Monday, 29 July 2013

ရှင်သန်ခြင်းက ဖွယ်တယ်တယ်နိုင်လွန်း


(-)
မိသားစုဟာ မိသားစုဖြစ်ဖို့ တကူးတကကြိုးစားနေရတဲ့အခါ အဆီအငေါ်မတည့်မှုတွေဟာ မျက်နှာလွှဲနေလို့မရအောင် အစီအရီ ဖြစ်ပေါ်လာခဲ့။ မိသားစု ဟာ နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာ၊ နားလည်မှုတွေ ပေါင်းစည်းသတဲ့။ ပြောသံကြားဖူးတယ်။ ကိုယ်ပါဝင်တဲ့ မိသားစုကတော့ ကိုယ့်အတွက် အေးခဲနေတဲ့ အိပ်မက်တစ်ခု။ ကိုယ်တည်ဆောက်မယ့် မိသားစုကို နားလည်မှုတွေ လှိုင်လှိုင်သုံးပြီး နွေးထွေးမှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်သျှံနေစေဖို့ ပုံသေနည်းထုတ်ဖို့ကြိုးစားခဲ့ဖူးရဲ့။ ဒါပေမယ့်လည်း အေးခဲနေတဲ့ အိပ်မက်ကမ္ဘာက ရှင်သန်လာသူအဖို့  နွေးထွေးမှုကို ကိုယ်တိုင်မခံစားဖူးတဲ့အခါ သူများပေးလာရက်နဲ့ လက်ခံဖို့ ကြောက်ခဲ့မိတယ်။
မနေ့က၊ဟိုးတစ်နေ့က၊ဟိုးတစ်မြန်နှစ်က အတိတ်ကမိသားစု ဘဝတွေမှာ ကိုယ်ဟာ အရောင်မဲ့ပန်းတစ်ပွင့်။ အဆင်းလှအောင်လည်း နွေးထွေးခြင်းမခံရဘူး။ ကိုယ်ဟာ သက်မဲ့ပန်းခြောက်တစ်ပွင့်လိုပဲ မိသားစုရဲ့ အမေ့ခံ ဖြစ်ခဲ့တယ်။ ဒါဟာကိုယ့်ဘဝရဲ့ ကြုံခဲ့သော၊ ကြုံနေဆဲ၊ ကြုံနေမြဲ ပုံရိပ်တစ်ခု။
ထူထပ်အုံ့မှိုင်းနေတဲ့ မိုးသားတွေကို စိုက်ကြည့်ရင်း အမေ၊ အမေ။ အမေ့ကို ကျွန်တော်မုန်းတယ်။ မုန်းတယ်။  မုန်းတယ်။ လို့ ဟိုးကောင်းကင်ထိ ရောက်အောင် စူးစူးရဲရဲအော်ပစ်တယ်။ မကြားဘူး။ ကိုယ့်နှလုံးသားက မကြားဘူး။ ဖြစ်ရိုးဖြစ်စဉ်ပဲ ဆိုတဲ့ အတွေးနဲ့ အမေ့အပေါ်နားလည်ပေးလိုက်တယ်။ ကိုယ့်စိတ်တစ်ခုလုံးဟာ ရေသေ။ စီးနေတဲ့ အကြောင်းတရားတွေဟာ ပိတ်မိသွားတဲ့ ရေသေအိုင်။

အဖေ။ ကျွန်တော့်ကို မချစ်ဘူး။ အဖေ ကျွန်တော့်ကို မချစ်ဘူး။
ကုန်းရုန်းအော်လိုက်တဲ့ အသံမှာ ဘဝပေးပဲလေ ဆိုတဲ့အသိက ဘယ်ချောင်က ထွက်လာတာလဲ။ အဲဒီချောင်ကို ဖြစ်နိုင်ရင် ပိတ်ရိုက်ပစ်လိုက်ချင်တယ်။ နားလည်ပေးလိုက်တဲ့ အသိနဲ့အတူ ခံစားချက်တွေဟာ ဖွယ်တယ်တယ်။ ဘဝကြီးဟာ ဖွယ်တယ်တယ်။ နှလုံးသားဟာ ဖွယ်တယ်တယ်။
အမေ့ကို ကျွန်တော်ချစ်တယ်။ အဖေ့ကို ကျွန်တော်ချစ်တယ်။
ကြက်တူရွေးနှုတ်တိုက်သင်သလို ရွတ်နေခဲ့ပေမယ့် သန္တရသဟာ နှလုံးသားကိုစီးဆင်းမလာဘူး။ခက်တယ်။ ဒါဟာ တာဝန်လို့ သတ်မှတ်ထားတဲ့ နှလုံးသားက မတုန်မလှုပ် ဖွယ်တယ်တယ်ကြီး ရပ်နေတုန်းပဲ။
ခက်တယ်။ ခက်တယ်။ ခက်တယ်။
တိုးတိုက်တွန်းထုတ်ဘဝကစားပွဲမှာခံစားချက်အရသာကို ရှာကြည့်တယ်။ မရဘူး။ ခုချိန်မှာ ကိုယ်ဟာ အရံကစားသမားအနေနဲ့ ရပ်ကြည့်နေရရုံသက်သက်။ ကိုယ်တိုင်ပွဲဝင်ဖို့ တွန်းအားက ပျောက်ဆုံးနေတဲ့ ခံစားချက်။ ကိုယ်ဟာ ရှင်သန်ခြင်းကို ကြောက်နေသူလား။ ရှင်သန်ုခြင်းက ကိုယ့်ကိုလှည့်စားပြီလား။
မိုးအေးအေးမှာ အမေနဲ့ အဖေ့ကို လှမ်းကြည့်တော့ 5Seriesမှာ သူတို့က အငြိမ့်သား။ မိသားစုထမင်းဝိုင်းဆိုတာမှာ လက်ဆုံ ဆိုတဲ့စကားလေး ဖြုတ်ထားခဲ့တာ ကြာပြီ။ အမေတို့က ကိုရီးယားဇာတ်လမ်းတွေမှာ ငြိမ့်နေခဲ့ရင် ကျွန်တော်က ကမ္ဘာ့ရွာကြီးမှာ ရှင်သန်နေခဲ့တာပေါ့။ တတုံတုံတက်လာတဲ့ အသံလေးတွေမှာ စိတ်တွေ မြုပ်နှံထားခဲ့တာပေါ့။
ငယ်ကတည်းက မရင်းနှီးခဲ့တဲ့ မိသားစု။ ဘေးလူအမြင်မှာ နေထိုင်ပုံတမျိုးကြီး ဆိုတဲ့ စကားကို ကျေနပ်လို့မဟုတ်ပေမယ့် ဆက်ကျင့်သုံးနေခဲ့ကြတယ်။ ရင်းနှီးခြင်းမရှိပေမယ့် ပြဿနာလေးတွေရှိတယ်။ ချစ်ခင်ခြင်းတွေရှိပေမယ့် တကူးတကထုတ်မပြတတ်တာကိုက မိဘနှစ်ပါးဆီက အမွေရလာသလား။ ခုတော့ ဒီအကျင့်ရဲ့ ကျုံးသွင်းမှုမှာ ကိုယ် ပိတ်မိနေခဲ့ပြီလား။
 (-)
ထူထပ်အုံ့မှိုင်းနေတဲ့ တိမ်သားတွေမှာ သူ့အရိပ်အယောင်မပါလာဘူး။ပုံမှန် ဒီချိန်ဆို ကျွန်တော်သူ့ကို လွမ်းတတ်ပြီ။ ညနေခင်းရဲ့ အရောင်အဆင်းမှာ သူပါလာမယ်အတွေးနဲ့သူ့ပုံရိပ်တွေ တခုတ်တရ လိုက်ရှာတတ်ခဲ့တာပေါ့။ ခုတော့ ဦးနှောက်မှာ တခမ်းတနားကျန်ခဲ့တာ သူ့ဖုန်းနံပါတ်။ ကိုယ်ဥာဏ်ကောင်းလွန်းလို့ပဲလား၊တကယ်ကို ချစ်နေဆဲမို့လား။
 သူ့နှုတ်ခမ်းထက်က ထွက်လာတဲ့ အသံရှတတကိုလည်း ကိုယ်သဘောကျတုန်း။ ဟုတ်တယ်။ သဘောကျတယ်ဆိုတဲ့ စကားတစ်ခုကိုပဲ ပြောနိုင်တော့တယ်။မြတ်နိုးဖို့ ကိုယ့်ရင်ခုန်ခြင်းတွေဟာ ရေဒါပျောက်နေတယ်။
 သူ့မျက်ဝန်းတွေကိုစွဲစွဲလမ်းလမ်း အိပ်မက်ထဲထည့်မက်မိဖူးခဲ့။ ခုတော့လည်း မျက်ဝန်းတွေကို သတိရရင်း နေမှကောင်းရဲ့လားဆိုတဲ့ အဖြူဆန်ဆန် တမ်းတခြင်းသာရှိတော့ရဲ့။
 သူ့ဆံပင်စင်းစင်းလေးတွေ ရှုပ်နေတတ်တဲ့အခါကိုယ်တကယ်ကို လက်နဲ့ ဖြီးသင်ပေးချင်ခဲ့တာ။ ခုတော့လည်း ဘီးတစ်ချောင်းလက်ဆောင်ပေးသင့်တယ် ဆိုတဲ့ အတွေးထက် မပိုတော့။
 သူ့လက်ဖဝါးနုနုလေးတွေနီရဲနေတဲ့အခါ ကိုယ့်လက်ကလေးနဲ့ ထွေးပွေ့ရင်း နှစ်သိမ့်ချင်ခဲ့တာ။ ကိုယ့်လက်ဖဝါးကကြမ်းလွန်းနေတဲ့အခါ ကိုယ့်မှာ သိမ်သိမ်ငယ်ငယ်နဲ့ လက်နောက်ပစ်ခဲ့ရ။ ခုတော့လည်း အခင်ဆုံးသူငယ်ချင်းတစ်ယောက်လို နှစ်သိမ့်မပေးခဲ့ရခြင်းကိုသာ ယူကျုံးမရဖြစ်လို့။
 သူနဲ့ကိုယ့်တွေ့ဆုံမှုကို အဆင့် သတ်မှတ်လိုက်တဲ့အခါ ကိုယ်ဟာ သူ့အတွက် အဆင့်၃ ဖြစ်ခဲ့သလို သူဟာကိုယ့်အတွက် အဆင့် ၃သာသာကျန်ခဲ့။ မိတ်ရင်းဆွေရင်း။
ကိုယ်တကယ်ချစ်ခဲ့တယ် ဆိုတဲ့ ခံစားချက်ကို ယူကျုံးမရဖြစ်ရင်း အငမ်းမရလိုက်ရှာနေမိတယ်။ သူ ကျွန်တော့်ကို ပြန်လည်ပြုစားပါ။
(-)
မှော်ဆရာရဲ့ ဖြေလျော့ခြင်းခံလိုက်ရတဲ့ သားကောင်လေလား။ သူ ကျွန်တော့်ကို ပြုစားခြင်းတွေ ဖြေလျော့လိုက်ပြီလား။
မဟုတ်ဘူး။ မလုပ်ပါနဲ့။ ကိုယ်တိုင်ကိုက ကျေကျေနပ်နပ်ကြီး အပြုစားခံချင်တဲ့ ကောင်ပါ။ ရှင်သန်ခြင်းလမ်းရိုးမှာ နေထိုင်ရင်း သူနဲ့တွေ့မှ ဘဝကြီးက အရောင်တွေ စုံလာခဲ့။ခု သူတကယ်ကြီးဖြေလျော့လိုက်ပြီလား။ ကျွန်တော့်ရင်ထဲက သူ့အတွက်ချစ်ခြင်းတွေဟာပါးလျားဖျော့တော့ အဖြူဆန်ဆန်ကို နို့နှစ်ရောင် ကဲလွန်းတဲ့မိတ်ဆွေအဆင့်မှာ ရပ်နေလေရဲ့။
ကျေးဇူးပြုပြီး ဆက်ပြုစားပါ မှော်ဆရာ။
တိတ်တိတ်လေးတောင်းဆိုနေမိတယ်။ သူကို ချစ်နေရတဲ့ အရသာဟာ ဘာနဲ့မှမတူခဲ့ဘူး။ အရာရာဖြည့်ဆည်းပေးချင်ခဲ့၊ သူပြုံးပျော်အောင် ဖန်တီးပေးနေရရုံနဲ့ကို ကိုယ့်ရင်တစ်ခုလုံး ငြိမ်းချမ်းခဲ့တယ်။ ခု ကိုယ့်ရင်တစ်ခုလုံး ပူနေပြီ။ ဘာအရသာမှ မရှိဘူး။ ဖွယ်တယ်နိုင်တဲ့ အပူကို မြိုထားရတယ်။ သူ ကိုယ့်ကို ပြုစားပါ။ ဒုတိယမ္ပိ တောင်းဆိုလိုက်တယ်။ ရင်တစ်ခုလုံးဟာ တဟုန်းဟုန်းတောက်နေတုန်းပဲ။
(-)
အိပ်စက်ခြင်းရဲ့ အလှတရားဟာ အိပ်မက်ပဲ။ အိပ်စက်သမျှ အိပ်မက်တွေ ရောက်မလာတဲ့အခါ အိပ်စက်ဖို့ကို ကြောက်လာတယ်။ ကိုယ့်အိပ်မက်တွေဟာ အဖြူဆန်လွန်း။ ပါးလွှာလွန်းတဲ့အဖြူရောင်ကမ္ဗလာကို ချည်း ညစဉ်မြင်မက်နေရ။
အားးးးးးးးးးးးးးးးးးးးး။ အသက်ရှုကျပ်လိုက်တာ။
ကိုယ်မြင်ချင်တာ ကိုယ့်ချစ်ခြင်းတရားတွေရဲ့ ပုံရိပ်။ ကိုယ့်နှလုံးသားကို လှုပ်နိုးနိုင်မယ့် ပုံရိပ်။ ကိုယ့်ရဲ့ ၅၂၈ မေတ္တာကို နှိုးဆွပေးနိုင်မယ့် ခံစားချက်တွေ။ အရာရာ အရာရာဟာ ခြောက်ကပ်တိတ်ဆိတ်လွန်း။ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေကို လိုက်ရှာနေမိတယ်။ ကိုယ့်အိပ်မက်ကို ဘယ်သူခိုးသွားသလဲ။
မြူတွေ၊ မြူတွေ။ ကိုယ်ဟာ မှော်ဆရာရဲ့ မျက်ဝန်းကို မှတ်မိနေပေမယ့် ကိုယ့်စိတ်မှာ မှော်ဆရာ့အတွက် နူးညံ့ချိုရီခြင်းတွေမရှိတော့။ မှော်ဆရာ သူ့အဆိပ်တွေ ကိုယ့်ဆီကနေ ပြန်ယူသွားပြီလား။ မလုပ်ပါနဲ့။ ဒီအဆိပ်တွေကို ကိုယ်ချစ်တယ်။
ကိုယ်ပြောနေတဲ့ စကားသံကို သူကြားဖို့ ဘယ်လိုအသံနဲ့ ပြောရမလဲ။ ရင်ကွဲမတက်အော်ပစ်လိုက်တယ်။ ဘဝတစ်ခုလုံးကို အလွမ်းနဲ့ပဲ အဆုံးသတ်ရမယ်ဆိုရင်တောင်မှ ချစ်ခြင်းကို ခံစားခွင့်ရခဲ့တဲ့အတွက် ကိုယ် ကျေနပ်ကြောင်း သူ့ဆီကို ဘယ်လိုပို့ရမလဲ။ နယ်လွန်တယ်လီပသီနဲ့ ပို့လိုက်တိုင်း ပြန်လာတဲ့ အသံတွေမှာ သူပျောက်နေခဲ့….တယ်။
(-)
ဆက်ခနဲဆက်ခနဲ ကျလာတဲ့ မိုးစက်တွေကို ငေးရင်း သူ့အကြောင်းတွေးမိဖူးတာပေါ့။ ဒီချိန်ဆို သူမိုးမိနေမလား၊ ဖျားနေဦးမလား  လားပေါင်းများစွာ အမေးတွေနဲ့ သူ့အတွက် စိတ်ပူခဲ့ရ။ ခု မိုးစက်တွေမှာ ကိုယ့်ပူပန်ခြင်းတွေဟာ ပိန်းကြာရွက်ပေါ်က ရေလို ကြာရွက်လေး စောင်းလိုက်ရုံနဲ့ လျှောခနဲ ပျောက်ကျသွားမယ့် အဖြူရောင်တွေ။ နင့်နင့်သီးသီးစူးဝင်မလာဘူး။ သူ နေထိုင်ကောင်းမှာပါ ဆိုတဲ့ အတွေးနဲ့တင်ရပ်။ အားလုံးဟာ ပုံမှန်ဖြစ်လို့။ ကိုယ်တကယ် ခံစားချက်မဲ့နေပြီလား။
ပြန်လာပါ။ ပြန်လာခဲ့ပါ။ ပြန်လာခဲ့ပါ။
ကိုယ်တောင်းဆိုနေတဲ့ ချစ်ခြင်းတရားတွေဟာ ကိုယ့်ဆီကနေရှောင်ခွာနေလေသလား။ သူတို့ တစ်ချက်လေးတောင် လမ်းချော်မလာခဲ့ကြဘူး။ ကိုယ် အရောင်အဆင်းမဲ့လေဟာနယ်မှာ ပိတ်မိနေခဲ့။ ခံစားချက်ဗလာ။
 (-)
သေနေတဲ့ စိတ်တွေဟာ အချစ်မေတ္တာ မျက်နှာကြီးရာ ဟင်းဖတ်မပါဘူး။ ဗလာ။ အားလုံးဟာ ဗလာ။ ကိုယ့်အတွက်ဗလာ။ ဗလာကောင် ကိုယ့်အတွက် ခံစားချက်တွေက ဗလာဖြစ်လာတဲ့အခါ ရှင်သန်နေရတာကို က ဗလာဆန်လာတယ်။ ကိုယ် ငိုချင်တယ်၊ ရယ်ချင်တယ်၊ ပြုံးချင်တယ်၊ ခနဲ့ချင်တယ်၊ ရွဲ့ချင်တယ်။ ခံစားချက်မှန်သမျှကို နှလုံးသားဟင်းလေးအိုးကြီးထဲ ထည့်စုချင်မိရဲ့။ ခုတစ်ခဏမှာတော့ စိတ်တွေဟာ ရေသေအိုင်မှာ အသားကျ၊ နှလုံးသားကိုတောင် ထိန်းချုပ်ထားနိုင်လေတော့ ကိုယ့်ရှင်သန်ခြင်းဟာ ဖွယ်တယ်တယ်နိုင်လွန်းလှတယ်။


ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်