အခန်း(၁)
“အမေ သမီး မလုပ်ချင်ဘူး အမေရယ်….အဖေ့ကို ရိုးရိုးသားသားပြောပြီး ဈေးဖိုးပိုတောင်းလိုက်ပါ့လား”
“မရလို့ပေါ့အေ…ငါးထောင်ထဲပါအေ..ညည်းအဖေက သူ့ပိုက်ဆံအိတ်ကို သတ်သတ်မှတ်မှတ်ရေတွက်မထားပါဘူး..ဒီတစ်ခါတည်းပါအေ..အရေးကြီးနေလို့မို့ပါ”
“မိသွားရင် သမီးကို အဖေက ရိုက်မှာ…အဖေအရိုက်ကြမ်းတာလည်း သိရဲ့သားနဲ့”
“မိသွားရင် ငါပြောပေးမယ်အေ..ဒီတစ်ခါတည်းပါဆိုကာမှပဲ”
“ဟင်း….”
“ဒီတစ်ခါတည်းနော်အမေ ”…
“အေးပါအေ..ဒီတစ်ခါတည်း..ဒီတစ်ခါတည်း”
ဇွတ်အတင်း မေးလာသော သမီးကို ပြီးလွယ်စီးလွယ်သာ ခေါင်းညိတ်ပြလိုက်ရသည်။ တကယ်က မအေးရင်ထဲလည်း မချိပါ။ သမီးလေးကို ခုလိုခိုင်းလိုက်ရသည့်အတွက် သူမရင်ထဲလည်း ရှက်ရွံ့နေသလို သမီးလေးကိုလည်း သနားနေရသည်မဟုတ်ပါလား။
အခန်း(၂)
အိပ်ပျော်နေသော ဦးဇော်နှင့် မအေး၏ ခြင်ထောင်ထဲသို့ ကလေးလက်ကလေးတစ်ဖက်ဝင်လာသည်။ ထို့နောက် သူမ၏ လက်ချောင်းသေးသေးလေးကို ဦးဇော်၏ခေါင်းအုံးအောက်ထဲ အသာအယာသွင်းကာ ပိုက်ဆံအိတ်ကို ရှာလိုက်သည်။ တွေ့ပါပြီ။ ပိုက်ဆံအိတ်ဇစ်ကို အသာအယာဆွဲကာ အုပ်လေးများထဲက ဟိုတစ်အုပ် တစ်ရွက်၊ ဒီတစ်အုပ်တစ်ရွက် ဆွဲလိုက်သည်။ ပြီး ပြန်ထုတ်ကြည့်လိုက်၏။ ငါးထောင်ပြည့်ပြီ။ ဇစ်ကို အသာဆွဲပိတ်ကာ ပိုက်ဆံအိတ်ကို ဦးဇော်၏ ခေါင်းအုံးအောက် ပြန်သွင်းပေးလိုက်သည်။ ဦးဇော်ကတော့ တခူးခူးနှင့် အိပ်ပျော်လို့။ မအေးကတော့ အိပ်ချင်ဟန်ဆောင်လို့။
“တော်လိုက်တာဟယ် ညည်းအဖေမသိအောင် ယူတတ်သားပဲ”
သမီးလေးကို ချီးကျူးရင်း မအေး သူမလက်ထဲက ငွေငါးထောင်ကို တရွှမ်းရွှမ်းရေပစ်လိုက်သည်။ ဒါဆိုလျှင်တော့ အကြွေးဖဲ့ဆပ်ရင်း နောက်ထပ်ကံစမ်းလို့ရပြီဟုလည်း တွေးလိုက်မိသေးသည်။
“အမေ့ သမီးကို မုန့်ဖိုးပေးဦး ခါတိုင်းထက်ပိုပေးနော် ခါတိုင်းပေးတဲ့ ၁၀၀ က အသုပ်တစ်ပွဲစာပဲရှိတယ် သမီးက အအေးလည်းသောက်ချင်တာ”
“ရော့ ရော့ ငါးရာယူသွား”
လိုအပ်လျှင် နောက်ထပ်ယူခိုင်းရန် သမီးလေးကို မုန့်ဖိုးဖောဖောသီသီပင် ပေးလိုက်သည်။ ဒါမှသူလည်း ကျေနပ်သွားမည်မဟုတ်လား။
အခန်း(၃)
လက်ကလေးတစ်ဖက် ခေါင်းအုံးအောက်သို့ ဝင်သည့် အကြိမ်အရေအတွက် စိပ်လာသည်။ နောက် မအေးမသိအောင်ပင် ပိုယူတတ်လာခဲ့ပြီဖြစ်၏။ ဦးဇော်ကြီးကတော့ အိပ်ကောင်းတုန်း။ကလေးတစ်ယောက်၏ ပျက်ယွင်းလာသော ကိုယ်ကျင့်တရား၊ ကျောင်းခန်းထဲဝယ် ပိုက်ဆံသုံးနိုင်သူ ကျောင်းသူတစ်ဦးအဖြစ်ကို မက်မောမှု ထိုအရာတို့ကို ထိန်းချုပ်နိုင်မည့်သူ မရှိတော့။။ သို့သော်..
ဦးဇော် စက်ဘီးဘရိတ်ကြိုးကို ခပ်ဆဆချိန်ရင်း သမီးငယ်ကို မေးလိုက်သည်။
“ဘာလို့ယူတာလဲ ခိုးတယ်ဆိုတာ ကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လား ဟင်”
ထိတ်လန့်ကြောက်ရွံ့နေသော သမီးငယ်၏ မျက်ဝန်းအစုံက မအေးဆီရောက်သွားတော့ ဦးဇော် အနည်းငယ်ဝမ်းသာသွားသည်။ ကိုယ့်အသိဥာဏ်နှင့်ယူခြင်းမဟုတ်ပါပဲ သူ့အမေခိုင်းခြင်းဟု ဦးဇော် နားလည်ထားသည်။ သမီးလေးတွင် ခိုးတတ်ဝှက်တတ်သည့်အကျင့်မရှိပါ။ ခုတော့ လက်သည်ပျောက်နေသည်မို့ သမီးလေး ဖွင့်ပြောစေချင်သည်။ သူ့အမေဟု ဖွင့်ပြောလိုက်လျှင် မိန်းမကိုလည်း ဆုံးမ၍ ရမည်မဟုတ်လား။
“ဘယ်သူယူခိုင်းတာလဲ မကြောက်နဲ့ သမီး ပြော”
သမီးငယ်ဆီက အသံ ထွက်မလာ။ မအေး၏ မသိမသာ ခေါင်းယမ်းပြခြင်းကို ဦးဇော်မမြင်လိုက်ရ။
“ရွှမ်း..ရွှမ်း…ရွှမ်း”
……………………
ဦးဇော် အိပ်နေသော သမီးငယ်ကို လှမ်းကြည့်မိရင်း သက်ပြင်းချလိုက်မိသည်။ ရိုက်သာရိုက်ရသည်။ စိတ်မကောင်း။ ဒါ ဘယ်သူ့ကြောင့်လဲ ဆိုတာကိုလည်း သူသိသည်။ သမီးငယ်မှာ ဒီလိုခိုးယူတတ်တဲ့အကျင့်မရှိ။ တစ်ယောက်ယောက်က သင်းပေးခြင်း။ သမီးငယ်ကို ဒီလို လုပ်ဆောင်ဖို့ရာ တွန်းအားပေးနိုင်သူမှာ သူ့မိန်းမတစ်ယောက်သာရှိသည်။ ခက်တာက သမီးငယ်က အရိုက်ခံရတာတောင် သူ့အမေနာမည်မပြောတော့ သူ့မိန်းမသူ ပြောဖို့ရာကလည်း ခက်နေပြန်ပါသည်။ အဲဒီလိုမပြောတဲ့ သမီးငယ်ရဲ့ စိတ်ဓါတ်လေးကိုလည်း ချစ်မိပြန်ပါသည်။
အပြစ်မပေး၍ မဖြစ်သောကြောင့်သာ ပေးလိုက်ရသည်။ တစ်ကယ်ကို စိတ်ထဲဝယ် မကောင်း။
ဘာပဲဖြစ်ဖြစ် ဒီလိုအပြစ်ပေးခြင်းကြောင့် သမီးငယ်လေး၏ စာရိတ္တမဏ္ဍိင်လေးပြန်လည် ထူထောင်နိုင်သွားမည် ဟု သူယုံကြည်သလို ဘယ်သောအခါမှ ပျက်စီးခြင်းမရှိတော့ဟုလည်း ယုံကြည်ထားမိပြန်ပါသည်။
သမီးငယ်စိတ်ထဲ မအေဖြစ်သူကို ငြိုငြင်သွားမလား။ ကလေးတို့သဘာဝ ခဏတော့မှတ်ထားနိုင်ပါသည်။ သိပ်မကြာခင် မအေကိုချစ်သော သမီးငယ်လေးအနေဖြင့် မေ့သွားပါလိမ့်မည်။
ဟော..အအိပ်ကြမ်းသော သမီးငယ် စောင်ကို ခြေနှင့် ကန်ချလိုက်သည်။ စောင်ကိုအသာပြန်ခြုံပေးရင်း တွေးမိသည်ကတော့ မိန်းမဖြစ်သူကို ဈေးဖိုးတိုးပေးရမည်ရယ်လို။ နို့မို့ သူ့သမီးငယ်လေးကို နောက်တစ်ခေါက် အပြစ်ပေးစရာ အကြောင်းရင်း ပေါ်လာမှာ စိုးလှပါသည်။
အခန်း(၄)
ခြင်ဆေးခွေကို ထွန်းညှိရင်း သမီးဖြစ်သူကို ကြည့်မိတော့မနိုးသေး။ ဒီကလေးက အအိပ်မက်သည်လေ။
ကလေးလို့သာ ဆိုရတာ အသက်က ဆယ့်သုံးနှစ်ဆိုတော့ အတန်အသင့်တော့ နားလည်တတ်သည့်အရွယ်ရောက်နေချေပြီ။ မနေ့က ဖအေဖြစ်သူကိုများပြောလေမလားရယ်လို့ မအေးမှာ ကြောက်လိုက်ရတာ။ ပြောခဲ့လျှင်မအေးယောင်္ကျားဖြစ်သူက အရိုက်ကြမ်းသည်မို့ မအေးလည်း အရိုက်ခံရမည်ပင်။ မပြောသည့်အတွက်လည်း ကျေးဇူးတင်သလို သမီးခြေသလုံးသားလေးက အရှိုးရာတွေ တွေ့မိပြန်တော့လည်း စိတ်မကောင်း။
မအေးကို စိတ်ခုနေမှာတော့သေချာပါသည်။ မနေ့က အရိုက်ခံနေသော သမီး၏ မျက်လုံးလေးထဲဝယ် စိတ်နာခြင်းတို့ တွေ့ရသည်။ သူ့အဖေရိုက်နေချိန်ဝယ် မအေး လည်းရှေ့မှ ကာဆီး မတားမြစ်ရဲပါ။ မအေး ခိုင်းတာမှန်းသိ၍ မအေးကိုပါ ရိုက်မည်ကို စိုးရွံ့သည် မဟုတ်ပါလား။ “သမီးရယ် နောက်နောင် အမေ ဘယ်တော့မှ မခိုင်းတော့ဘူးနော်”..ဟု စိတ်ထဲက ပြောရင်းသမီးငယ်ကိုကြည့်မိပြန်တော့ အနည်းငယ် လူးလွန့်နေသည်။ ဒါဆို အိပ်ယာက နိုးပြီ။ မအေး ရှိနေသေး၍သာ မထခြင်း။ မအေး ပြုံးလိုက်မိရင်း ဈေးသို့သွားရန် ခြင်းတောင်းဆွဲထွက်ခဲ့လိုက်၏….။
ယခင် မအေးယောင်္ကျားပေးတဲ့ ဈေးဖိုးက မစို့မပို့။ မည်သည့်နည်းနှင့်မျှ စားမလောက်။ အသားမပါလျှင်လည်း မစားနိုင်။ ဒီလိုနည်းနှင့် နှစ်လုံးထိုးကာ ကံစမ်းသည့်ထဲမအေး ရောက်သွားသည်။ အကြွေးတွေ တဖြည်းဖြည်းနှင့်များလာသည်ကို ယောင်္ကျားဖြစ်သူသိမှာစိုးသဖြင့် တက်နိုင်သလောက်ဆပ်ခဲ့သည်။ မအေးယောင်္ကျားက ကုမ္ပဏီတစ်ခု၏ အရောင်းစာရေး။ တစ်လလျှင် အောက်ဆိုဒ်လေးပါမှ လစာက တစ်သိန်းခွဲသာရသည်။ သို့သော် ပိုက်ဆံကို မအေးကိုမပေး။ သူ့အိတ်တွင်သာထား၍ တစ်နေ့ဈေးဖိုး ၁၅၀၀ သာ။
၁၅၀၀ နှင့် မလောက်ကောင်းလားဆိုတော့ မအေးမှာလည်း လိုချင်သည့်အရာ၊ ဝယ်ချင်သည့်အရာတို့ ရှိသည်။ ဈေးမှာချရောင်းသော အဝတ်အစားထဲက ကြိုက်တာတွေလျှင် ယူချင်သည်. ဝယ်ချင်သည်။ဒီတော့ အိမ်ဘေးက အဒေါ်ကြီးဆွယ်ရာ အလွယ်တကူနှင့် လိုက်ပါမိရင်း နှစ်လုံး၊ သုံးလုံးဆိုသော ပင်လယ်ထဲ လက်ပစ်ကူးခဲ့မိသည့်။
ခုတော့ခုတော့ မအေး မိုက်ခဲ့သမျှ သူမသမီးငယ်လေးက အပြစ်ခံပေးရှာသည်. ဖအေဖြစ်သူကို ဖွင့်မပြောပဲ ကြိတ်မှိတ် အရိုက်ခံရှာ၏။ တော်ပါသေးသည် ။ ဒီနေ့ကစပြီး ယောင်္ကျားဖြစ်သူက ဈေးဖိုး ၂၅၀၀ ပေးမည်တဲ့။ အကြွေးလက်ကျန်လေးကို ဆပ်ရင်း လောင်းကစားမလုပ်တော့…ဟုတွေးရင်း။ နောက်တစ်ခါလည်း သမီးငယ်လေးကို ဒီလိုထပ်ခိုင်းရဦးမည်ဆိုလျှင် မအေးထက် မိုက်မဲတဲ့ မိခင် ရှိမှာ မဟုတ်တော့။ သမီးငယ်လေးလည်း စိတ်နာသွားမည်မှာ သေချာသည်။
“မအေးရေ ဒီနေ့ကော..ဘာထိုးဦးမလဲ…..၂ ကောင်းတယ်နော့”
“တော်ပါပြီရှင်”..ဟုဖြေရင်း အိမ်အပြန်လမ်းသို့။ သို့သော် ခြေလှမ်းတို့က နောက်လှည့်ချင်နေသလိုလို…။
……………………………………………………………..
“အမေ့ ဗိုက်ဆာတယ်…”
ပြောချင်သလိုလို မပြောချင်သလိုလိုနှင့် အနားလာရပ်ကာပြောသောသမီးကိုကြည့်ရင်း မအေး ပြုံးလိုက်မိပြီ။ ဒီနေ့ သမီးစိတ်ကြိုက်တွေချည်း။ ကြက်သည်းမြစ်ကြော်၊ ချဉ်ပေါင်ဟင်း၊ ငရုတ်သီးထောင်း။ ကဲ စိတ်ကြိုက် ထမင်းပွဲလေးပြင်ထားပြီးပြီ။
ထမင်းအုပ်ဆောင်းလေးဖွင့်လိုက်တော့ ကြက်သည်းမြစ်အရမ်းကြိုက်တဲ့ သမီးမျက်လုံးလေး ဝင်းလက်သွားတာကိုကြည့်ရင်း…စိတ်ထဲကတော့ “အမေ တောင်းပန်ပါတယ် သမီးရယ်” လို့။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်