှလုံးသားဝယ် ဘာ့ကြောင့် နင့် နေလဲ။ သူ မစဉ်းစားချင်ပါ။ ဘာနေ့လဲ ဟုတွေးမိတော့ သူ အမှတ်တရ တွေးမိပြန်သည်။ သည်နေ့လည်း စနေပဲ ဖြစ်နေသည်လေ။ ဖုန်းဂျူတီ ရှိ၍ ရုံးဝယ်စောင့်ပြီးအပြန် ထွေးမောင်နှင့် တွေ့ကာ ကောင်မလေးနှင့်ပြန်ဆုံဖြစ်ခြင်းပင်။



အိပ်ချိန်တန်ပါလျက် အိပ်မရနိုင်သည့်အဖြစ်ကို သူ ရင်မောလှသည်။ ထွေးမောင်လို ပွဲစားလုပ်သူနှင့် ကောင်မလေးလို ကွန်ပြူတာဆရာမမျိုး ဘယ်လိုသွားတွေ့ဆုံသလဲ။ သူ သိချင်စမ်းပါဘိ။ ကောင်မလေးက ပုဂ္ဂလိကကုမ္ပဏီတစ်ခုဝယ် ကွန်ပြူတာဆော့ဖ်ဝဲ ပိုင်းဆိုင်ရာ သင်တန်းဆရာမတစ်ဦးဖြစ်သည်တဲ့။
ထွေးမောင်နှင့် တွေ့ဆုံတာ နှစ်နှစ်ခန့် ကြာမြင့်ပြီဖြစ်သလို ချစ်သူအဖြစ်ကတော့ လွန်ခဲ့သည့် ဆယ့်ငါးရက်ကမှ အဖြေပေးခဲ့သည်တဲ့။ အသိနောက်ကျလေခြင်းဟူသော အတွေးတို့အား မောင်းထုတ်နေရသည်မှာ ပင်ပန်းလှပါဘိ။ အချစ်ဆိုသည့် ခံစားချက်အတွက်နှင့်တော့ သူငယ်ချင်း၏ ချစ်သူအား သူ မမြတ်နိုးနိုင်ပါ။ မချစ်နိုင်ပါလေ။ ခံစားချက်တွေ ပြင်းထန်နေပါသည် ဆိုသည့်တိုင် လူသားဆန်သည့်၊ လူပီသသည့် မဖောက်ဖျက်သင့်သော စည်းလေးအား သူ စောင့်ထိန်းရပါမည်လေ။
အတွေးတို့အား မောင်းထုတ်ရင်း သူ အိပ်ပျော်ရန် ကြိုးစားလိုက်သည်။ မျက်လုံးအစုံအား မှိတ်လိုက်သော်ငြား ကောင်မလေး၏ ရုပ်ပုံလွှာအား မြင်ယောင်နေမိသည်ပဲ။ ခက်ပါဘိကွယ်။ ကိုယ့်ကို သစ္စာမရှိသူအဖြစ် တွန်းမပို့ပါနဲ့လား ဟု တီးတိုးရေရွတ်မိရင်း…….။

…………………….

“ဘာပြောတယ် နွယ် ထွေးမောင်နဲ့ ဖြတ်တော့မယ် ဟုတ်လား ဘာ့ကြောင့်လဲ ထွေးမောင် ဘာတွေလုပ်ထားလို့လဲ”
“သူ ဘာမှ လုပ်မထားပါဘူး ငါကိုယ်က စိတ်စောသွားတာ အဲ့ဒီတုန်းက အိမ်မှာ နည်းနည်းပြဿနာဖြစ်လို့ စိတ်လေနေတုန်း သူ့ကို အဖြေပေးမိတာ တကယ်က ငါ သူ့ကို မချစ်ဘူး”
“မရဘူးလေ အချစ်ဟာ ကစားစရာမဟုတ်ဘူး ဈေးဝယ်သလိုမဟုတ်ဘူး အပေးအယူမဟုတ်ဘူး သူ့ဘက်က မမှားပါပဲနဲ့ နွယ်ရယ် ကြိုးစားပြီး ချစ်ကြည့်လိုက်ပါ သူ နွယ့်ကို အရမ်းချစ်တာ”

ရင်နာနာနှင့် တိုက်တွန်းနေမိသလို နွယ့်ကိုလည်း သနားမိသည်ပဲ။ မြို့ထဲအလုပ်သွားအလုပ်ပြန် တွေ့ပါများသည့်နောက်ပိုင်းဝယ် သူနှင့် နွယ်သည် တကယ့်သူငယ်ချင်းရင်းချာလို ရင်းနှီးလာခဲ့သည်။ သို့သော် သူအုပ်ဖုံးထားသည့် နှလုံးသားတစိတ်တပိုင်းကို ရှာဖွေတွေ့ရှိသွားသည်ထင့်။ နွယ့်မျက်ဝန်းမှတဆင့် သံယောဇဉ်တို့ ပိုပိုတိုးလာသည်ကို သူသိရှိခဲ့ရသည်။
အခုတော့.. ထွေးမောင်ကိုပါ ချစ်သူအဖြစ်မှ ပြတ်စဲပစ်မည်ဆိုသည့်စကားက သူ့အား ခြိမ်းခြောက်နေသည်ပဲ။
တခြားသောသူကြောင့်ဆိုတော်သေးသည်။ သူ့ကြောင့်သာ ဆိုလျှင်တော့ သူ မောင်ထွေးကို ဘယ်လိုများမျက်နှာပြရလေမည်လဲ။ သူသက်ပြင်းချမိရင်း နွယ့်အား တိုက်တွန်းမိပြန်သည်။

“နွယ် ဘာပဲလုပ်လုပ် အသေအချာစဉ်းစားပါနွယ် ငါ သွားတော့မယ်”

…………..

“မင်းနဲ့ နွယ် ဘယ်လိုအခြေအနေလဲ.. အဆင်ပြေလား”

သူ့အမေးစကားကို မဲ့ပြုံးနှင့် တုံ့ပြန်နေသော ထွေးမောင်အား နားမလည်နိုင်စွာကြည့်လိုက်ရင်း

“ဘာတွေဖြစ်နေလို့လဲ.. ငါ့ကိုလည်း ရှင်းပြစမ်းပါဦး”
“မင်း တကယ်မသိလို့မေးတာလားကွာ ဒါမှမဟုတ် ရှုံးပါတယ်လို့ လက်မြှောက်ပေးထားတဲ့သူကို ရေနစ်သူဝါးကူထိုးဖို့လာတာလား”
“ဘာတွေပြောနေတာလဲ ထွေးမောင်”

………..

“နွယ်က ငါ့ကို မချစ်ဘူး တဲ့ကွာ.. နောက်တဖြည်းဖြည်း ငါတွေ့လာရတာက”

ထွေးမောင် စကားကိုရပ်နားရင်းသက်ပြင်းရှိုက်လိုက်သည်။

“မင်းအကြောင်းပြောနေရင် သူ့မျက်နှာက ချိုရီနေပြီးတော့ ပြုံးနေတာပဲ.. တခြားအကြောင်းဆို မျက်နှာကတမျိုး”
“မင်းထင်လို့ပါကွာ ထွေးမောင်ရာ ညှိကြည့်စမ်းပါဦး”
“ငါ ပွဲစားလုပ်နေတာပါကွာ လူတွေရဲ့ မျက်နှာကို အကဲခတ်တတ်ပါတယ်”

သူ သက်ပြင်းချရင်း ဘာပြန်ပြောရမည်မသိဖြစ်နေစဉ်……

“ငါ..ငါ့ကို မချစ်တော့ဘူးဆိုတဲ့လူတစ်ယောက်ကို ဆွဲခေါ်မထားပါဘူးကွာ.. သူစိတ်ချမ်းသာမယ့်သူဆီသွားတာပဲ သူချစ်တဲ့သူကို သူရွေးချယ်တာပဲ ငါလက်ခံပါတယ် ဒါပေမယ့်ကွာ မင်းသိလား ငါ့ကို ခွါဖို့အတွက် ငါ့ရဲ့ ပြစ်ချက်တွေကို လိုက်ရှာ လက်ညိုးထိုးပြီး ပြောသွားတယ်…. ပြောလိုက်ပါတစ်ခွန်းတည်း ကျွန်မ ချစ်တဲ့သူ ရှင်မဟုတ်ဘူးလို့ အဲ့လိုဆို ငါလက်ခံနိုင်သေးတယ်ကွာ ခုတော့…”

ထွေးမောင်အသံ တိုးသွားပြန်သည်။ ထို့နောက်…

“မင်း ငါ့ကို ထည့်မစဉ်းစားပါနဲ့ သူ့ကို ချစ်တယ်ဆို၇င် ဖွင့်ပြောလိုက်ပါ.. သူ မင်းကိုချစ်နေတယ်”

ရင်ထဲ ဗုံးတစ်လုံး ပေါက်သွားသည့်နှယ်။

“မဖြစ်နိုင်ဘူး” သူ တီးတိုးရေရွတ်မိတော့.. ထွေးမောင်က နွမ်းလျစွာပြုံးရင်း ပြောပြန်သည်။

“သေချာပါတယ်ကွာ”
အိမ်အပြန်လမ်းတစ်လျှောက်ဝယ် ထွေးမောင်ပြောသည့်စကားများသာ နားထဲရစ်ဝဲနေသည်။
သူ စည်းဖေါက်ရမည်လား။ နွယ်ကတော့ အချစ်တစ်ခုအတွက် သတ္တိရှိစွာပင် ဆုံးဖြတ်လိုက်ချေပြီ။ သူကော….။
တိုးတိတ်စွာမေးမိရင်း….။
သူငယ်ချင်း၏ ချစ်သူကို လက်ခံဖို့ရာ သူ မဝံ့ရဲပါ။  သူ့နှလုံးသားသည် အခြားသော မိန်းခလေးတစ်ယောက်အတွက် နိုးထချင်မှ နိုးထနိုင်ပေတော့မည်။ သို့သော် သူငယ်ချင်း၏ ချစ်သူကို သူ မချစ်ချင်ပါလေ။ သူငယ်ချင်း၏ ချစ်သူ မဟုတ်တော့ပါဘူး ဆိုသော်ငြား သူ့စိတ်က မရဲဝဲ့သည်ကတော့အမှန်။
အို.. ထွေးမောင်မှားတာဖြစ်မှာပါလေ။ သူ့နှလုံးသားကို သူသော့ခတ်ထားရုံနှင့်ပြီးပါသည်။
သို့သော်… သူ့ချစ်ခြင်းကို သော့ခတ်ထားသော်ငြား..နွယ့်အား မျက်နှာလွှဲခဲပစ်နေနိုင်ပါမည်လား။ သေချာပါသည်။ သည်ညလည်း အိပ်ပျက်ဦးမည်ထင့်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကိုယ့်အပေါ် အချစ်ကြီးလွန်းသည့်သူကို သစ်စိမ်းချိုး ချိုးခဲ့သည်မှာ ဝဋ်လည်လေပြီထင့်။ ခုတော့ ချစ်လွန်းရသည့် ချစ်ရသူကလည်း အတွေ့မခံ။ ရှောင်နေချေပြီ။
မိန်းမသားတစ်ယောက်၏ မာနကို ထည့်မစဉ်းစားပေးသည်မှာ ချစ်ရသူ၏ အတ္တကြီးလွန်းမှု တစ်ခုပဲဖြစ်မည်ထင်သည်။ အချစ်အတွက် အရာရာကို သူမ စွန့်လွှတ်ခဲ့သော်ငြား ပြန်ရခဲ့သည်မှာ ထပ်တူညီမှု သစ်စိမ်းချိုးဆက်ဆံမှုမျိုးသာ။
ကျော်ကျော်ရယ်… နင်ငါ့အတွက် ငါ့ခံစားချက်ကို ထည့်စဉ်းစားပေးသင့်ပါတယ်ဟာ……။ အကြိမ်ကြိမ်ရေရွတ်နေသည့် စကားသံတို့ကို ကျော်ကျော်ကတော့ ကြားနိုင်မည်မထင်ပါလေ…….။
အဝေးသို့ ထွက်ခွါရန် သေချာနေပြီ ဖြစ်သည့် ချစ်ရသူ၏ လက်အား ဆွဲကိုင်ကာ တားမြစ်ချင်သော်ငြား တားမြစ်ပိုင်ခွင့်မရှိသည့် ဘဝပေမို့ရင်မောလှသည်။

“ငါ ငယ်ငယ်ကဆို အတန်းထဲမှာ စာမရရင် တခြားသူတွေထက် နှစ်ချက် ပိုအတီးခံရတယ်”
“အင် ဘာလို့တုန်းဟ.. တန်းတူပဲ အရိုက်ခံရမှာပေါ့ ဘယ်လိုဖြစ်လို့တုန်း”
သူမ အမေးစကားကို ကျော်ကျော်က
“ မေမေက အတန်းပိုင်ကိုးဟ.. ငါ စာမရှင်းရင် သေချာမေးပါ လို့ ပြောတဲ့ကြားက စာမရတာ ဆိုတော့ မေမေက စိတ်ဆိုးလို့လေ”
တော်တော်တင်းကြပ်တဲ့ အမေပဲ ဟုတွေးရင်း ကိုယ့်မိသားစုနှင့် နှိုင်းယှဉ်မိပြန်တော့ ထို တင်းကျပ်သောအမေကို ရင်ထဲဝယ် နှစ်ခြိုက်မိပြန်သည်လေ။
“မေမေ သမီးစာမေးပွဲကျတယ်” ဟု
သူမ အပြောစကားကို ခေါင်းတစ်ချက်သာ ငုံ့ပြရင်း အသိအမှတ်ပြုခဲ့သည့် မေမေနှင့်ယှဉ်လျှင်တော့ ကျော်ကျော့် မွေးမိခင်အား သူမ သဘောကျလှပါသည်လေ။
“ငါလေ.. ဖေဖေ့ ဓါတ်ပုံကို နေ့စဉ်မဟုတ်ပေမဲ့ တစ်ပတ် နှစ်ခါလောက်တော့ ထုတ်ကြည့်ဖြစ်တယ် ဆရာမ ဆိုတဲ့ ဂုဏ်ဒြပ်ရှိတဲ့ မေမေ့ကို ဘာလို့ တစ်ခုလပ်ဆိုတဲ့ နာမည်ဆိုးကြီးပေးခဲ့တာလဲလို့ မေးချင်တယ်.. နောက်မိန်းမနဲ့ ပြည်ပသွားတယ် ဆိုတဲ့သတင်းကလွဲလို့ ဖေဖေ့အကြောင်း ငါ ဘာမှမသိရဘူး. သိလည်းမသိချင်ခဲ့ပါဘူး. မေးချင်ရုံလေးပဲ မေမေ့ကို ဘာလို့ထားသွားတာလဲလို့…”
သူ့ဘဝအမောများကို သူမကို လှစ်ဟထုတ်ပြတတ်သည့် ချစ်ရသူသည် သူ့ချစ်ခြင်းများကိုကျတော့ သိမ်းဆည်းထားတတ်ပြန်သည်။ ရံဖန်ရံခါထွက်လာတတ်သည့် ဂရုစိုက်မှုများမှတဆင့် သူ့ချစ်ခြင်းတို့ကို သူမ နားလည်ကြောင်း သိစေချင်စမ်းလှသည်။
သူမဘဝဝယ် နောင်တအရဆုံး၊ အနာကျင်ရဆုံး ဆုံးဖြတ်ချက်တစ်ခုသာ ရှိခဲ့ဖူးသည်။ ထိုဆုံးဖြတ်ချက်မှာ ထွေးမောင်၏အချစ်ကို လက်ခံဖို့ရာ ဆုံးဖြတ်ခဲ့မိခြင်းပင်။ အချိန်မရွေး ခွါထုတ်လို့ရတယ် ဟူသည့်သဘောနှင့် ထွေးမောင်၏ အချစ်ကို လက်ခံခဲ့မိသူ သူမ၊ သည်အချိန်မှာတော့ နောင်တ အကြီးကြီး ရနေချေပြီ။
ချစ်ရသူလေးသည် ထွေးမောင်၏ သူငယ်ချင်း ..တဲ့။ ကျော်ကျော်သည် ထွေးမောင်၏ သူငယ်ချင်းအဖြစ်သိခွင့်ရတုန်းက အဖြူရောင်ခံစားချက်ဟု သူမ သစ္စာဆိုဝံ့ပါသည်။ ထွေးမောင်၏ အလိုက်မသိတတ်မှု၊ ပွဲစားပီပီ အပြုအမှုတွေ ကြမ်းတမ်းမှုတို့အား စိတ်ပျက်လာချိန်ဝယ် ကျော်ကျော်၏ လူကြီးလူကောင်းဆန်ဆန်အပြုအမှုနှင့် သူမအပေါ် ဂရုတစိုက်ရှိမှုတို့က ကျော်ကျော့်အား သံယောဇဉ်ပိုစွန်းခဲ့လေသည်ထင့်။
အထိတ်တလန့်နှင့် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ချိန်ဝယ် မြင်လိုက်ရသည်ကတော့ သူမ လည်း ကျော်ကျော့်အပေါ် ခံစားချက်တို့နက်ရှိုင်းစွာ နစ်ဝင်နေခြင်းပင်။
“ခင်အေးရေ..ခင်အေး.. တံခါးလာဖွင့်စမ်းဟေ့”
ဟော ဖေဖေပင် ရုံးမှ ပြန်လာချေပြီ။ မေမေကတော့ စာရင်းလုပ်နေရာမှ လှည့်ကြည့်မည်မထင်ပါလေ။ အမြဲလိုလိုပင် ဖာသိဖာသာ နေတတ်သူ မဟုတ်ပါလား။ တံခါးသွားဖွင့်ပေးရန်အထ အံ့သြစရာကောင်းလှစွာ မေမေက စာရင်းစားပွဲမှထကာ တံခါးသွားဖွင့်ပေးနေ၏။

ဖေဖေ..။ သူမ အသက် လေးနှစ်လောက်တည်းက ဖေဖေဟု ခေါ်ခဲ့ရသော သူမ ၏ ဖေဖေသည် အဖေအရင်းမဟုတ်သော်ငြား သူမ အပေါ် ချစ်ခင်လွန်းလှသဖြင့် သွေးစိမ်းသူဟု မခံစားမိလောက်အောင်ပင်။ ဖေဖေနှင့် မေမေ ဘယ်လို တွေ့ပြီး လက်ထပ်သည်ဟု မတွေးတတ်လောက်အောင်ပင် အသွင်သဏ္ဍာန်နှင့် စရိုက်က ကွာခြားလွန်းလှသည်။
တစ်ဦးနှင့်တစ်ဦး ချစ်ကြိုက်၍ယူသည် ဆိုခြင်းကတော့ သေချာလှပါသည်။ အဘယ့်ကြောင့်ဆိုသော် ဖေဖေနှင့် မေမေ့အတွက် ဆုံးဖြတ်ချက် ချပေးမည့်သူဆို၍ ဖေဖေနှင့် မေမေ ကိုယ်တိုင်ပင် ရှိကြသည်မဟုတ်ပါလား။ နှစ်ဦးလုံးက တစ်ကောင်ကြွက်တစ်မျက်နှာတွေ။ မေမေ့တွင် တစ်ခုသာသည်က သူမ ရှိနေသည့်အခြင်းအရာလေးသာ။
သေချာစဉ်းစားမိပြန်တော့လည်း မေမေသည် သူမ နှင့် ပတ်သတ်၍သာ ဖာသိဖာသာ နေတတ်သူ ဖြစ်ခဲ့သည်ထင့်။ ဖေဖေနှင့် အပေါင်းအသင်းမိတ်ဆွေများအလယ်မှာတော့ အားကျနှစ်သက်ဖွယ်ရာ မိန်းမသားတစ်ဦးဖြစ်သည်လေ။ ကိုယ်ပိုင်အလုပ်အဖြစ် ရပ်ကွက်ထဲဝယ် ငွေတိုးချေးစားသူတစ်ယောက်ဖြစ်သည့်အပြင် ပိုက်ဆံကိုလည်း လာပေါင်သူများအပေါ် အတိုးကြီးမစားပဲ အနှိမ်နည်းသောကြောင့် မေမေ့ကောင်းသတင်းမှာ ရပ်ကွက်ထဲဝယ် ပျံ့နှံ့နေသည်သာ။ အိမ်ထောင်ထိန်းသိမ်းမှု တော်သည်ကိုလည်း ရပ်ကွက်အသိပင်။ သာရေးနာရေးလည်း လက်မရွေးသောကြောင့် ရပ်ကွက်လူကြီးများ၏ အလှုခံဖို့ရာ အားထားရာ မိသားစုလေးလည်း ဖြစ်သည်ပင်။
သို့သော် သူမ ငယ်စဉ်ကတည်းက တွေးမိသည့်အတွေးလေးကတော့ ယနေ့အထိ တွေးမိဆဲပင်။ သူမ အား မေမေများ မျက်မုန်းကျိုးလေမလားရယ်…ဟု။ ဖေဖေ့အတွက် သေချာဖြင်ဆင်ပေးသလောက် သူမ အတွက်ဆို အိမ်ဖေါ်နှင့်သာ လွှဲထားတတ်သည်မဟုတ်ပါ့လား။
“သမီး မအိပ်သေးဘူးလား”
ဟော..အတွေးတွေများနေ၍ထင့်။ အခန်းထဲသို့ ဖေဖေ ဝင်လာသည်ကိုပင်မသိနိုင်လောက်အောင်ထိဖြစ်သွားသည်ပဲ။
“ဟုတ်.. အိပ်တော့မှာ ဖေဖေတို့ ကုမ္ပဏီမှာ လူသစ်မခေါ်ဘူးလားဟင်.. သမီးလည်း အလုပ်ဝင်ချင်လို့ပါ.. ကွန်ပြူတာဆရာမ မဟုတ်ပဲ တခြားအလုပ်မျိုးလေ..”
“ငါ့ သမီး ဘာတွေများစိတ်ညစ်နေလဲ သမီးရ.. အလုပ်လုပ်တယ်ဆိုတာ ကိုယ်ကျွမ်းကျင်ရာ လုပ်မှ သမီးရဲ့.. မကျွမ်းကျင်တဲ့နေရာမှာ သမီးအထိုင်ကျပါ့မလား.. အဆင်ပြေပါ့မလား”
ဖေဖေ့ စကားကိုလည်း မငြင်းဆန်နိုင်စွာ.. ခေါင်းငုံ့မိလိုက်သည်။ ဖေဖေ့အလုပ်မှာဆိုလျှင် ကျော်ကျော်နှင့် အလိုလို ဝေးကွာနိုင်သည်လေ။ ခုတော့ အလုပ်သွား၊ အလုပ်ပြန်တိုင်း ကျော်ကျော့်ရုံးရှေ့မှ ဖြတ်လာရသည်။
“အလုပ်မှာ အဆင်မပြေလို့လား သမီး”
မလုံမလဲ ခေါင်းငုံ့မိရင်း.. ငြင်းဆန်လိုက်မိသည်။
“မဟုတ်ပါဘူး..ဖေဖေ.” ဟု။
အို.. မနက်ဖြန် တနင်္လာပေပဲ။ သူမ ဂျူတီအစား ဝင်ပေးရန် သင်တန်းတစ်ခုရှိသောကြောင့် မနက်ရှစ်နာရီအရောက်သွားရမည်လေ။ စောစောအိပ်မှပါ။ သူမ စောင်ကိုခြုံကာ အိပ်ဖို့ရာပြင်တော့ ဖေဖေ က အလိုက်တသိဖြင့်ထကာ မီးပိတ်ပေးသွားလေသည်။
မီးမှောင်နေသော်ငြား မျက်ဝန်းထဲ မြင်နေရသေးသည်က ကျော်ကျော်၏..မျက်နှာ။ ခက်လှပါဘိကွယ်။ မတွေ့ချင်လို့ ပုန်းရှောင်နေသူကို သူမ ဘာ့ကြောင့်များ မမေ့နိုင်ဖြစ်နေရပါသလဲ။ မေ့ပစ်သင့်တယ်..ကိုယ့်ကိုယ်ကို စိတ်ဆိုးမိရင်း..မျက်ဝန်းအစုံကို မှိတ်ပစ်လိုက်မိသည်။ ကျဆင်းလာသော မျက်ရည်တို့ကို ကျော်ကျော်ကတော့ သိနိုင်မည်မထင်ပါလေ။
လွမ်းလိုက်တာဟာ။ သည်နေ့နဲ့ဆို ကျော်ကျော့်ကို မတွေ့ရတာ နှစ်ပတ်ပြည့်ပြီပဲ။
တွေ့ချင်လိုက်တာကွယ်…။ ရင်ထဲမှ တမ်းတခြင်းတို့ကို တားမြစ်နိုင်မည့်ဆေး ရချင်စမ်းပါရဲ့။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်