Wednesday, 10 July 2013

အစွန်းများ

ပေါင်းနုတ်မြှောက်စားနဲ့
အချိန်ကုန်နေရတာကြာလာတော့
စာရေးဖို့စိတ်ကလေးဟာ လူးလူးယိုင်ယိုင်ဖြစ်လာတယ်
သုည ငါးလုံးလေးဟာ
ဘယ်လောက်မှ အသုံးမခံတဲ့အခါ
တကယ်နေနိုင်ပါ့မလား ကိုယ့်ကိုယ်ကိုပြန်သံသယဝင်လာတယ်

အပူတောထဲ မတိုးချင်ပေမယ့်
အပူတောထဲက သုညလေးတွေကိုပဲ တမက်တမောကောက်ယူနေကြရတာ
ဒီသုညလေးတွေကပဲ ဘဝကို ထောက်ပံ့ပေးနိုင်တာဆိုတဲ့အတွေးနဲ့

ကိုယ့်လက်ကို ဆန့်
ကိုယ့်ခြေကိုယ်ဆန့်မိ
သုညလေးလုံးလောက်နဲ့
တစ်လစာ သုံးနိုင်မလား မလား ဆိုတဲ့အတွေးတွေနဲ့
ည ည အိပ်မရခဲ့
ငါက သုညလေးတွေကိုမှ မက်မောသူလား
ကိုယ့်ကိုယ်ကို ဆန်းစစ်ချင်လာမိပြီ

ကိုယ့်လက်ချောင်းလေးတွေက စာရေးချင်တယ်
ကိုယ့်ဝမ်းကလေးက ဆာတတ်တယ်
တစ်ဖက်က ဝါသနာ
တစ်ဖက်က ဝမ်းရေး
အတွေးလေးတွေ အဆုံးမသတ်နိုင်သေးဘူး
ဘယ်ဖက်ကို ယိမ်းရပါ့
ခြေမကျွံသေးတဲ့အခိုက် သေချာဆန်းစစ်ဖို့
ကြိုးစားနေမိရဲ့

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်