“ငှက်ကလေးတစ်ကောင်အတွက်-၁၂”
အိပ်မက်သီခွင့်မရတဲ့နေ့တွေကို ကိုယ် ငေးကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်။
မယုံချင်လည်းယုံလိုက်ရ။ ငှက်ကလေးမှာ ငှက်ကလေးတစ်ကောင် ရှိနေတယ် တဲ့။
ကမ္ဘာက တဖြည်းဖြည်းအညိုရောင်သမ်းလာတယ်။ ငှက်ကလေးက ကိုယ်နဲ့
ဝေးသထက်ဝေးသွား။ ဒါပေမယ့်လည်း ကိုယ့်အတွက်ချန်ခဲ့တာက အလွမ်းနဲ့ ကြေကွဲခြင်းတွေ။ ဆူးစူးဖူးတဲ့
ယုန်သူငယ်လိုပဲ။ ငှက်တစ်ကောင်ရဲ့ အရိပ်အယောင် မြင်တိုင်း ငေးကြည့်ရမှာ ကြောက်တတ်လာခဲ့ပြီ။
နောက်တစ်ကြိမ် အချစ်ဆိုတဲ့ နွံကို ဆက်ကျွံမိမှာစိုးလို့ပါ။ ဒါပေမယ့်လည်း ငှက်ကလေးဟာ
ကိုယ့်အတွက် ငှက်များစွာထဲက ငှက်တစ်ကောင်အဖြစ်ထက် ထူးခြားခဲ့တယ်။
မနက်မနက်ဆို ငှက်ကလေးတွေစာကလေးတွေ သိပ်ဆူတာပဲ။ မြင့်မိုရ်ပိတ်ကနေဝင်လာတဲ့
သူတို့က အိမ်ထဲကို သူတို့ဘာသာဝင်လာပြီး သူတို့ဘာသာ ပြန်ထွက်သွားကြတယ်။ ကိုယ့်စိတ်ကတော့
မနက်ခင်းတိုင်းမှာ ငှက်ကလေးတစ်ကောင်ဆီ အပြေးသွားမိရဲ့။ အိုး နေ့ခင်းဟာ ငှက်မွေးအိမ်
ကျနေတာပီ။ ကျလိကျလိနဲ့ ဆူညံနေလိုက်တာ။ ကိုယ်မောင်းမထုတ်ရက်ခဲ့ဘူး ငှက်ကလေးရေ။ သူတို့ကိုကြည့်ရင်း
သူ့ကို လွမ်းမိတဲ့အလွမ်းကိုဖြေသိမ့်နေရ၊ ကိုယ်တရားမျှတပါရဲ့လား။
ညညဆိုကိုယ့်ဆီကနေ ပျောက်သွားတဲ့ ငှက်ကလေးတွေကို ကိုယ်လိုက်ရှာမိတယ်။
တခါတခါကျတော့ တွေးမိတယ်။ ကိုယ်ဟာ ငှက်ကလေးအတွက် အမှိုက်ထုပ်လေလား။ ဒါဆိုလည်း မင်းရဲ့
စိတ်အရှုပ်အရှင်းတွေကို ကိုယ့်ဆီလွှင့်ပစ်နိုင်ပါတယ်။ ကိုယ် မင်းဆီက ဝေးရာကို ပြေးပေးဖို့
ဆုံးဖြတ်ထားသူပါလို့ ပြောချင်လိုက်တာ။ ဒီရက်ပိုင်းအိပ်မက်တွေ သိပ်ခါးတာပဲ။ ငှက်ကလေး
စိမ်းကားမှုကို သူက အဆောင်အဖြစ်ထားတယ်။ ကိုယ်မျှော်နေတဲ့ သူ့စကားသံလေးဟာ ကိုယ့်အတွက်
တစ်စက်ကလေးတောင် ထွက်ကျမလာခဲ့ဘူး။ ကိုယ်မျှော်နေတဲ့
ဂီတသံလေးဟာ ကိုယ့်အတွက်ဆို အလိုလိုတိတ်ဆိတ်ဆွံ့အနေတတ်ခဲ့သတဲ့။ ကိုယ် တကယ်ကြီး ကံဝေးခဲ့ပါတယ်။
ချစ်သူ ခင်သူပေါတဲ့ ကံနဲ့ ဝေးခဲ့တယ်။
အောက်တိုဘာက ကိုယ့်ဆီ စာပါးလာတယ်။ ငှက်ကလေးက ကိုယ်နဲ့
မထိုက်တန်ဘူးတဲ့လေ။ ပြောရက်လိုက်တာ အောက်တိုဘာရယ်။ အချစ်ဟာ ထိုက်တန်ခြင်းမထိုက်တန်ခြင်းရှိသလား
အောက်တိုဘာလို့ မေးခွင့်ရရင် မေးလိုက်ချင်ရဲ့။ ကိုယ်က ငှက်ကလေးရဲ့ လက်ချောင်းလေးတွေကို
ချစ်တယ်။ နောက် ငှက်ကလေးရဲ့ မျက်ခုံးလေးတွေကို ချစ်တယ်။ နောက် ငှက်ကလေးကို ချစ်တယ်။
အောက်တိုဘာဟာ နေ့အစမှာတင် ကိုယ့်ဆီက ဝမ်းနည်းကြေကွဲခြင်းတွေကို တူးဆွလိုက်တယ်။ ကိုယ်တိုင်သိမ်ငယ်မှုရှိနေတဲ့
ကိုယ့်ကို ငှက်ကလေးနဲ့ မထိုက်တန်ဘူးလို့ ထိုးနှက်တိုက်ခိုက်လိုက်တယ်။ ကိုယ် လဲပြိုဖို့
အမေ့မေ့အလျော့လျော့ပါပဲ။ ချစ်နေမိတယ် ဆိုတဲ့ အသိနဲ့တင် ကျေနပ်၊ ငှက်ကလေးကို ငေးကြည့်ဖြည့်ဆည်းခွင့်လေးကို
တိတ်တိတ်လေး ခိုးကြည့်ခဲ့ရသူမို့ ခုလည်း ဆက်ချစ်နေမိတာပါပဲ။
လွဲတယ်။ အလွဲကြီးလွဲတယ် အောက်တိုဘာ။ ကိုယ်က မနက်ခင်းတိုင်းကို
ငှက်ကလေးလို့ ရေရွတ်မြည်တမ်းပြီးနိုးထလာတာမဟုတ်သလို အိပ်စက်မယ့်အချိန်တိုင်းကိုလည်း
ငှက်ကလေးလို့ တစာစာအော်မြည်နေခဲ့တာ မဟုတ်ဘူး။ ငှက်ကလေးနဲ့ပတ်သတ်တဲ့ ဂုဏ်အင်္ဂါရပ်တွေမှာ
ကိုယ် အမြတ်နိုးဆုံးက တစ်ခုတည်း။ ငှက်ကလေးရဲ့ စိတ်နေသဘောထား။ ဒါပါပဲ။ လမ်းကြုံတိုင်း
လွမ်းတယ်။ မနက်ညအဆုံးအစတွေမှာ မလွမ်းပေမယ့် ငှက်ကလေးကို ကိုယ်က လမ်းကြုံတိုင်းလွမ်းတယ်
အောက်တိုဘာ လို့ပဲ တီးတိုးရေရွတ်မိရဲ့။
နေ့ရက်တွေဟာ ရေတွက်မနေပါပဲ တတိတိ ကုန်ဆုံးနေတယ်။ ငှက်ကလေးနဲ့
ကိုယ့်ရဲ့ တွေ့ဆုံမှုတောင် ဘာလိုလိုနဲ့ မှတ်တိုင်တစ်ခု ထူထောင်နိုင်တော့မယ်။ ငှက်ကလေးကတော့
ကိုယ့်ကို မေ့နေတုန်းပဲ ထင်ပါရဲ့။ ဟိုးတစ်နေ့ကတွေ့ခဲ့တယ်။ ငှက်ကလေး သူ ပြုံးနေခဲ့တယ်။
သူ့အပြုံးအေးအေးချမ်းချမ်းလေးမှာ ကိုယ် နစ်မြောနေချင်လိုက်တာ ဆိုတဲ့အတွေးနဲ့ ရူးမိရဲ့။
အောက်တိုဘာက ကိုယ့်ကို ဘယ်လောက်ထိ လှည့်စားဦးမလဲ၊ဘယ်လောက်ထိ အပြစ်တင်ဦးမလဲ ကိုယ်မသိဘူး။
ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် အုပစ်တင်မိနေတာ ခက်တယ်။ ကိုယ့်ချစ်ခြင်းဟာ ငှက်ကလေးအတွက်
အားအင်တစ်ခု ဖြစ်မလာနိုင်ဘူးဆိုတဲ့ အသိကို ရလိုက်တဲ့ ခဏ ကိုယ် ရင်အက်တယ်။
သစ်ပင်တစ်ကောင်ရဲ့
ရင်အက်သံဟာ ဖြိုးဖြိုးဖြောက်ဖြောက်ချိုးချိုးချောက်ချောက် မြည်သံပဲ ထွက်လိမ့်မပေါ့။ကိုယ်ချစ်တဲ့
ငှက်ကလေး ဘယ်ကြားမလဲ ကိုယ် နားလည်တယ်။ ကိုယ်က ကိုယ့်ရင်အက်သံကို ပြန်နားဆင်နေရတဲ့ အခိုက်အတန့်ကိုပဲ
ယစ်ယစ်မူးမူး ဆိုရင် ငှက်ကလေး ယုံပါ့မလား။
ဟော မိုးစလေးတောင် ဖြန်းဖြန်းပက်ပက်။ ကိုယ် မုန်းတဲ့ မိုးရာသီ
လာပြီ။ ဟင့်အင်း။ ကိုယ် အရင်က မိုးစက်လေးတွေကို ချစ်တာပေါ့။ ကိုယ့်ကို ငြိမ်းချမ်းမှုပေးတဲ့
မိုးစက်လေးတွေဆိုပြီး ချစ်ခဲ့တယ်။ ခု ကိုယ့်ငှက်ကလေးကို အတောင်စိုအောင်လုပ်တဲ့ မိုးဆိုပြီး
ကိုယ်မုန်းတယ်။
အဲဒီလို ကိုယ်မုန်းတဲ့ မိုးနေ့မှာပါပဲ။
မျက်ဝန်းညိုတွေကို ပိုင်ဆိုင်ထားတဲ့ သူ့ရဲ့ အဖြူရောင်မျက်သားလေးကို ငေးစိုက်ကြည့်နေမိခြင်းမှာ
ရင်တွေ တလှပ်လှပ် ခုန်တတ်လာခဲ့တယ်။ ကျေးဇူးပြုပြီး ငါ့ကိုမကြည့်ပါနဲ့လား နင့်မျက်ဝန်းလေးတွေ
ငါ ငေးကြည့်ခွင့်ရချင်သေးလို့ပါ။ ပန်းရောင်ထနေတဲ့ သူ့လက်သည်းလေးမှာ နှလုံးသားဟာ တဒိတ်ဒိတ်ဖြစ်လာ
ငှက်ကလေး သူ့လက်သည်းလေးတွေ တစ်ခုနဲ့တစ်ခု ရန်ဖြစ်နေကြတယ်။ အနည်းငယ်ရှတတ်တဲ့သူ့အသံဟာ ဒီနေ့ဝါးတယ်။ နေမကောင်းဘူး
ထင်တယ်ဆိုတဲ့အတွေးနဲ့ ကိုယ့်စိတ်တစ်ခုလုံး ဖျားတယ်။ ဟော ရူးပြန်ပြီ။ လမ်းကြုံတိုင်းလွမ်းတဲ့
သစ်ပင်တစ်ယောက် ရူးမိပြန်ပြီ ငှက်ကလေးရေ။
စက်တင်ဘာရဲ့ သတိပေးစကားသံကို ကိုယ်ပြန်ကြားယောင်လာ။ ငှက်ကလေးက
မင်းကို မချစ်ခဲ့ပါဘူးကွာ တဲ့။ သြဂတ်စ်ရဲ့ အသိပေးသံက နှလုံးသားမှာ ထင်ကျန်တုန်း။ နင်
ဘာတွေ အရူးထထ၊ ငှက်ကလေးက ငှက်ကလေးကိုပဲ ချစ်မှာဟ တဲ့လေ။ ဇူလိုင်၊ ဇွန် အို အားလု့းအားလုံး
သူတို့ တသမတ်တည်းပြောတဲ့ စကားတစ်ခွန်းက ငှက်ကလေး ကိုယ့်ကို မချစ်ဘူးတဲ့။
ဘာဖြစ်လဲကွယ်။ နေကြီးက မြင့်နေပြီ။ကိုယ်ဟာလည်း ပြန်ပြင်ဖို့ခက်တဲ့
သံယောဇဉ်ရထားကြီးပေါ်မှာ။ ကိုယ့်အိပ်မက်တွေ ငှက်ကလေးကို ပြောခွင့်မရှိတော့ဘူး။ သိတယ်။
ငှက်ကလေးရဲ့ အိပ်မက်ကို တော့ နဂိုကတည်းက မေးခွင့်မရှိခဲ့သူပါ။ ဒါကိုလည်းသိတယ်။ ဟော
ငှက်ကလေးရဲ့ အတောင်ပံခတ်သံကြားရပြီ။ ကိုယ် မမြင်ရရင်တောင်မှ ငှက်ကလေးရှိမယ်အထင်နဲ့ကောင်းကင်ကို
မော့ကြည့်ပြီး အလွမ်းဖြေလိုက်ဦးမယ်။ ထပ်ပြောပါရစေ။ ကိုယ်က လမ်းကြုံမှ လွမ်းတတ်တဲ့
ကောင်ပါ။
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်