Tuesday, 23 July 2013

အချစ်=.အချစ်

 
ဒီနေ့သည် သူနှင့်ကျွန်မ တရားဝင် လမ်းခွဲသောနေ့ဖြစ်သည်။ တရားဝင်လမ်းခွဲရန်အတွက် တစ်ယောက်နှင့်တစ်ယောက် ဆုံတွေ့ရန် စတင်ကမ်းလှမ်းခဲ့သူမှာ သူဖြစ်ပေမယ့် ကျွန်မကလည်း မငြင်းခဲ့ပါ။ အမှန်တကယ်ဆို ကျွန်မကိုယ်တိုင်ကိုက သူ့ကို မွတ်မွတ်သိပ်သိပ် လွမ်းဆွတ်နေခဲ့တာဖြစ်သည်။         
အတိတ်တချို့တွင် သူက ကျွန်မကို “မ” ဟုခေါ်၍ ကျွန်မက သူ့ကို “မောင်” ဟု ခေါ်ခဲ့ပါသည်။ အတိတ်တချို့တွင်မူ သူက ကျွန်မကို “ခိုင်နွယ်ဦး” ဟု လေသံမာဖြင့်ခေါ်တတ်၍ ကျွန်မကလည်း သူ့ကို “ဘုန်းထက်ခေါင်” ဟု လေသံမာဖြင့် ပြန်အော်တတ်ပါသည်။ သူ့ထံတွင် ကျွန်မချစ်သော ပါးချိုင့်လေးများမရှိသလို ကျွန်မထံတွင်လည်း သူသဘောကျသည့် ဆံနွယ်ရှည်များမရှိခဲ့။ သူ့ထံတွင် ကျွန်မလိုအပ်သော ငွေကြေးဓနဥစ္စာမရှိသလို ကျွန်မထံတွင်လည်း သူလိုအပ်သော ငွေကြေးဓနဥစ္စာမရှိခဲ့။ သူနှင့် ကျွန်မသည် ကံကြမ္မာမှားဆုံလာခဲ့သော ချစ်သူနှစ်ဦးဖြစ်ခဲ့သည်လား။ အငယ်တန်းစာရေးကျွန်မနှင့် တွင်ခုံလုပ်သားတစ်ဦး၏ ချစ်သူဘဝသည် ပျင်းရိဖို့ မကောင်းခဲ့။ ဌာနဆိုင်ရာဝန်ထမ်းဆိုသည့် ဝတ်ရုံကို သူနှင့်တွေ့လိုက်သည့်အချိန်တိုင်းတွင် ချွတ်မိမြဲ။ သူနှင့်တွေ့စဉ်တိုင်းဝယ် ကျွန်မသည်ကလေးတစ်ယောက်ဖြစ်သွားသည်။ သို့မဟုတ် ကျွန်မသည် သာမန် မိန်းမလေးတစ်ဦးအဖြစ် ရောက်ရှိသွားသည်။ သို့သော် နှုတ်ခမ်းပဲ့ချင်းမီးမှုတ်ဖို့တော့ သူကော ကျွန်မပါ ကြောက်ခဲ့သည်မှာအမှန်ပင်။

            ဟိုးယခင် မိုးစက်တွေထဲ အမိုးအကာမပါပဲ လမ်းလျှောက်ခဲ့စဉ်က သူနှင့် ကျွန်မ တစ်ယောက်လက်ကိုတစ်ယောက် မတွဲထားခဲ့ပါ။ ချစ်သူမဖြစ်ခင်ကကော၊ ချစ်သူဖြစ်ပြီးနောက်ပိုင်းကော မိုးစက်များကြား အမိုးမပါပဲ လမ်းလျှောက်ဖို့နှစ်သက်သော သူနှင့် ကျွန်မသည် အတူတူလမ်းလျှောက်ဖြစ်ခဲ့သော်လည်း တစ်ယောက်လက်ကို တစ်ယောက်တွဲဖို့ကိုတော့ မေ့လျော့ကြမြဲ။ သူသည် အချုပ်နှောင်ခံလိုခြင်းကင်းသည်တဲ့။ တစ်ချိန်က ကျွန်မကို ဖွင့်ပြောခဲ့ဖူးသည်။ ကျွန်မဘက်က ခဏတော့ စိတ်ကောက်ပြခဲ့ဖူးသည်ထင်၏။ သို့သော် ကျွန်မ နှစ်သက်ခဲ့ပါသည်။ ကျွန်မကိုယ်တိုင်လည်း အနှောင်အတွယ်ကင်းချင်ပါသည်။
            သူနှင့်ကျွန်မကြားဝယ် နှောင်တွယ်သံချိုချိုလေးများနှင့် ဖုန်းသံများရှိသည်။ သူနှင့် ကျွန်မကြားဝယ် နှောင်တွယ်လိုဟန် ပြုံးချိုနေကြသော ဓါတ်ပုံလှလှလေးများ အယ်လ်ဘမ်နှစ်ခုစာအပြည့်ရှိသည်။ သူနှင့် ကျွန်မကြားဝယ် စိမ်းသက်သော ခြားနားမှုများရှိသည်။ ယခု သူနှင့် ကျွန်မ မိုးစက်များကြား လမ်းလျှောက်နေခဲ့ပါသည်။ တစ်ယောက်လက်ကို တစ်ယောက် တွဲထားခဲ့ပါသည်။ သို့သော် သူ့ရင်တွင်းကိုတော့မသိ။ကျွန်မ ရင်တွင်းမှာတော့ ပူလောင်ဆူပွက်နေသည်မှာ အမှန်ပင်ဖြစ်၏။ ကျွန်မ လွတ်တဲ့ ငါး ကြီးချင်နေပါသည်။ သူ့ကို ကျွန်မ ပိုင်ဆိုင်နေချင်သေးသည်။

            အတိတ်(၁)
            “မောင်….”
            “ဘာတုန်း မ ရဲ့”
            “ထီးမဆောင်းချင်ဘူး မိုးစက်ထဲ လမ်းလျှောက်ရအောင်လေ မောင် လည်း ထီးမဆောင်းနဲ့”
            “အိုခေ မောင်က ဒီစကားကို အစောကတည်းက ပြောချင်နေတာ မ ဖျားမှာစိုးလို့သာ ငြိမ်နေရတာ”
            ထီးကို ဖြောင်းခနဲပိတ်လိုက်သော မောင့်ကို ကြည့်ရင်း ကျွန်မ ကျေနပ်စွာပြုံးလိုက်မိကာ တဖွဲဖွဲကျနေသော မိုးစက်လေးများ၏ ဆွဲဆောင်မှုနောက်သို့ လိုက်ပါစီးမြောလိုက်တော့ အမိုးအကာမဲ့မျက်နှာသို့ ထိမှန်လာသော မိုးစက်လေးများကြောင့် အေးစိမ့်သော အထိအတွေ့နှင့်အတူ စိတ်က လန်းဆန်းတက်ကြွသွားရသည်။ မောင့်ကိုကြည့်တော့ မောင်လည်းသဘောကျနေဟန်တူ၏ မျက်နှာက ခပ်ပြုံးပြုံးနှင့်။
            လမ်းလျှောက်ရင်းလွှဲနေသော မောင့်လက်ကိုကြည့်ကာ ကျွန်မကိုယ်တိုင်လည်း လွတ်လပ်သောလက်အစုံကို ချုပ်နှောင်ချင်စိတ်ကင်းခဲ့သည်။ ကျွန်မ၏ လက်အစုံကိုလည်း လွတ်လပ်သော လက်များအဖြစ်သာ မြင်လိုသည်မဟုတ်ပါလား။ လွတ်လပ်သော လက်အစုံသည် ဂျင်းဘောင်းဘီ အိပ်ကပ်ထဲ လက်ထည့်လျှောက်လိုက်ရုံမျှနှင့်ပင် ကိုယ့်ကိုယ်ကို စတိုင်ကျသော လမ်းလျှောက်ပုံဟု ထင်မိခြင်းက ကျွန်မရဲ့ စိတ်ရူးပေါက်မှုတစ်ခုသာဖြစ်မည်။
            မောင်နှင့် ကျွန်မ ဘဝဝယ် မိုးစက်များထဲ လမ်းလျှောက်ခြင်းကဲ့သို့ ရူးနှမ်းနှမ်းအလုပ်များစွာကို အတူတကွလုပ်ဆောင်ဖူးသည်။ ငါးထပ်တိုက်ခေါင်းလောင်းကို သွားဆွဲရင်း မသိချင်ယောင်ဆောင်နေတတ်ခဲ့ခြင်းမျိုး၊ လူခေါ်ခေါင်းလောင်းကိုနှိပ်၍ ပုန်းနေတာမျိုးတို့ပင်ဖြစ်သည်။ ရံဖန်ရံခါလည်း ခရုတစ်ကောင်ကို နှစ်ယောက်အတူခွဲ၍ ငါးအတူမျှားခဲ့ဖူးသည်။ မောင်တစ်ယောက်ထဲ ခရုကို ခွဲလျှင် မောင်တစ်ယောက်တည်း ငရဲကျမှာစိုး၍ ဖြစ်သည်။ တခါတခါကျတော့လည်း ဘာရယ်မဟုတ်ပါပဲ လမ်းဘေးတွင်ရှိသော ကုလားမန်ကျည်းသီးပင်မှ အသီးများခူး၍ နှစ်ယောက်အတူ စားခဲ့ဖူးသည်။  မောင်နှင့် ကျွန်မတွင် တူညီသည့် ဝါသနာတစ်ခုက လက်ဖက်ရည်ဆိုင်ထိုင်ခြင်းပင်။ လက်ဖက်ရည်ဆိုင်ဝယ် ကျဆိမ့်တစ်ခွက်မှာကာ စာအုပ်ထိုင်ဖတ်ရခြင်းမျိုးကို မောင်လည်း နှစ်သက်၍ ကျွန်မလည်း နှစ်သက်သည်။ သို့သော် မောင်နှင့်မတွေ့ခင်ကတည်းက လက်ဖက်ရည်ဆိုင်ဝယ်တစ်ယောက်တည်းထိုင်တတ်သော ကျွန်မကို မောင် မပါပဲ မထိုင်ရ ဟု မောင်က စတင် ချုပ်ချယ်လာသည့်အခါ ကျွန်မ စိတ်ညစ်ဖူးခဲ့သည်။ သို့သော် မောင့်အကြိုက်ကို ကျွန်မ လိုက်လျောခဲ့ပါသည်။
            ကျွန်မ ဘာလုပ်လုပ် မောင့်ကို အသိပေးခဲ့သလို မောင်ဘာလုပ်လုပ် ကျွန်မကို တစ်နေ့တာ အသိပေးခြင်း ပြုလုပ်ဖို့ ကတိထားခဲ့ကြသည်။
           
အတိတ်(၂)
            “ဒေါ်ခိုင်နွယ်ဦး ခင်ဗျားက ကျုပ်ပြောတဲ့စကားကို အလေးမထားတဲ့သဘောလားဗျ”
            ကျွန်မထက် အသက်နှစ်နှစ်မျှသာငယ်၍ တော်တော့သည်။ ခြောက်နှစ်ငါးနှစ်များငယ်လျှင်ဖြင့် ကျွန်မကချည်းချော့နေရမည်လားဟု တွေးရင်း စိတ်ပေါက်ပေါက်နှင့် ကုန်းအော်ပစ်လိုက်မိသည်။
            “ဒီမှာ ဘုန်းထက်ခေါင်ရဲ့ မင်းပြောတဲ့စကားကို အလေးထားတာမထားတာထက် ဖြစ်လာတဲ့အခြေအနေပေါ်မှာ ဖြစ်သင့်တဲ့ အခြေအနေတစ်ခုပြောင်းလိုက်ရုံပဲ ဒါမှ မကျေနပ်လည်း မတတ်နိုင်ဘူး ”
            တိတ်ဆိတ်သွားသည့်အခြေအနေတစ်ရပ်တွင် မောင်က စကားမဆိုချင်တော့ဟန်နှင့် လမ်းမဘက်သို့ ငေးနေသည်။ ကျွန်မကလည်း စကားပြန်မဆိုချင်တော့။ ကျသင့်ငွေကို ရှင်းပြီး အအေးဆိုင်မှ ထွက်တော့ မောင်က သူ့အအေးခွက်ဖိုး ကမ်းပေးလာသည်။ စိတ်ဆိုးပြီ၊ ဒေါသထွက်ပြီဆိုလျှင် မောင်က သူ့အကျင့်အတိုင်း သူသောက်သည့်၊ သူစားသည့် ကျသင့်ငွေကို မရမကလိုက်ပေးတတ်သည်မှာ ကလေးဆိုးကြီးနှယ်ပင်။
            မောင်ပြောသလိုပဲ အလုပ်ဆင်းတဲ့အချိန်မှာ မောင့်ကို စောင့်တာပါပဲ။ ဒါပေမယ့် ကားနဲ့ အိမ်ကို လိုက်ပို့ပေးမယ့် သူငယ်ချင်းတစ်ယောက်နှင့်တွေ့ရခြင်းသည် ကျွန်မအမှားမှမဟုတ်ပဲ။ မောင့်ကို နာရီဝက်ကြာထိစောင့်ခဲ့ပါသည်။ မောင်မလာသည့်နောက်ဆုံးမှ သူငယ်ချင်းကားနှင့် အိမ်ပြန်လိုက်ခြင်းသည် အမှားဟု ကျွန်မတော့မထင်။ အနည်းဆုံးတော့ ကျွန်မတွင် ဘက်စ်ကားတိုးစီးရမည့် အချိန် သက်သာသွားသည်။ အိမ်သို့စောစောပြန်ရောက်၍ စောစောနားရသည်မဟုတ်ပါလား။ တီလေးကတောင် ပြောသေးသည်။ “ငါ့တူမ ဒီနေ့တယ်စောပါ့လား ” တဲ့။ “နောက်နေ့လည်း ဖြစ်နိုင်ရင်စောစောပြန်လာပါ ခိုင်ရယ် တီလေးတစ်ယောက်ထဲ အိမ်မှာပျင်းရန်ကော” တဲ့လေ။
            ဟုတ်တော့လည်း ဟုတ်သည်။ တီလေးနှင့် ကျွန်မသည် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ တစ်ယောက်နှင့်တစ်ယောက် မှီခိုနေရသောဘဝများပင်။ လောကတွင် သွေးရင်းသားရင်းဟူ၍ တစ်ယောက်နှင့်တစ်ယောက် လက်ညိုးထိုးပြစရာ ဒီနှစ်ယောက်သာရှိသည့်ဘဝမဟုတ်လား။ ဒီကြားထဲ ငါးထပ်ဆိုသည့် တိုက်ခန်းကျယ်ကြီးဝယ် စကားပြောဖေါ်လည်း မရှိဆိုတော့ တီလေးတစ်ယောက် ကျွန်မကို မျှော်ရှာမည်ပေါ့။
            ခုတော့ မောင်က သူ့ကို မစောင့်၍ ဟု အပြစ်တင်သည်။ တကယ်ဆို စောင့်ရခြင်းကို မနှစ်သက်သော ကျွန်မ၏ အကျင့်စရိုက်ကို သူ သတိထားမိသင့်သည်။ ခုတော့..။

အတိတ်(၃)
            “မောင်”
            “ပြောလေ မ”
            “မတို့ချစ်သူသက်တမ်း တစ်နှစ်ရှိပြီနော်”
            “ဟုတ်တာပဲ ဒီနေ့မဟုတ်လား”
            ပြောင်ချော်ချော်ရွှတ်နောက်နောက် မေးလာသော သူ့ကို မျက်စောင်းရွယ်မိရင်း
            “မဟုတ်ပါဘူး ချစ်သူသက်တမ်းတစ်နှစ်ပြည့်ပြီးတာ ၁၀ ရက်တောင် ကြာခဲ့ပြီ ခုက သတိပေးတာ ဒီတစ်နှစ်အတွင်း မောင်ဘာတွေများ ပြောင်းလဲခဲ့လဲ လို့ ကိုယ့်ကိုယ်ကို ဆန်းစစ်ဖို့ သတိပေးတာ မ တောင် အကြီးတန်းစာရေးအဖြစ်ရာထူးတိုးပြီမဟုတ်လား”
            “အဟက် လက်စသတ်တော့ မ က ဘူဇွာပဲ အချစ်ကို ငွေကြေးနဲ့တွက်ကြည့်ဖို့ကြိုးစားနေတာမဟုတ်လား”
            “မဟုတ်ဘူး မောင့်အတွက်စေတနာနဲ့ပြောတာ စေတနာကို မစော်ကားနဲ့ မောင်”
            “အဟက် စေတနာကလည်း ပြောပုံလိုနေတယ်”
            “မ က စကားပြောရင် သိုင်းဝိုင်းမပြောတတ်တာ မောင်လည်း သိနေတာပဲ ခုမှ စကားအထလာမကောက်ပါနဲ့”
            “အိုခေ စကားအထမကောက်ဘူး မောင်နဲ့ လက်ထပ်မလား ပြော”
            “ဘာရယ်”
            “လက်ထပ်မလား လို့”
            “လက်ထပ်ပြီးရင် ဘယ်မှာနေမှာလဲ မင်္ဂလာဆောင်တော့ ဘယ်ခန်းမမှာဆောင်မှာလဲ ဒါမှမဟုတ် ဘယ်ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်မှာလဲ မောင့်မိဘတွေကကော အစ်ကိုကြီးအဖအရာဆိုတဲ့ စကားနဲ့အညီ မောင့်ညီနှစ်ယောက်ရဲ့ တာဝန်ကို မထမ်းခိုင်းတော့ဘူးလား မောင်က ကိုယ်လွတ်ရုန်းပြေးပြီး မောင့်မိဘက အိုကြီးအိုမနဲ့ ဆက်လုပ်ကျွေးနေရဦးမှာလား”
            “တော်တော့ ခင်ဗျား ပြောလိုက်ရင် ဒါတွေချည်းပဲ ကျုပ်က ကိုယ်လွတ်ရုန်းမလားဗျ ကိုယ်ချစ်တဲ့သူနဲ့လည်း အတူနေပြီးတော့ ကိုယ့်ညီနဲ့ မိသားစုကိုလည်း ပြုစုစောင့်ရှောက်မှာပေါ့ ခင်ဗျား ကျုပ်ကို အထင်သေးလှချည်လား”
            “မဟုတ်ဘူးလေ မောင့် လစာနဲ့ ကိုယ့်ဘာသာ ပြန်လည်းတွက်ကြည့်ပါဦး မ က မိန်းကလေးဆိုတော့ အဲဒါတွေ အလိုလို ထည့်တွက်မိတာပေါ့”
            မျက်မှောင်ကျုံ့နေသော မောင့်မျက်နှာကို ကျွန်မ ပြုံးကြည့်နေမိသည်။ သွားစွယ်လေးနှစ်ခုကို ဖုံးကွယ်ထားသော နှုတ်ခမ်းနှစ်လွှာကို စိတ်ဆိုးမိသော်ငြား မောင်က အခုလို ရုပ်တည်လေးဖြင့်နေတော့လည်း ကြည့်ကောင်းနေပြန်ပါသည်။ ထိုစဉ်ကတည်းကကျွန်မအသိတွင် ရှိနေသည်က မောင်သည်ကျွန်မ လက်ထပ်ရန်မသင့်သော ယောင်္ကျားဟူ၍ပင်။ သူ့မိသားစုဝန်ကို ထမ်းဖို့ပင် မနိုင်သေးသော ချစ်သူကို ကျွန်မရဲ့ဝန်ကို ပေးဖို့ လွယ်ပါ့မလား ဆိုသည့် သံသယလေးနှင့် မောင့်ကို ကျွန်မ လက်မထပ်ဝံ့ခဲ့။
            ထိုနေ့ကမောင်စကားနည်းခဲ့သည်။

            အတိတ်(၄)
            ထို့နောက်ပိုင်း မောင် လူအလာကျဲသွားသည်။ဖုန်းသံလေးတွေ အနည်းငယ် များလာသည်။ သို့သော် လူချင်းမတွေ့ရတော့ အလွမ်းကမပြေ။ အရင် တွေ့ဆုံတုန်းက ရိုက်ခဲ့သော ဓါတ်ပုံလေးများဖြင့် အလွမ်းဖြေရသည်။ ကျွန်မနဲ့မောင့်ရဲ့ တစ်နေ့တာ ကတိလေးတွေကိုမောင်မေ့နေလေပြီလား။ ရပ်ကွက်ချင်းတူပေမယ့် အရင်လို ညနေတိုင်းတွင် မောင့်ကို မတွေ့ရတော့။ မောင် ဂစ်တာထိုင်တီးနေကျ အုတ်ခုံလေးဝယ် သူစိမ်းလူငယ်လေးတွေရောက်နေချေပြီ။ ကျွန်မရဲ့ အလုပ်သွားအလုပ်ပြန်သည် ကြိုပို့လုပ်သည့် မောင်မရှိတော့ ခြောက်သွေ့သည့်နံနက်ခင်းနှင့် ပူလောင်သည့် ညနေခင်းတို့ဖြစ်လာသည်။ ကျောပိုးအိတ်တစ်လုံးနှင့် ဂျစ်ကန်ကန်နေဆဲ ကောင်မလေးတစ်ယောက်ကို မောင်ချောင်းကြည့်နေသလားဟူသည့် အတွေးနှင့် ဘေးဘီဝဲယာသို့ လှည့်ပတ်ရှာဖွေမိသည်မှာ ခဏခဏ။ သို့သော် မောင်နေစိမ့်သည်။ နေနိုင်ရက်သည်။
            ခေါင်းကို ဆက်ခနဲ ခါယမ်းပစ်မိရင်း အတိတ်ဆီမှ ရုန်းထွက်ပစ်လိုက်မိသည်။ ထိုအချိန်တွင်ပင် မောင့်ဆီမှ
            “မောင် မလေးကိုသွားအလုပ်လုပ်တော့မယ်”
            “ကောင်းသားပဲ သွားပေါ့”
            ဆက်ခနဲကြည့်လာသော မောင့်အကြည့်တို့ကို မမြင်သယောင်ပြုရင်း မိုးစက်ကလေးများကို လက်ဖြင့် လိုက်ဖမ်းနေမိသည်။ ဘာအဓိပ္ပါယ်နှင့်ပြောပြော ဒီနေ့သည် မောင်နှင့် ကျွန်မအတွက် လမ်းခွဲနေ့ဖြစ်သည်ကိုတော့ မငြင်းသာ။ သူ နှင့် ကျွန်မ တရားဝင်လမ်းခွဲဖို့ရာ တွေ့ဆုံကြမည်ဟု မောင်ကပဲ စတင်ပြောလာသည်မဟုတ်ပါလား။ ထို့နောက် အတော်ကြာအောင် သူ့ဘက်မှ တိတ်ဆိတ်နေပြန်သည်။
            “ဒီမှာလမ်းခွဲစာချုပ် နောက်နှစ်နှစ်နေလို့မှ မောင်ပြန်မလာရင် မ ကြိုက်တဲ့သူနဲ့ လက်ထပ်ခွင့်ရှိတယ်”
            ထိုစကားကြောင့် မောင့်မျက်နှာမှ အရိပ်တို့ကို အမောတကောလိုက်ရှာမိသည်။ မည်သည့် အဓိပ္ပါယ်ကို ဆောင်ပါသလဲ ဟုပင်။
            “မ နဲ့ နီးဖို့မောင် မဖြစ်မနေကြိုးစားမယ် ဒီနှစ်နှစ်အတွင်းပေါ့။ အိမ်ကိုလည်း ထောက်ပံ့နိုင်အောင်ကြိုးစားမယ်။ အခုလုပ်နေတဲ့ အလုပ်က တစ်လမှ တစ်သိန်းခွဲပဲ ရတာဆိုတော့ မနဲ့မောင့်အတွက် စုဖို့ သိပ်မကာမိဘူး ကုမ္ပဏီက မလေးသွားမယ့် စာရင်းတောင်းတော့ မောင်စာရင်းပေးလိုက်တာ သိပ်တော့ထူးထူးထွေထွေမလုပ်ရပါဘူး ဒီမှာလိုပဲ တွင်ခုံသမားသတ်သတ်ပါပဲ မလေးနဲ့ မောင်တို့ ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး အလုပ်ရှာဖွေပေးတဲ့ သဘောမျိုးပေါ့”
            မောင့်စကားသံမှာ ကျွန်မ အသက်ရှုရပ်မတက် အံ့သြလွန်းစွာ ပြန်ပြောဖို့ မေ့လျော့နေသည်။
            “ဒါပေမယ့် ဒီနှစ်နှစ်အတွင်းမှာ မှ မ နဲ့အတူနေဖို့ မကြိုးစားနိုင်ဘူးဆိုရင် မကြိုက်သလို အပြစ်ပေးပါ ခုတော့ ဒီလမ်းခွဲစာချုပ်လေးမှာ လက်မှတ်ထိုးပေးနော်”
            သူကမ်းပေးလာသည့် လမ်းခွဲစာချုပ်လေးကို ကြည့်လိုက်တော့
            “ကျွန်တော်မောင်ဘုန်းထက်ခေါင်သည် ခိုင်နွယ်ဦး ဆိုသည့်ချစ်သူ နှင့်နီးစပ်ရန် ဤနှစ်နှစ်အတွင်း မဖြစ်မနေအပြင်းအထန်ကြိုးစားပါမည်။ နှစ်နှစ်ပြည့်၍ လက်ထပ်ခြင်း မပြုနိုင်ပါက ချစ်သူအဖြစ်မှ စွန့်လွှတ်ခွဲခွာပေးပါမည်။” တဲ့လေ။
            ကွယ် မောင်က ဒီလို ကလေးဆန်ဆန်လေးလည်းလုပ်တတ်သေးသလား။ နှလုံးသားမှ ရယ်မြူးချင်စိတ်သည် ထိန်းမရနိုင်တော့။တဟားဟား အော်ရယ်နေသော ကျွန်မကို ပြုံးကြည့်နေသည့် မောင့်မျက်နှာမှာ ရှက်သွေးကြွယ်စွာ ပန်းနုရောင်သမ်းနေပြန်သည်။ ကြည့် ဒီလိုချစ်သူလေးကို နှစ်နှစ်ကြီးတောင် အဝေးကို ပို့ထားရမယ်ပေါ့ ဆိုသည့်အတွေးလေးနှင့် အနည်းငယ်တော့ ဆွေးသွားသော်ငြား မောင်ပျော်အောင် ကျွန်မလည်း ပျော်ပြနေပါသည်။ မောင့်အပြုအမှုလေးကို ကြည်နူးစိတ်နှင့်အတူ သံန္နိဌာန်ချလိုက်မိသည်က ကျွန်မလည်း ပိုက်ဆံစုတော့မည်ဟု။ လက်ထပ်ဖို့ကို မောင့်တစ်ယောက်တည်း တာဝန်ပေးထားလို့မရဘူး မဟုတ်လား။ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ဖို့ ကျွန်မ မကြောက်တော့။ မောင့်ပုခုံးပေါ်သို့ မှီနွဲ့ရင်း မောင့်လက်ကို ပို၍ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်မိသည်။
            “တီလေးကိုလည်း မောင်ကိုယ်တိုင် လာနှုတ်ဆက်ပါဦးမယ် မသွားခင်တစ်ရက်လောက်ပေါ့ ဒီတစ်ခါတော့မ ချစ်သူပါလို့ မိတ်ဆက်ပေးမယ်မဟုတ်လား မ”
            မောင့်လက်ကို ပိုပြီးတင်းတင်းကျပ်ကျပ်ဆုပ်ထားမိတာ ကျွန်မ မမှားပါဘူးနော်။ မောင်က ကျွန်မအရမ်းချစ်ရတဲ့၊ ကျွန်မကိုလည်း ချစ်တဲ့ ကျွန်မရဲ့ ချစ်သူ။ ဟုလည်းကိုယ့်ကိုယ်ကိုအားပေးရင်း …..။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်