အပ်ကြောင်းထပ်ပုံပြင်များကြားမှ
သက်ရှိလေးတစ်ကောင်၏ ပုံပြင်
မြင်ကွင်း(၁)
အရိုးပြိုင်းပြိုင်းထနေတဲ့
သူ့လက်တွေဟာ ဒီသက်ရှိလေးကို ပွေ့ချီထားရခြင်းအတွက် ကျေနပ်ပျော်ရွှင်မှုရှိနေတယ်။
သူ့ရဲ့ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသားတွေဟာ တစ်စုံတစ်ခုကို မြွတ်ဟတော့မလိုလိုနဲ့
ခဏခဏဖွင့်ဟ၊ ဒါပေမဲ့ ဘာစကားသံမှ ထွက်မလာခဲ့ဘူး။ သူ ပြုံးတယ်။ ခဏခဏ ပြုံးတယ်။
ကြည်နူးမှုဆိုတဲ့ အပြုံးတွေ လို့ ဘယ်သူမှ မသတ်မှတ်ပါနဲ့ သူ့အပြုံးက သူ့ကိုယ်သူ
သတ်မှတ်လိုက်တယ်။
(-)
အမှိုက်ပုံက
သက်ရှိလေးဟာ အနှီးစလေးကြားမှာ လူးလူးလွန့်လွန့်နဲ့ သူအသက်ရှိသေးကြောင်း
တဝါးဝါးငိုပြ။ သူ့လက်ကို ဆွဲထူပေးဖို့၊ သူ့ကို တယုတယနဲ့ ပိုက်ထွေးပေးဖို့ ဘယ်သူမှ
သတ္တိမရှိကြတဲ့အခါ ရပ်ကွက်ရုံးဖွင့်သည်ထိ စောင့်ကြတာပေါ့လို့
တစ်ယောက်တစ်ပေါက်ပြောကြရင်း သက်ရှိလေးဟာ စားပွဲခုံလေးတစ်ခုပေါ်
ရွှေ့ပြောင်းခံလိုက်ရ။ သူ့ဘေးနားကနေ ချစ်စရာလေးနော် ဆိုတဲ့ စကားကို ပြောနေကြသူတွေဟာ
သူ့လက်ကို တကယ်ထွေးပွေ့ဖို့ သတ္တိမရှိကြရှာဘူး။
သူ
သက်ရှိတစ်ကောင်ပါလို့ သက်ရှိလေးက ထပ်မံ အသိပေးလိုက်တဲ့ အနေနဲ့ ရယ်ပြပြုံးပြ။
ချစ်ကြည် ကလူချင်သူတွေ တဖြည်းဖြည်းများလာတယ်။ ရပ်ကွက်ရုံးကြီးက မဖွင့်သေးဘူး။
တဖြည်းဖြည်းနဲ့ သက်ရှိလေးနားမှာ အလုပ်လက်မဲ့ ကလေးမလေးတစ်ယောက်သာ ကျန်ရစ်ခဲ့၊
ကျန်သူတွေကတော့ ထမင်းချိုင့်ကိုယ့်စီနဲ့ အလုပ်ကိုယ်စီကို ခရီးဆက်။
သူတို့ပြန်လာချိန်မှာ သက်ရှိလေးဟာ တစ်ယောက်ယောက်ရဲ့ လက်ထဲရောက်လောက်ပြီ ဆိုတဲ့
အတွေးနဲ့ပဲ မြူးမြူးထူးထူး အလုပ်သွားကြလေတယ်။
သက်ရှိလေးရဲ့
ခပ်နက်နက်ဆံပင်တွေဟာ DNA စစ်ပြီး အဖေဘယ်သူ အမေဘယ်ဝါ ရှာလို့ရနိုင်ပေမယ့်
ဒီနိုင်ငံရှိလူကုန်ရဲ့ DNA တောင် စုစည်းပြီးသား မရှိလောက်သေးတဲ့အခါ၊
ကွန်ပြူတာတွေနဲ့ စမ်းသပ်စစ်ဆေးတဲ့ ဌာနမဟုတ်တဲ့ သာမန်ခပ်ချာချာ ရပ်ကွက်ရုံးဟာ ညရှစ်နာရီ
ထိုးတာနဲ့ တံခါးကြီးကို လာဖွင့်လို့ ဟောင်းနွမ်းနေတဲ့
မှတ်တမ်းစာအုပ်ကြီးကိုလှန်ရင်း ဘောပင်အသစ်လေးနဲ့ ဖြည့်လိုက်ပါတော့တယ်။
မြို့နယ်ဘယ်ဝါ၊ ရပ်ကွက်အမှတ်ဘယ်လောက်၊ အမှိုက်ပုံကြီးပေါ်ရှိ
စွန့်ပစ်သက်ရှိလေးတစ်ဦး။ သက်ရှိလေးနှင့်အတူပါဝင်လာသည်က အနှီးတစ်စုံ။
မြင်ကွင်း(၂)
အဖေအမေမပေါ်သေးခင်မှာ
ဒီကလေးကို ထိန်းသိမ်းစောင့်ရှောက်ရပါမယ် ကျွန်တော့်အိမ်မှာက သက်ကြီးရွယ်အို
ကျွန်တော့်အဖေရှိနေတဲ့ အတွက် ညည ကလေးအော်သံကြောင့် အဖေလန့်နိုးမှာ စိုးပါတယ်
တွေ့ရှိသူတစ်ယောက် တာဝန်ယူပေးပါ ဆိုတဲ့ စကားမှာ တွေ့ရှိသူတွေဟာ အလျှိုအလျှို
ပျောက်ဆုံးပုန်းကွယ်ဖို့ကြိုးစားကြရှာတယ်။ သက်ရှိလေးတစ်ကောင်ကို
ယာယီသိမ်းဆည်းဖို့နေရာ သူတို့မှာ မရှိရှာဘူးတဲ့လေ။ သက်ရှိလေးကတော့ ဟိုလူဒီလူ
ကလူမြူနေတဲ့ ကြားမှာ ပြုံးပြုံးပျော်ပျော်နဲ့ တဝါးဝါးငိုသံတောင် မရှိရှာဘူး။
ခိုးခိုးခစ်ခစ်ရယ်ပြနေလေရဲ့။
တွေ့ရှိသူက
သမီးတို့ပါ ဒါပေမဲ့သမီးတို့က နယ်ကလာပြီး အလုပ်လုပ်တဲ့ အဆောင်သူတွေဆိုတော့
ကလေးခေါ်လို့မရဘူး ဆိုတဲ့ စကားနဲ့ ကောင်မလေးနှစ်ယောက်ဟာ တရားခံအဖြစ်
လူလုံးထွက်ပြရရှာ။ ကြည့်သူမြင်သူ လူစုစုရုန်းရုန်းမှာ
သူတို့မျက်နှာနီနီရဲရဲလေးတွေဟာ သက်ရှိလေးအတွက် စိတ်မကောင်းတာလား၊ သူတို့အဖြစ်အတွက်
ရှက်နေရရှာသလား။
ရပ်ကွက်လူကြီးရဲ့
မျက်နှာမာမာဟာ ဆက်မာနေတုန်း။ မေးခွန်းတွေတရစပ်နဲ့ ဒီသက်ရှိလေးကို
ယာယီထိန်းသိမ်းဖို့ တောင်းဆိုနေတုန်း။ ဘယ်သူဘယ်ဝါ အဖေမပေါ် အမေမပေါ်တဲ့
သက်ရှိလေးအပေါ်လည်း မလိုတမာအကြည့်နဲ့ ခဏခဏကြည့်တတ်သေးတယ်။
မြင်ကွင်း(၃)
ရုတ်တရက်
လွင့်လာတဲ့ မျက်ရည်စရဲ့ ရနံ့တွေနဲ့အတူ မိန်းကလေးတစ်ယောက်ဟာ
သွေးရူးသွေးတန်းလမ်းလျှောက်နေတယ်။ သူ့လက်တွေဟာ ရွှံပေသဲပေ ညစ်ပေရာ ဗလပွနဲ့၊ သူ့
ခြေထောက်ဟာ ဖိနပ်စီးဖို့ အမေ့မေ့အလျော့လျော့။ သူ့ ဆံပင်ဟာ အပြေပြေအလျော့လျော့၊
သူ့မျက်ဝန်းတွေဟာ နီရဲရောင်ကိုင်း၊ သူ ငိုနေခဲ့တယ်။ သူ ငိုရင်း လမ်းလျှောက်လာတယ်။
တစ်ချက်တစ်ချက်တင်းလာတဲ့သူ့ရင်အုံဟာ အဖြူရောင်သွေးစတွေထွက်ထွက်ကျတယ်။ သူ ငိုတယ်။
ပိုပိုပြီး ငိုတယ်။ သားရေ၊ သမီးရေ လို့ တတွတ်တွတ်ရွတ်နေတဲ့ သူ့အသံတွေဟာ အက်ကွဲရှတ၊
သူ့လက်အစုံဟာ တဲအိုဇရပ်ပျက်ကို မြေလှန်ပစ်ဖို့လည်း ဝန်မလေးဘူး။ သူစိတ်ဝင်စားနေတာ
အူဝဲ လို့ ထွက်လာမယ့် အသံပိုင်ရှင်။
ဇာတ်ဝင်ခန်းတစ်ခုလိုပဲ။
အမည်းရောင်ဇိမ်ခံကားကြီးတစ်စင်းထိုးရပ်၊ ဗီလိန်နှစ်ယောက်ဟာ မင်းသမီးအရူးမလေးကို
ကားထဲ ဆွဲခေါ်သလိုမျိုးပဲ၊စိန်နားကပ်တဝင်းဝင်းနဲ့ အသက်ကြီးကြီးမိန်းမကြီးဟာ
မိန်းကလေးကို ကားထဲထည့်ဖို့ ညွှန်ကြားနေတယ်။ ထူးဆန်းတာက သူ့မျက်လုံးမှာလည်း
မျက်ရည်စတွေနဲ့။ သူ့တစ်ကိုယ်လုံးစိန်ရောင်ရွှေရောင်ဝင်းဝင်းလက်နေပေမယ့်
သူ့မျက်နှာဟာ အညိုရောင်သမ်းနေတယ်။ သူ့ဆံပင်တွေဟာလည်း မဖြီးမသင်ရသေးပဲ
စုစည်းဆွဲချည်လာတဲ့ပုံပေါက်နေတယ်။ သူကိုယ်တိုင်ငိုနေတဲ့အကြောင်း
သူကိုယ်တိုင်မေ့နေဟန်နဲ့ အသက်ကြီးကြီးမိန်းမကြီးဟာ လက်ညိုးတထိုးထိုးခိုင်းစေလို့။
နောက်ဆုံးတော့ မိန်းကလေးဟာ ကားထဲရောက်သွားသလို သူကိုယ်တိုင်လည်း ကားထဲ
ရောက်သွားခဲ့ပေါ့။
-
အနှီးတစ်စုံဟာ
ဘယ်ကနေမွေးဖွားလာတယ်ဆိုတာကို သူ့ကိုယ်သူပြန်စဉ်းစားလိုက်တော့ မြို့ကြီးပြကြီးက
မွေးဖွားလာတာမှန်းသူ့ကိုယ်သူ အမှတ်ရသွားတယ်။ သူ့ ညီအစ်ကိုမောင်နှမတွေနဲ့
စုစုစည်းစည်းရှိတဲ့အချိန်မှာ ဖြတ်ချလိုက်တဲ့ ကပ်ကြေးကိုင်ထားတဲ့ လက်မှာ
စိန်ရောင်ရွှေရောင်တွေတဝင်းဝင်းလက်နေတာ သူမှတ်မိလိုက်တယ်။ ခု သူပွေ့ဖက်ထားရတဲ့
သက်ရှိလေးဟာ အဲဒီစိန်ရောင်ရွှေရောင်ပိုင်ရှင်ရဲ့ အမျိုး။ သူသိခဲ့တာ
မှားများသွားသလားလို့ သူ့အသိကို အနှီးတစ်စုံက ပြန်ဆန်းစစ်လိုက်တယ်။ မမှားပါဘူး။
ဒီသက်ရှိလေးကို ပွေ့ဖက်ဖို့ သူ့ကို အဲဒီစိန်ရောင်ရွှေရောင်လက်ပိုင်ရှင်ကိုယ်တိုင်
ခိုင်းစေခဲ့တာမဟုတ်လား။ ခုတော့ သူကော သက်ရှိလေးပါ စားပွဲခုံတစ်ခုပေါ်
ငြိမ်ငြိမ်သက်သက် ရပ်နေရတယ်။
သက်ရှိလေးရဲ့
လှုပ်တုပ်လှုပ်တုပ် အပြုအမှုမှာ သူပါရောယောင်လှုပ်ရှားရတာကလွဲလို့ အရာရာဟာ
တိတ်ဆိတ်ငြိမ်သက်နေလေရဲ့။
မြင်ကွင်း(၄)
ကျွန်မ
ထိန်းသိမ်းပါရစေ ဆိုတဲ့ စကားနဲ့ လူအုပ်ရှေ့ထွက်လာတာက
အရိုးပြိုင်းပြိုင်းနဲ့ပိန်လှီနေတဲ့ ကတ်သရင်း။
ကတ်သရင်းဟာတချိန်ကတော့
လှခဲ့တယ်။ အခုလည်း တချို့သော သူတွေအတွက်တော့ လှနေဆဲပါပဲ။ ကတ်သရင်းဟာ မချမ်းသာဘူး။
ကတ်သရင်းဟာ အိမ်ထောင်မရှိဘူး။ ကတ်သရင်းဟာ ကလေးမရှိဘူး။ ဒါပေမယ့် ကတ်သရင်းမှာ
ယောင်္ကျားရှိတယ်။ ဒါပေမယ့် ကတ်သရင်းရဲ့ ယောင်္ကျားဟာ ဘယ်သူမဆိုဖြစ်နိုင်တယ်။
ကတ်သရင်းရဲ့ လက်ကို တစ်စုံတစ်ခုပေးအပ်လိုက်တာနဲ့ အဲဒီလူဟာ တစ်ခုသော
အချိန်အတိုင်းအတာထိ ကတ်သရင်းရဲ့ ယောင်္ကျားဖြစ်ခွင့်ရှိတယ်။
ရုတ်တရက်
တိတ်ဆိတ်သွားပြီးနောက် ဆူညံဆူညံအသံတွေထွက်ပေါ်လာလေရဲ့။
မပေးချင်ဘူး
ဆိုတဲ့ မျက်နှာအမူအယာတွေဟာ လူတိုင်းရဲ့ မျက်နှာပြင်မှာ ပေါ်ပေါက်လာတယ်။
ဒီဆင်းရဲသားရပ်ကွက်ထဲမှာ ကတ်သရင်းရဲ့ အကြောင်းအရာဟာ ဟိုးလေးတကြော်ကြော်။
ရပ်ရွာနာတယ် ဆိုတဲ့ အကြောင်းနဲ့ ရပ်ကွက်က နှင်ထုတ်ဖို့တောင် တိုင်ပင်ကြပြီးသာ။ ဒီလိုအချိန်မှာ
သက်ရှိလေးတစ်ကောင်ပေါ်ပေါက်လာခြင်းဖြစ်တယ်။
သက်ရှိလေးဟာ
မူလတန်ဖိုးထက်တော့ အနည်းငယ်တန်ဖိုးမြင့်လာပြီလို့ ဆိုနိုင်လာပြီ ဖြစ်တယ်။ သူ့ကို
ယာယီထိန်းသိမ်းချင်တဲ့သူ တစ်ယောက် ထွက်ပေါ်လာပြီမဟုတ်လား။ အဲ့ဒီလိုပဲ သူ့ကို
မပေးချင်ဘူးလို့ တားမြစ်ချင်နေတဲ့ သူတွေလည်း ထွက်ပေါ်လာကြပြီ။
မြင်ကွင်း(၅)
ကတ်သရင်းရဲ့
လက်ဟာ သက်ရှိလေးကို ထွေးပွေ့လိုက်တယ်။ ရပ်ကွက်လူကြီးရဲ့ မျက်နှာမာဟာ လျော့သွားတယ်။
နင်က ညဘက်အလုပ်လုပ်တာကို သူ့ကို ဘယ်လိုလုပ်ခေါ်ထားနိုင်မှာလဲ လို့လဲ
မေးလိုက်သေးရဲ့။ ဒီည အလုပ် မလုပ်မလုပ်ဘူးလို့ ဖြေလိုက်တဲ့ ကတ်သရင်းရဲ့ အသံမှာ ရပ်ကွက်လူကြီးရဲ
မျက်နှာဟာ အကြောင်းပြချက်မရှိ မည်းမှောင်သွားတယ်။
ဒီလိုနဲ့
ရပ်ကွက်ရုံးကြီးဟာ သူ့အလုပ်သူ ဆက်လုပ်ဖို့ပြင်တယ်။ ကတ်သရင်းဟာ သက်ရှိလေးကို
ချီပြီး ယာယီထိန်းသိမ်းသူ ဆိုတဲ့နေရာမှာ လက်မှတ်ထိုးဖို့ ပြင်လိုက်တယ်။
ရုန်းစုရုန်းစုနဲ့
လူအုပ်ကြီးဟာ တားမြစ်နေချင်ကြတယ်။ ဘယ်သူမှ မတားမြစ်နိုင်ကြဘူး။
ဒီလိုနဲ့ပဲ
သက်ရှိလေးဟာ ကတ်သရင်းရဲ့အိမ်ကို ပါသွားတော့မယ်။ ကတ်သရင်းရဲ့
မျက်နှာပေါ်ကကြည်နူးမှုကို ကြည့်ပြီး လူအုပ်ကြီးဟာ အိမ်မပြန်နိုင်ကြသေးဘူး။
ကတ်သရင်းလက်ထဲက သက်ရှိလေးကို စားပွဲပေါ် တင်ခိုင်းလိုက်တယ်။ မနက်ကတည်းက သိထားကြပေမယ့်လူအများရှေ့မှာဘာ
အမျိုးအစားလဲဆိုတာ ခွဲဖို့ အနှီးကို ဖွင့်လိုက်ကြတယ်။ အံ့သြစရာပါပဲ။ တချိန်လုံး
ရယ်နေတဲ့ သက်ရှိလေးဟာ ရုတ်တရက် တဝါးဝါးငိုသွားတယ်။ထိန်းမနိုင်သိမ်းမရစီးကျလာတဲ့
မျက်ရည်တွေဟာ ကလေးတန်မဲ့များလိုက်တာ။
အဲဒီအချိန်မှာပဲ
ရပ်ကွက်ရုံးရှေ့ကနေ ကားမည်းကြီးတစ်စီးဖြတ်သွာတာ ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။
သက်ရှိလေးဟာ
တွန်းတွန်းထိုးထိုးငိုရင်းအနှီးကို ခြေနဲ့ ကန်ကျောက်ပစ်နေတယ်။
ကားမည်းကြီးကတော့ဝေးသထက်ဝေးသွား…….။ ထူးထူးဆန်းဆန်း မျက်ရည်ရနံ့တွေတော့
ကျန်ခဲ့သလိုလို..။
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်