“အနားတို့မညီသော်လည်း စတုဂံဟုခေါ်ပါသည်”
“ဂျောက် ”
အိမ်ရှေ့မှ တံခါးဖွင့်သံကြားရ၏။
အိပ်နေသော သားကိုယ်ခန္ဓာလေး ဆက်ခနဲ တုန်သွားတာ သတိထားမိသည်။
မိသောင်း ကိုယ်ပေါ်မှ စောင်ကို ခွာ၍
ဖြည်းဖြည်းချင်းထရပ်လိုက်သည်။ ထို့နောက် အိမ်ရှေ့သို့ ထွက်ခဲ့လိုက်တော့
ယိုင်ထိုးနေသည့် အရိပ်ကြောင့် ကိုတင်သန်းမှန်း သေချာသွားသည်။ တထောင်းထောင်းထနေသည့်
အနံ့များကြား ကြိတ်မှိတ်အသက်ရှူရင်း သွားတွဲလိုက်သည်။ မတွဲခင်က
အနည်းငယ်မတ်နိုင်သော ခန္ဓာကိုယ်သည် တွဲလိုက်သည့်အခါ ပို၍ ယိုင်ထိုးလာသလိုထင်ရ၏။
မိသောင်းဘက်သို့ ကိုတင်သန်းတစ်ကိုယ်လုံး စောင်းပါလာသည်။ မနိုင်မနင်းတွဲရင်း
ဘုရားခန်းမှာ အသင့်ခင်းထားသည့် အိပ်ယာပေါ်သို့ တင်လိုက်သည်။ ဒီနေ့က အိမ်ရဲ့
တစ်ခုတည်းသော အိပ်ခန်းကို သားလေးအား အပိုင်စားပေးထားသည်မဟုတ်ပါလား။
ထို့နောက် ကိုတင်သန်းဘေးတွင် ထိုင်ကာ
ကိုတင်သန်းအိပ်ယာမှ အနိုးကို စောင့်နေလိုက်မိသည်။ အကယ်၍များ ကိုတင်သန်းကသာ
သူမပြောသည့် ကိစ္စကို လက်မခံနိုင်ဘူးဟုများပြောခဲ့လျှင်ဖြင့် သူမ
ထွက်သွားမည်ဟူသည့် ဆုံးဖြတ်ချက်ကလည်း ခိုင်ခိုင်မာမာဖြင့်……………။
(၁)
“ဟင့်အင်း ကျွန်မ မယူချင်ဘူး
နောက်ယောင်္ကျားမယူချင်ဘူး အမေ”
ကြက်မွှေးတစ်ချောင်းနှင့် ရိုက်ကာမေးနေသော
အမေ့လက်မှ လွတ်အောင်ရှောင်ပြေးရင်း ကြုံးအော်လိုက်သည်။
“နင်မယူချင်လို့မရဘူး မိသောင်း
ကလေးတစ်ယောက်နဲ့ နင့်ဘဝကို ဘယ်လိုရှေ့ဆက်မလဲ ဟင် ပြောစမ်း”
“ကျွန်မ သားကို ကျွန်မလက်နဲ့
ရှာကျွေးနိုင်ပါတယ် အမေရယ် ရှာကျွေးနိုင်ပါတယ် ယောင်္ကျားတော့ မယူပါရစေနဲ့
…………….အဟီးဟီး”
ငိုရင်း နာရီကို မော့ကြည့်မိပြန်သည်။
သားလေး ကျောင်းက ပြန်လာချိန်နီးလေပြီလားဟု။ စောပါသေးသည်။ ခုမှ
သုံးနာရီပဲရှိဦးမည်။ တစ်နာရီလောက်ရိုက်ပြီးလျှင်တော့ အမေ
မေ့မေ့ပျောက်ပျောက်ဖြစ်သွားမည်ဟု တွေးမိရင်း……။
“ဗျန်း”
ရုတ်တရက် အမေ့ကြိမ်လုံးစာမိသွားပြန်ပြီ။
“နင့်လို ကလေးတစ်ယောက်နဲ့မုဆိုးမကို
ကလေးရောလူပါ လိုလိုချင်ချင်နဲ့ တောင်းယူလက်ထပ်တာရှားတယ်ဟဲ့ မအေက
ကောင်းစေချင်လို့ အမြင့်တင်ပေးတာ အောက်ချည်း ခုန်ဆင်းချင်နေတယ်ဟုတ်လား ဟမ်”
အဖေ ဘာလို့ အသေစောခဲ့ရတာလဲ။
အဖေသာရှိခဲ့ရင် သူမကို ကာကွယ်ပေးမှာ။ တလိမ့်လိမ့်ကျဆင်းလာသည့် မျက်ရည်တို့ကို သူမ
မသုတ်မိတော့။
(၂)
“ခင်စရာ …***….မင်စရာ….***….
ရူပါရုံချောသူ့သက်လျာ ကြင်နာစွာ မောင့်စိတ်ထဲမှာ …***….ချစ်မိတာ ကြိုက်မိတာ
အကြင်နာ ဝေဖြာ”
မင်္ဂလာဆောင်နှင့်လိုက်ဖက်ညီအောင်ဖွင့်ထားသည့်
သီချင်းသံ ကျယ်ကျယ်လောင်လောင်တို့ကြား သားလေးဘယ်နားရောက်နေလေမလည်း ဟု
မျက်လုံးဝေ့ကာရှာမိပြန်တော့ သူ့အဖွားလက်ကိုဆွဲကာ သူမ အားမမှိတ်မသုန်ကြည့်နေသည့်
သားအားတွေ့ရလေသည်။ အို..သားလေးမျက်လုံးတို့က “အမေ့ ကိုမုန်းတယ်” လို့များ
ပြောနေလေရော့သလား။ အမေလည်း နောက်အိမ်ထောင် မပြုချင်ပါဘူးသားရယ်။ သားကို
ဘယ်လိုများဖြေရှင်းပြရပါ့မလဲ ဟုတွေးရင်း စိတ်မောစွာ သက်ပြင်းချမိသည်။
သားလေးထံသွားရန် ကိုတင်သန်းလက်မှ လက်ကိုအသာအယာရုတ်ဖို့ပြင်စဉ်တွင် ရုတ်တရက်
ကိုတင်သန်းဆွဲခေါ်သွားရာပါသွားပြန်သည်။
“ဟော ကိုခင်ဦးတို့ပါ့လား
ကျုပ်မင်္ဂလာပွဲကို ခင်ဗျားလာမှလာပါ့မလားလို့ဗျာ။
သားရယ် အမေ့ကို နားလည်ပေးပါ သားရယ် ဟုသာ
တိတ်တဆိတ်တောင်းဆိုနေမိရင်း ဝေ့တက်လာသည့် မျက်ရည်စတို့အား မျက်တောင်တဖျပ်ဖျပ်ခတ်ကာ
သိမ်းလိုက်မိသည်။ အမေကတော့ သူ့သမီး လင်ကောင်းသားကောင်းရပြီ ဆိုသည့်အတွးနှင့်
ပျော်နေသလားမသိ။ မျက်နှာတစ်ပြင်လုံး သကာရည်အိုးမှောက်ကျထားသလိုထင်ရ၏။
(၃)
“သား နေမကောင်းဘူးလား”
မေးရင်း သားနဖူးကို
စမ်းဖို့ပြင်လိုက်တော့ သားလေး၏ ခေါင်း ဘေးသို့ တိမ်းသွားသည်။ သေမင်းနှင့်
စစ်ခင်းနေချိန်မှာတောင် သတိရတာက ဒီသားလေး။ ခုတော့ သားမျက်နှာလေး ညိုနေသလို ထင်ရ၏။
မိသောင်းဘေးနားသို့ မလာသေး။ မိသောင်းကို မကျေနပ်တာ တစ်ခုခုများရှိနေလေလားဟု
တွေးရင်း ချော့ဖို့ကြိုးစားနေမိသည်။ သို့သော် သား မပြုံးသေး။
“အဲ့”
ဘေးနားမှ လှုတ်ခတ်သွားသည်ကြောင့်
မွေးကင်းစသမီးငယ်၏ ခန္ဓာကိုယ်ကို အသာအယာပုတ်သိပ်လိုက်ရင်း သားကို
ပြန်ကြည့်လိုက်တော့ သားမရှိတော့။ သား အိမ်ပြင်သို့ ထွက်ကာ ကစားလေပြီထင့်။
ချိုးချိုးချွတ်ချွတ် အသံကြောင့်
မိသောင်း မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ ရင်ဝယ် နင့်ခနဲ။ သမီးငယ်၏ နှာခေါင်းလေးကို
လက်ကလေးဖြင့် အသာအယာတို့ထိနေသော သားလေးမျက်ဝန်းမှာ မျက်ရည်စတွေနှင့်။
“ဦးလေးက နင့်ရဲ့အဖေတဲ့ ငါ့
အဖေတော့မဟုတ်ဘူး…”
“အဟမ်း အဟမ်း”
သားကို သနားလွန်းစွာဖြင့် ထွေးပွေ့ဖို့
လက်ကို ပြင်သည့်အခိုက်တွင်ပင် ကိုတင်သန်း၏ ချောင်းဟန့်သံကြောင့် သားလေး
အခန်းပြင်ပြေးထွက်သွားသည်မို့ သူမ၏ လက်သည် လေကိုသာ ထွေးပွေ့လိုက်မိသည်။ သားလေး
တစ်ယောက်တည်း ဘယ်ကို သွားမှာပါလိမ့် ဟုတွေးရင်း ထကာ အိပ်ခန်းတွင်းမှ
ထွက်၍လိုက်ရှာမိသည်။ သို့သော် အိပ်ခန်းတံခါးဝတွင်ပင် သူမ ခြေအစုံတို့
ရပ်တန့်သွားရ၏။ သားလေး တံခါးဘေးတွင် ငုတ်တုတ်လေးထိုင်နေသည်လေ။ သားလေးဘေးမှာ သူမ
ထိုင်ချလိုက်မိတော့ အမေ့အခန်းတွင်းသို့ သားလေးဝင်ပြေးသွားပြန်သည်။ သူမ
ဘာမှမပြောပြနိုင်ခဲ့။
(၄)
“အမေ ..အမေ
အတင်းပေးစားခဲ့တဲ့ ယောင်္ကျားလေ အခု ပိုက်ဆံအဆင်မပြေတော့ ကျွန်မသားကို
ကျောင်းထုတ်ရတော့မယ် အမေရဲ့ သူ့မို့ လွယ်လွယ်နဲ့ပြောရက်တယ် မင်းသားကို
ကျောင်းထုတ်ရမယ်တဲ့.. အမေပြောတော့ အစစအရာရာအဆင်ပြေမယ်ဆို.. ခု. ဘယ်လိုလုပ်မလဲ
ကျွန်မသားအတွက် ဘယ်လိုလုပ်မလဲ အမေရဲ့”
သူမကသာ မေးခွန်းတွေ တရစပ်မေးနေသော်လည်း
ဓါတ်ပုံထဲက အမေကတော့ဖြင့် သူမအား ပြုံးပြုံးကြီးကြည့်နေဆဲ။ အမေသာ အသက်ရှင်သေးလျှင်
“အို.. အသက်ရှင်နေထိုင်ဖို့ စားဝတ်နေရေးပြေလည်ဖို့ထက် ဘယ်အရာက ပိုအရေးကြီးမှာလဲ”
ဟုများ ပြောလေမလား။ ဟော..သားပင် ဘောလုံးကစားရာမှ ပြန်လာချေပြီ။
ဘယ်လိုဖွင့်ပြောရမလဲဆိုသည့်အတွေးက ရင်ကို ရုတ်တရက် တင်းကျပ်လာစေပြီဖြစ်၏။
အိမ်ငှားထားသည်က
သည်လဆိုလျှင်ပြည့်ပြီဖြစ်သည်။ လကုန်သည်နှင့် အိမ်ငှားဖို့ရာ ခြောက်လစာ
ပေးရတော့မည်။ လက်ထဲမှာက စုဆောင်းငွေမရှိသေး။ ကိုတင်သန်းအလုပ်ကလည်း
နားနေရတာတော်တော်ကြာပြီ။ အပြင်သို့နေ့စဉ်ထွက်သော်လည်း ပိုက်ဆံမအပ်ပဲ
ဈေးဖိုးသာထုတ်ပေးနေသည်မှာ သုံးလလောက်ရှိချေပြီ။ နက်ဖြန်ခါဆိုလျှင်ပဲ သားကို
ကျောင်းအပ်ရတော့မည်။ ဒီတစ်နှစ်တော့ ကျောင်းနားလိုက်ပါ သားရယ် လို့များပြောလိုက်လျှင်
သားများ သူမကို မုန်းလေမလား။ ညီမလေးကျတော့ ဘာလို့မနားတာလဲလို့များ မေးလေမလား။
ရှစ်တန်းကျောင်းသားဆိုတဲ့ စရိတ်ကလည်း နည်းတာမှမဟုတ်ပဲလေ။
ကနဦးကျောင်းဝင်ကြေးတွေအပြင်ကျောင်းစိမ်းဝတ်စုံ လိုဦးမည်။ အဓိက ကတော့
အပြင်ကျူရှင်စရိတ်ပါပဲ။
“အမေ သား ဗိုက်ဆာလှပြီ.. ထမင်းကျွေးပါဦး”
အိမ်ရှေ့ကျောက်ဂွေတွင်
ခြေလက်သန့်စင်နေသည့် သားကတော့ဖြင့် သူမ၏ ရင်တွင်းဝေဒနာကို မသိရှာချေ။ အို…သားအတွက်
ထမင်းပွဲလေးပြင်ပေးဦးမှပါ။ ငပိရည်ကျိုနဲ့ တို့စရာအနည်းငယ်ရယ်၊
လက်ဖက်အသားလေးနှပ်ထားတာရယ်ပဲရှိသည်။ ဟင်းချေးမများသည့်သားကတော့ ကြိုက်ပါလိမ့်မည်။
(၅)
“ကိုတင်သန်း ကျုပ်သားကို
မအော်ပါနဲ့ ဘာ့ကြောင့်ရန်ဖြစ်တယ်ဆိုတဲ့ အကြောင်းလေးလည်းမေးပါဦးလား ကျုပ်သားက
ဘယ်တုန်းကရန်ဖြစ်ဖူးလို့လဲ သူ့မှာလည်းသူ့အကြောင်းနဲ့သူရှိမှာပေါ့
နည်းနည်းလေးချော့မေးပါ့လားတော့”
အိုး…ဒီလိုလေသံမာမာနဲ့ဝင်တားပစ်ချင်လိုက်တာ။
ခုတော့ သူမ ကိုယ်တိုင်က မှီခိုနေရသည့်ယောက်ျားဆိုတော့လည်း
ရင်ထဲမှာမုန်တိုင်းထန်နေသလောက် အပြင်မှာတော့ နှုတ်ဆိတ်နေရမြဲ။
ခဏခဏထိပ်တိုက်ဆုံနေကြသည့် သားနှင့် ကိုတင်သန်း၏ မကျေမလည်ဖြစ်မှုများဝယ် သားသည် အမြဲ
နှုတ်ဆိတ်နေခဲ့မြဲ။ ဘယ်တော့မှလည်း ပြန်မပြောခဲ့ပါချေ။ သို့သော် ကိုတင်သန်းကိုတော့
ယနေ့တိုင် ဦးလေးဟု ခေါ်တတ်သည်မှာ သား၏ ထူးခြားချက်ပင်။ အဖေ ခေါ်ပါဟု ပြောလည်းမရသော
သားလေးအား ကိုတင်သန်း တမင်ပင် အငြိုးဖွဲ့လေသလား…။ မဖြစ်နိုင်ဟု တွေးရင်း
ခေါင်းခါယမ်းလိုက်မိသည်။ ဤဆယ်နှစ်တာအတွင်း ကိုတင်သန်းသည် အငြိုးကြီးတတ်သူတစ်ယောက်
မဟုတ်ဟူသည်ကိုဖြင့် သူမ သေသေချာချာကြီးကိုပြောနိုင်ပါသည်။
“လူဆိုတာ ပါတ်ဝန်းကျင်နဲ့နေတာကွ… ကိုယ်က
သူများတကာလို သူဌေးသားမဟုတ်ဘူးဆိုတာလည်း သတိရဦးမှပေါ့ သည်းညည်းခံသင့်တာ ခံပေါ့ကွာ
ကွမ်းတံတွေးပေတာ ဘာဖြစ်သွားမှာလဲ ခုတော့ …မကုန်သင့်တာကုန်ရပြီ”
သား လက်သီးတွေ ဆုပ်နေပါပြီကော။
သည်းညည်းခံပါ သားရယ် ဟု တိတ်တခိုးတားမြစ်မိရင်း…။
“အေး.. ငါနဲ့ အတူနေလို့မှ ငါ့စကားကို
တသွေမတိမ်းနားမထောင်နိုင်ဘူးဆိုရင် ငါ့အိမ်မှာမနေနဲ့ ထွက်သွားလိုက် နိုင်ဦး”
“ကျွန်တော်ကလည်း ထွက်တယ်ဗျာ..
တစ်ခါလာလည်း ငါ့အိမ်မှာမနေနဲ့ တစ်ခါလာလည်း ငါ့အိမ်မှာမနေနဲ့ ဒီစကားချည်းပဲ
အပ်ကြောင်းထပ်နေပြီ ရတယ် ကျွန်တော် ထွက်သွားမယ် အမေ ညီမလေး လာရင် ပြောပေးပါ
ကျွန်တော် တစ်နေ့ ပြန်လာခဲ့မယ် လို့”
“ခု အိမ်ပြင် ခြေတစ်လှမ်းထွက်ရင်
နောင် ဘယ်တော့မှ ငါ့အိမ်ထဲ ပြန်ဝင်မလာနဲ့ ဟိတ်ကောင်”
အို..သား။ သူမ တားချိန်မရလိုက်တော့။
အနောက်မှ လိုက်ဖို့ရာပြင်တော့ သား၏ အေးစက်မာကျောသော ခြေလှမ်းကျယ်ကြီးများက
အဝေးသို့ရောက်ချေပြီ။
“စိတ်ပူမနေနဲ့ မိသောင်း အချိန်တန်ရင်
အိမ်ပြန်လာလိမ့်မယ်”
နှစ်သိမ့်သလိုဟန်နှင့်
ပုခုံးပေါ်လက်လာတင်သော ကိတင်သန်းအား သူမ စူးစူးဝါးဝါးစိုက်ကြည့်ပစ်မိသည်။ ထို့နောက်
ကိုတင်သန်းလက်အား ပုတ်ထုတ်ပစ်လိုက်ရင်း
“ဒီလျော်လိုက်ရတဲ့ ပိုက်ဆံတွေကို ကျွန်မ
အလုပ်ရှာပြီး ပြန်ဆပ်မယ်”
“မိသောင်း…မင်းကွာ….မင်း”
တောက်တစ်ချက်ခေါက်ပြီး
အပေါ်အိင်္ကျီကောက်စွပ်ကာ ထွက်သွားသော ကိုတင်သန်းကို သူမ မတားမိပါချေ။
(၆)
“သား” ဟု အော်မြည်လိုက်သံက ရင်ဝယ်
ဟိန်းခနဲ။ အိမ်ရှေ့တွင် ရပ်နေသည့် သားလေးကတော့ အိမ်ထဲသို့ဝင်ဖို့ရာ
ချီတုံချုံဖြစ်နေဟန်တူ၏။ သူမ အပြေးလေးသွားကာ ခေါ်တော့ ခေါင်းတချက်သာ ဆက်ပြရင်း
ဘာစကားမျှမဆိုပါပဲ အိမ်ထဲဝင်လာသည်။
ကြီးကောင်ဝင်လာသည့် သား၏ မျက်နှာတွင်
အရိပ်တချို့ ကပ်ငြိလျှက်ရှိသည်။ သားမျက်နှာ အနည်းငယ်ညိုးနေသည်။ သား မျက်ခုံးတွေ
ပိုမည်းလာသည်။ သားဆံပင်တွေ ပါးလျားသွားပြီ။ ထမင်းစားပြီး အိပ်နေသည့် သား၏
မျက်နှာကို တစိမ့်စိမ့်ငေးကြည့်နေမိသည်။ ဘာတွေဘယ်လိုဖြတ်သန်းခဲ့လဲ
မေးခွင့်မရှိသေး။ သူမ ခူးခပ်ကျွေးမှ ထမင်းစားသည့် ကလေးက ခုတော့ သူ့ဘာသူ
ခူးခပ်စားသွားသည်။ ဒီငါးနှစ်အတွင်းမှာ သားလေး အဆင်ပြေခဲ့ရဲ့လား ဟူသည့် မေးခွန်းမေးဖို့ကိုလည်း
မိသောင်းဘက်က မဝံ့မရဲ။
ကျောင်းမှ ပြန်လာသည့် သမီးငယ်က
သူ့အစ်ကိုကို မြင်မြင်ချင်း ပြေးဖက်ဖို့ပြင်တော့ သူမမှာ မနည်းတားလိုက်ရသေးသည်။
သူ့အဖေပြန်လာရင် သမီးငယ်ကလည်း ဝိုင်းပြောမည်ဟု သူမတို့သားအမိ တိုင်ပင်ထားကြသေးသည်။
သူ့အစ်ကိုဘေးတွင် ယပ်ခပ်လျှက် အိပ်ပျော်သွားသော သမီးငယ်ကိုလည်း သူမ အိပ်ယာဘေးတွင်
သွားထားလိုက်သည်။ ထို့နောက် သူမကတော့ သား၏ ဘေးနားတွင် ထိုင်နေရင်း သားကို
တစိမ့်စိမ့်ငေးကြည့်နေရသည်ကိုက ပီတိတစ်ခု။
သူမ
ဒေါင်းတောက်အောင်ရှာခဲ့ပေမယ့်လည်း အပုန်းကောင်းလွန်းသော သားအား သူမ ရှာမတွေ့ခဲ့ပါ။
အခုတော့ သားလေးပြန်လာပြီဟူသည့်အသိက သူမရင်ဝယ် တုန်လှုပ်လျှက်။ ပျော်ရွှင်မှုများက
မဖုံးနိုင်မဖိနိုင်နှင့် အပြုံးပန်းတို့ဝေဆာနေ၏။ ဒီငါးနှစ်အတွင်း သားနှင့် သူမ
ပို၍များဝေးကွာသွားလေသလား။ သားဘက်က ဘယ်တော့မှ ကာကွယ်မပေးသည့် အမေ ဟုတွေးကာ သူမအား
မုန်းနေလေမလား။ ခွင့်လွှတ်ပေးပါ.သားရယ် ဒီနေ့ကစပြီး အမေ အဆုံးစွန်ထိ သားအပေါ်
ကောင်းပြမယ် ဆိုသည့်ရင်တွင်း စကားကိုဖြင့် သားလေးမကြားနိုင်ပါလေ။
မိန်းမသားတစ်ယောက်၏ ဖြစ်တည်မှုကို သူမ
မုန်းသည်။ သူမ ဘဝဝယ် ကိုတင်သန်းကို အမေ့ကြောင့်သာ လက်ထပ်ခဲ့သော်လည်း
မိခင်တစ်ယောက်၏ဖြစ်တည်မှုကို သူမ မေ့လျော့ကာ မိန်းမသားတစ်ယောက်၏ ဖြစ်တည်မှုကိုသာ သူမ
ရွေးချယ်ခဲ့သည်။ ယခုတော့ သူမသည် သားအတွက် အမေဟူသည့် ရပ်တည်မှုကို
ရွေးချယ်ချင်လှပါသည်။
ဒီနေ့မှပင် ကိုတင်သန်း အိမ်ပြန်ချိန်
နောက်ကျနေသည်။ မျှော်ရသူမို့ ပို၍ ကြာညောင်းလေသည်လားမသိ။ ကိုတင်သန်းလာလျှင် သူမက
အရင်ဦးအောင်ပြောရန်တွေးရင်း သားဘေးနားမှာထိုင်ကာ ယပ်ခပ်ပေးနေမိတော့သည်။
(၇)
` ချောက်ခနဲ မီးဖွင့်သံကြောင့် မိသောင်း
လန့်နိုးသွားသည်။ အို ကိုတင်သန်းနဲ့ စာရင်းရှင်းရဦးမှာပဲ ဟု တွေးရင်း
ကိုတင်သန်းအိပ်ယာကို အပြေးအလွှားကြည့်လိုက်မိသည်။ မရှိ။ ကိုတင်သန်းမရှိတော့။ အို
သားနဲ့များ ပြဿနာတက်နေမလား ဟူသည့်အတွေးဖြင့် အိမ်နောက်ဖေးသို့
ကမန်းကတန်းသွားဖို့ပြင်လိုက်သည်။ သို့သော် တိတ်ဆိတ်နေသော်လည်း
ဇွန်းသံပန်းကန်သံများထွက်ပေါ်မှုကြောင့် အိမ်နောက်ဖေးမီးဖိုချောင်သို့ အသာအယာ
ချောင်းကြည့်လိုက်သည်။ သူမ ပြုံးမိသွား၏။ သားနှင့် ကိုတင်သန်း ထမင်းစားပွဲတွင်
ထမင်းလက်ဆုံစားနေကြသည် မဟုတ်ပါလား။ သားကလည်း တိတ်တိတ်ဆိတ်ဆိတ်၊ ကိုတင်သန်းကလည်း
တိတ်တိတ်ဆိတ်ဆိတ်။
“ဦးလေး
ထမင်း ယူဦးမလား”
ကြားလိုက်ရသည့် သား၏
မဝံ့မရဲအသံကြောင့် သားလေးစိတ်မှာများ အားငယ်စိတ်ဝင်နေလေမလား ဟု လွှတ်ခနဲ
စိုးရိမ်သွားရသည်။ သို့သော် ထပ်မံကြားလိုက်ရသည့် ပြတ်တိပြတ်တောင်းအသံကြောင့်
မိသောင်း စိတ်ချမ်းသာသွားရပြီဖြစ်သည်။
“မယူတော့ဘူး ရတယ် ”
တစ်ယောက်တစ်ခွန်းစကားဆိုနေသော
သူတို့ကိုကြည့်ရင်း မိသောင်း သိလိုက်ပါပြီ။ သားနှင့် ကိုတင်သန်း မိသားစု ဆိုသည့်
နားလည်မှု ရောက်သွားပြီဟု။ ဟုတ်သည်လေ။ လူအမျိုးမျိုးစိတ်အထွေထွေပေမယ့်
ကိုယ်တွေသည် မိသားစုမဟုတ်ပါလား။ သို့သော်အခုမှ ပြန်တွေ့သည်မို့ကော၊ ပထွေးနှင့်
မယားပါသားဖြစ်သည်မို့ကော အနည်းငယ်တော့ တိတ်ဆိတ်အေးစက်နေပါလိမ့်မည်။ သို့သော်
ကိစ္စမရှိ။ မိသားစုဆိုသည့် အိမ်လေးကို ဆက်စပ်ပေးမည့် မိသောင်းရှိသည်။ နောက်
သမီးလေးရှိသည်မဟုတ်ပါလား။ မိသောင်းကျေနပ်စွာပြုံးလိုက်ရင်း
“ဟယ် စားကောင်းရဲ့လား ယောက်ျား သားကော
အမေ လက်ဖက်သုပ်ပေးမယ်လေ” ဟူသည့်အသံဖြင့် မီးဖိုချောင်ထဲသို့ ဝင်ကာ အသိပေးပြော
ပြောလိုက်ရင်း မိသောင်းတစ်ယောက် လက်ဖက်သုပ်ရန်ပါ တဆက်တည်း ပြင်လိုက်မိတော့သည်လေ။
-----------++++++++++++++++++++++---------------------------
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်