“ချစ်သူ…တဲ့လား”
(၁)
“ချစ်တယ်”။
ဟင့်အင်း ဒီစကားကို ကျွန်မ နောက်ထပ်မသုံးနိုင်တော့ဘူး။ ချစ်တယ်ဆိုတဲ့ စကားကို နောက်ထပ်မသုံးနိုင်တော့ဘူး။
ခွင့်မလွှတ်ပါနဲ့။ ကျွန်မကို ခွင့်မလွှတ်ပါနဲ့။ ” ချစ်တယ်ဆိုတဲ့ စကားကို တစ်စုံတစ်ယောက်ဆီမှာပဲ
ကျွန်မ မြုပ်နှံထားလိုက်မိပြီ။ နောက်တစ်ယောက်ဆီပြောင်းဖို့ အင်အားမရှိသေးသလို နောက်ထပ်နောက်ထပ်လည်း
လက်ဆင့်ကမ်းဖို့ အင်အားမရှိတော့။
ကျွန်မကို
ငေးကြည့်နေသည့် ဇေယျမျက်ဝန်းများမှ အကြည့်လွှဲလိုက်ရင်း တမင်တကာ အေးစက်မာကြောသည့်အသံဖြင့်
စကားစလိုက်သည်။
“ကျွန်မ
လက်မခံနိုင်ဘူး ကိုဇေယျ အချစ်ဆိုတာကို နောက်တစ်ခေါက်မြည်းစမ်းဖို့ ကြောက်သွားပြီလို့ပဲ
မှတ်ပေးပါ”
“ဘာဆိုင်လို့လဲ
ဘာဆိုင်လို့လဲဗျာ မနှင်းဦး အချစ်ကို ကြောက်တယ်ဆိုတာကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်
ဒါပေမယ့် ဒီလိုယတိပြတ်ကြီးငြင်းမယ့်အစား ကျွန်တော့်ကိုကော တစ်ခါလောက်…”
ဆက်မလာသည့်
သူ့စကားအတိမ်အနက်ကို နားလည်လိုက်ပါသည်။ သို့သော် ကျွန်မ လက်မခံနိုင်။
“ဒီနေ့
ကိုဇေယျက ကျွန်မကို ဘာမှမပြောခဲ့ဖူး လို့ပဲ မှတ်လိုက်ပါ့မယ် သွားတော့မယ်”
ဇေယျဆီမှ
ခွင့်ပြုချက်မရခင်မှာပင် ကျွန်မ လှည့်ထွက်လာမိသည်။ ခြေလှမ်းတို့ကိုလည်း မပြေးရုံတမယ်လှမ်းရင်း။
---+++-----
အချစ်ဟာ
အဖန်ဖန်အထပ်ထပ် ပေါက်ဖွားတတ်ပါသလား။ မသိ။ ကျွန်မသိပါ။ ကျွန်မကို ချဉ်းကပ်လာသော ယောက်ျားများအနက်
ဇေယျသည် ကျွန်မသံယောဇဉ်အရှိဆုံးဖြစ်သည်ကတော့ အသေအချာ။ မိဝေးဖဝေး တစ်နယ်တစ်ကျေးမှာ အလုပ်လာလုပ်နေရသော
ကျွန်မအတွက် ဇေယျသည် အကူအညီဖြစ်ခဲ့သည်။ အထောက်အပံ့ဖြစ်ခဲ့သည်။ အချစ်ဦးကြောင့် ခါးသက်ခဲ့သော
စိတ် အစိတ်အပိုင်းတို့သည် ဇေယျနှင့်တွေ့မှ ပျော်ရွှင်မှုနှင့် ပြန်လည်ထိတွေ့ခဲ့ရသည်လေ။
“ဟယ်လို”
တဒူဒူမြည်လာသော
ဖုန်းသံကြောင့် ဖွင့်ကာထူးလိုက်သည်။ ကျွန်မ၏ ဟယ်လိုထူးသံကို ဂရုမစိုက်သည့်အလား ဖုန်းတွင်းမှ
တိတ်ဆိတ်ခြင်းက ကြိုဆိုနေသည်။ ဖုန်းကျသွားလေသလားဟု ကြည့်ရင်းဖုန်းနံပါတ်ကိုစစ်ကြည့်တော့လည်း
ကျွန်မမသိသည့် နံပါတ်တစ်ခုဖြစ်လို့နေပြန်သည်။
“ဟယ်လို
ဟယ်လို”
အတန်ကြာအောင်
ထူးသံမပေါ်လာသည့် ဖုန်းကို စိတ်မရှည်စွာပင် ပိတ်လိုက်မိရင်း ဒီချိန်ဆိုလျှင် သူတစ်ယောက်တော့
လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဆိုင်မှာ ပျော်လုပေါ့ဟူသည့် အတွေးဖြင့် ရင်တွင် နာကျင်သွားရသည်။
ဒီချိန်ထိ သူ့အတွက် နာကျင်ဆဲ နှလုံးသားသည် ချစ်တယ်ဆိုသည့် စကားကို တခြားတစ်ယောက်အတွက်
သုံးဖို့ရာ ခွင့်မပြုခဲ့။ ခွင့်မပြုသေး။ သို့သော် သူ့ကို ချစ်လွန်း၍တော့ မဟုတ်။ ထိုအဖြစ်အပျက်မျိုး
ထပ်မံကြုံရမည်ကို စိုးကြောက်၍ ဖြစ်သည်။ သံယောဇဉ်အရှိဆုံး ဇေယျကိုပင် ဟန်ဆောင်ကာ ပြောလိုက်ရမည့်
ထိုစကားတစ်ခွန်းကို ခွင့်မပြုနိုင်ခဲ့။ စွမ်းအားကြီးလွန်းလှသည့် ထိုစကားလေးကို ပိုင်ဆိုင်သူသည်
ဒီလိုညခင်းအချိန်ဆိုလျှင် ကျဆိမ့်တစ်ခွက်ကို ဇိမ်ဆွဲသောက်ကာ တီဗွီမှလာသော ဘောလုံးပွဲကိုကြည့်၍
စိမ်ပြေနပြေဝေဖန်နေပေလိမ့်မည်။ သူ ကျွန်မကိုသတိရပါရဲ့လား။ မရေမရာမေးခွန်းများစွာနှင့်အတူ
ဖုန်းလေးထဲမှ ဓါတ်ပုံတို့ကို ထုတ်ကြည့်မိပြန်သည်။
“ကောင်းပြီလေ
နှင်းကို ကိုယ်တကယ်ချစ်ခဲ့တာပါပဲ ဒါပေမယ့်…………………
နှင်း မာနတွေက လွန်ကျူးလွန်းတယ် နှင်းတင်ထားတဲ့ သိက္ခာတွေက
လွန်ကျူးလွန်းတယ် ကိုယ် နှင်းနဲ့ လမ်းခွဲချင်ပြီ”
အိုး။
နှုတ်ခမ်းပါးပါးလေးနဲ့ ဆိုခဲ့တဲ့ စကားတွေ ဒီချိန်ထိ ကျွန်မရဲ့ ဦးနှောက်ထဲမှာ မပျက်မစီးရှိနေဆဲပါ့လား။
ဖုန်းလေးထဲမှ သူနှင့် ကျွန်မသည် နယ်မြို့လေးတစ်မြို့၏ ပန်းခြံကျယ်ကြီးဝယ် အပြုံးတို့
တလွင့်လွင့်ရှိနေသည်။
“ကိုယ့်ချစ်သူကိုနမ်းခွင့်တောင်မရတဲ့ဘဝ
ကဘယ်လိုအနေအထားကြီးလဲ နှင်းရယ် ချစ်သူတို့ဘာသာဘာဝ နမ်းတယ်ဆိုတာ ရှက်စရာမှ မဟုတ်ပဲ”
သူဆိုခဲ့သည့်ထိုစကားမှာပင်
ကျွန်မ ဒေါသတို့အမျက်ချောင်းချောင်းထခဲ့ဖူးသည်။ ထိုနေရာမှာပင် “နိုင်ငံခြားဇာတ်ကားတွေထဲကလို
အနမ်းဆိုတာ ပေါပေါလောလောသုံးရအောင် ဒို့နေနေတာ အမေရိကန်မဟုတ်သလို ကိုရီးယားလည်းမဟုတ်ဘူး
အောင် မြန်မာနိုင်ငံဟ နမ်းခွင့်မရလို့ ချစ်သူအဖြစ်က ပြတ်စဲကြေးဆိုလည်း ပြတ်စဲတာပေါ့”
ဟု ကျွန်မစကားဆိုခဲ့သည်။ ထိုနေရာမှာပင် သူ့ကို လမ်းခွဲစကားဆိုခဲ့ဖူးသည်။ ပညာနို့ရည်သောက်သုံးရာ
တက္ကသိုလ်နယ်မြေသည် အရင်ကအေးချမ်းခဲ့သလောက် ချစ်သူ၏ ရမ္မက်ကြောင့် ပူလောင်ဆူပွက်သွားသလိုထင်ရ၏။
မြင်မြင်ရာသည် လောင်မြိုက်လွန်းသည့် အလင်းများဖြင့် ပျံ့နှံ့နေသည်။ အလိုတူအလိုပါမဟုတ်ပဲ
ကျွန်မ နှုတ်ခမ်းမှ အနမ်းကို သူခိုးယူသွားခဲ့သည်။ ထိုအနမ်းကြောင့်ပင် သူနှင့် ကျွန်မ
လမ်းခွဲခြင်းတို့ ဖြစ်တည်ခဲ့ရသည်မဟုတ်ပါလား။
မျက်လုံးအစုံကိုမှိတ်လိုက်တော့မြေနီလမ်းလေးတစ်လမ်းကို
မြင်လိုက်မိ၏။ ထိုလမ်းမထက်တွင်တော့ သူ။ လက်ဝယ် အနီရောင်ကြိုးစလေးရစ်ပတ်လျှက် ဝေ့ယမ်းပြနေသည်။
သူနှင့် ကျွန်မအတွက် ချစ်ခြင်းကို အနီရောင်ကြိုးစလေးက ဆုံစည်းစေခဲ့သည် ဟု ပြောချင်သည်။
သူ့လွယ်အိတ်မှ ခေါင်းလောင်းလေးများနှင့် ကျွန်မလွယ်အိတ်ဖါးဖါးမှ အမွှေးပွရှည်ရှည်များဖြင့်
ငြိသွားခြင်းကြောင့်သာ သူနှင့်ကျွန်မ ခင်မင်ခွင့်ရခဲ့သည်မဟုတ်ပါလား။ စတင်ဆုံစည်းခဲ့ခြင်းဖြစ်သည်
မဟုတ်ပါလား။
ဟင့်အင်း။ ခေါင်းကို ရုတ်တရက်
ခါယမ်းလိုက်မိသည်။ မလွမ်းချင်ပါ။ အတိတ်ဆိုသည်မှာ ရှောင်ကြဉ်စရာတို့ကို သင်ယူရာအရပ်ဖြစ်သည်ဟုသာ
သတ်မှတ်ထားသည်မဟုတ်ပါလား။ အတိတ်ကိုလွမ်း၍ အတိတ်၌ အသက်မရှင်ချင်ပါ။
(၂)
“မာလာဆောင်နဲ့ ပတ်သတ်လို့
ပုံပြင်လေးတစ်ပုဒ်ကြားဖူးတယ် ပုံပြင်ထဲက ဇာတ်လိုက်ကြီး ဘယ်သူလဲလို့ မမေးပါနဲ့ မာလာဆောင်နဲ့ပတ်သတ်လို့
ပုံပြင်လေးတစ်ပုဒ် ကြားဖူးတယ် ပုံပြင်ထဲက ဇာတ်လိုက်ကြီး ဘယ်သူလဲ လို့မမေးပါနဲ့”
အဆောင်ရှေ့မှ ကြားလိုက်ရသည့်
သီချင်းသံကြောင့် မီးပိတ်လုဆဲဆဲ လက်တို့ တန့်သွားရသည်။ စကားပြောသည့်အခါတွင်သာ အက်ကွဲရှတလွန်းသော
ဇေယျသည် သီချင်းဆိုသည့်အခါမှာတော့ ထူးခြားစွာ ကောင်းမွန်လွန်းနေပြန်သည်။ အဆောင်ပြတင်းပေါက်နားထိုင်ကာ
နံရံကို မီလိုက်ရင်း သီချင်းကို ဆက်နားထောင်နေမိသည်။ ထို့အတူ စိတ်တို့က အတိတ်ကို ပြေးပြန်ပါသည်။
----+++++----
“အောင် သီချင်းဆိုပြ”
ဂစ်တာကို အသံစမ်းနေသော အောင့်ကို
ငေးကြည့်နေမိသည်။
“အိုခေ…”
အောင့်လက်ကလေးများ ဂစ်တာပေါ်
ပြေးလွှားနေတော့သည်။ ထို့နောက်တော့ အောင့်အသံချိုလေး…။
“ချစ်သူကို ရွှေနန်းထက်မှာထားချင်တယ်
xxxxxxဒါပေမဲ့ ကိုယ့်ဘဝဟာ ချို့တဲ့တာ မင်းအသိပါ ချစ်သူကို လက်ဖျားနဲ့တောင်မတို့ဝံ့နိုင်တယ်
အလှကလေးxxxxxxx ပျက်လို့သွားမှာကို နှမြောမိပြန်တယ် xxxxxအိုတစ်နေ့နေ့ ခွဲရမှာလား ရင်တထိတ်ထိတ်နဲ့
မပျော်နိုင်ပါဘူးxxxxxxx အော် တစ်နေ့နေ့ ဝေးရမှာလား နုံချာတဲ့ အနုတ်စုတ်ဘဝနဲ့ ချစ်သူကို
ချစ်လို့ကို မဝနိုင်သေးခင် xxx”
အောင့်သီချင်းသံ ချိုမြမြကို
နားထောင်ရင်း ကော်ဖီကို အချိန်ဆွဲသောက်နေမိသည်။ ကင်န်တင်းသို့ မိန်းကလေးတစ်သိုက်က ကျွန်မတို့ဘေးမှ
ဖြတ်သွားသည်မို့ အောင့်အသံလေးက တိုးတိမ်သွားပြန်သည်။ ကော်ဖီကို လက်စသတ်လိုက်ရင်း ငွေရှင်းဖို့ပြင်တော့
အောင်က စားပွဲထိုးလေးခေါ်ကာ ရှင်းပြီးနေပြီဖြစ်၏။
“နှင်း ဒို့ရူပ ကကွင်းက
လာပြောနေတယ် တွဲတဲ့သူရှိလားတဲ့”
ဘာသဘောနဲ့ပြောတာလဲ ဟူသည့်အမေးအကြည့်ဖြင့်
ကြည့်မိလိုက်တော့ အောင့်မျက်ဝန်းတို့သည် ကြွားဝါလိုခြင်းဆန်သည့် အရိပ်အယောင်တို့ဖြင့်
ဝင်းလက်နေသည်။ ဒို့ချစ်တဲ့ အောင်ဟာ ဒီလိုလူ မဟုတ်ဘူးနော် ဟု တီးတိုးသက်ပြင်းချမိရင်း
“ဘာပြန်ဖြေလိုက်တုန်း ဒီတော့”
“အို ကိုယ့်မှာ ဟော့ဒီအချစ်ဆုံး
နှင်းရှိနေတာပဲ ရှိတယ်လို့ ဖြေလိုက်တာပေါ့ နှင်းရ
အဟက်ဟက်”
ခန္ဓာကို တစ်ခုလုံး လှုပ်ခါသွားအောင်
ရယ်နေသည့် အောင့်ကိုကြည့်ရင်း စိတ်ထဲမှာ မနှစ်မြို့ခြင်းခံစားချက်တစ်မျိုးဖြတ်စီးသွား၏။
ငယ်ချစ်ဦးပေမယ့် အောင့်စိတ်ကို မခန့်မှန်းနိုင်ခဲ့ပါ့လား ဟူသည့်အတွေးဖြင့်လည်း ကိုယ့်ကိုယ်ကို
အားမလိုအားမရဖြစ်စွာ။
---+++----------
“ဒီလို မချစ်ဖူးလို့ မပြောပါနဲ့
မင်းလုပ်သမျှအားလုံးကိုကျေနပ်တယ် ယုံပါ ဒီအချစ်များ မငြင်းပါနဲ့ xxxx မျှော်လင့်ရင်း
စောင့်ရသူ ရင် မောအောင် xxxx မလုပ် နဲ့xx”
ဇေယျ၏ သီချင်းသံအဆွဲအငင်ကြောင့်
ပစ္စုပ္ပန်ဆီသို့ စိတ်တို့ ပြန်ရောက်ရင်း ဇေယျရှိရာ ငေးကြည့်မိတော့ ဂစ်တာတစ်လုံးနဲ့ ပေါက်ကွဲနေသည့်
သူ့ဟန်မှာ တကယ်ခံစားနေရသည့်ဟန်။ အလုပ်စဝင်ပါပြီဆိုကတည်းက ဝန်ထမ်းသစ်ဆိုလျှင် အော်ချင်ငေါက်ချင်ကြသည့်စီနီယာ
အစ်ကိုအစ်မများကြားဝယ် စတွေ့ကတည်းက ဇေယျသည် ကျွန်မအတွက် တံတိုင်းသဖွယ် ကာကွယ်ပေးခဲ့သည်။
တစ်နေရာရာသို့ တွဲဖက်၍ အချက်အလက်ကောက်ရန်သွားပြီဆိုတော့လည်း ကျွန်မက စာရွက်တွင်ဖြည့်ပေးရန်သာ။
ကျန်တာက ကျွန်မ ရှေ့မှ ဇေယျက လှုပ်ရှားသွားသည်ချည်း။ အလုပ်ဝင်ပြီး သုံးလလောက်နေတော့
လုပ်ငန်းခွင်နှင့် ကျွန်မ အသားကျသွားပြီဖြစ်သော်ငြား ဇေယျ၏ ကူညီမှုက မလျော့ပါးခဲ့။ တခါတရံဆို
အနေရခက်လောက်အောင်ပင်ဂရုစိုက်တတ်သည့် ဇေယျကိုကြည့်ရင်း မိန်းမသားတို့ မွေးရာပါဗီဇစိတ်အရ
တစ်ချိန်ချိန်မှာ ချစ်တယ်ဟု ဖွင့်ပြောလာမည်မှန်း သိခဲ့သည်။ ထို့အတူ ကျွန်မ ကိုယ်တိုင်လည်း
ဇေယျကို သံယောဇဉ်ရှိခဲ့မိပါသည်။ ဘဝတွင် သူစိမ်းယောက်ျားဟူ၍ အောင့်အပြင် နောက်ထပ်သံယောဇဉ်တွယ်မိသော
သူလည်း ဖြစ်သည်။
တစ်နေ့က မေမေနှင့် ဖုန်းဆက်ဖြစ်တော့
“ညည်းသူငယ်ချင်း ငအောင်တောင် လက်ထပ်သွားပါပြီကော ငါ့သမီးကကော ဘယ်တော့လဲ” ဟု မေးသေးသည်။
တိုက်ဆိုင်စွာပင် ကျွန်မ ၏ နှလုံးသားသည် အောင့်အတွက်အဖြူရောင်သံယောဇဉ်တို့သာ ကျန်သေးမှန်းသိခဲ့ရသော
နေ့လည်း ဖြစ်၏။ တိုက်ဆိုင်စွာပင် ဇေယျဆီမှ ရင်ဖွင့်သံကို ကြားခဲ့ရသော နေ့လည်းဖြစ်သည်။
မနက်ခင်းကတည်းက မှိုင်တွေနေသော စိတ်တို့သည် ဇေယျ၏ ရင်ဖွင့်သံအကြားမှာ တဒိုင်းဒိုင်းခုန်ရင်း
ထိန်းချုပ်ရခက်ခဲ့သည်ကို တော့ ကျွန်မသိသည်။ သို့သော် အချစ်ဆိုသည်မှာ ကျွန်မအတွက် ထပ်မံဖွင့်ကြည့်ဖို့
မလိုအပ်တော့သော စာအုပ်တစ်အုပ်ဖြစ်နေခဲ့သည်မဟုတ်ပါလား။
(၃)
“ဖြန်း”
“နှင်း…မင်း မင်းကွာ ”
တိတ်ဆိတ်ခြင်းက ကြောက်ရွံ့ဖို့ကောင်းအောင်
ကြီးစိုးနေသည်။ အမိတက္ကသိုလ်သည် သူ့ရင်ခွင် ခိုလှုံနေသည့် သားသမီးနှစ်ယောက်ကို စိတ်မသက်မသာနှင့်
ငေးကြည့်နေရဟန် ပူလောင်နေ၏။ တိုက်ခတ်သည့်လေတို့တွင်လည်း အေးမြခြင်းက ပျောက်ရှလျှက်..။
အောင့်ပါးပြင် နီရဲနေခြင်းကိုကြည့်၍ သနားအားနာခြင်းများ ကျွန်မရင်တွင် ဖြစ်ထွန်းမလာတော့။
“ကောင်းပြီလေ
နှင်းကို ကိုယ်တကယ်ချစ်ခဲ့တာပါပဲ ဒါပေမယ့်…………………
နှင်း မာနတွေက လွန်ကျူးလွန်းတယ် နှင်းတင်ထားတဲ့ သိက္ခာတွေက
လွန်ကျူးလွန်းတယ် ကိုယ် နှင်းနဲ့ လမ်းခွဲချင်ပြီ”
“နမ်းခွင့်ပေးမှ ကိုယ့်အနားဆက်ရှိနေမယ့်
လူမျိုးကိုလည်း ချစ်သူအဖြစ်နှင်း မလိုအပ်ဘူး အောင် နှင်းသွားနှင့်မယ်”
ခွဲခွာခဲ့ရသော ခြေလှမ်းတို့သည်
ဒီတစ်ကြိမ်မှာ တွန့်ဆုတ်မနေခဲ့။ ချစ်သူ၏အလိုမတူပဲ အကြမ်းဖက်ခံရသော နှုတ်ခမ်းနှစ်လွှာမှာတော့
သွေးစတို့ အနည်းငယ်လိမ်းကျံနေခဲ့သည်။ အရှေ့ဆီက မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အထိတ်တလန့်
တွေးမိရသည်။ ကနဦးက အဖြစ်အပျက်ကိုများ သူ မြင်သွားလေသလားဟု။ သူ ဇေယျ။ ဒေါသတကြီး ကြည့်နေခဲ့သည်။
“မဟုတ်ဖူး မဟုတ်ဖူး ဇေယျ..
”
အပြေးလိုက်သော်လည်း မထူး။
မထူးခဲ့။
မျက်လုံးအစုံ ပွင့်တော့မှ
စိတ်တို့ မောဟိုက်စွာဖြင့် သိလိုက်ရသည်။ အတိတ်သည် အိပ်မက်ကို အလည်လာခဲ့သည်။ ဇေယျ ဘာ့ကြောင့်များ
အတိတ်ပုံရိပ်တွင် ပါဝင်လာပါသလဲ။ စောင်ကိုခွာ၍ ရေချိုးခန်းထဲသို့ ထွက်လာလိုက်သည်။
နှုတ်ခမ်းမှ ငံကျိကျိအရသာကြောင့်
ရေချိုးခန်းမှန်ကိုကြည့်လိုက်မိတော့ နှုတ်ခမ်းထက်မှာ သွေးစတချို့။ အိပ်မက်သည် ပြင်ပဘဝတွင်ပါ
အကျုံးဝင်တတ်ပါသလား။မသိ။ ကျွန်မ မသိပါ။ သို့သော် အိပ်မက်မှာ ဒေါသသည် ပြင်ပကမ္ဘာထိသို့
ပါလာခဲ့သည်ကတော့အမှန်ပင်။ ထိုနေ့ကလောက် ရှက်ရွံ့မှုမျိုး၊ထိုနေ့ကလောက် ရွံ့ရှာမှုမျိုး
ကျွန်မဘဝတွင် မတွေ့ဖူးမကြုံဖူးခဲ့။ အခုတော့ ဇေယျသည်လည်း ထိုနေ့၏ နောက်ဆက်တွဲဝေဒနာကို
ပူးတွဲခံစားနေရပြီဖြစ်သည်။ မနေ့ကပဲ ဇေယျ ကျွန်မ အနားသို့လာခဲ့သည်။ အချစ်၏ သက်သေ ဆိုသည်ကို
ကျွန်မ မသိပါ။ သို့သော် ကျွန်မ ဇေယျကို ယုံကြည်ချင်နေခဲ့ပါသည်။
“မနှင်းဦး အနေရခက်နေရင်
ကျွန်တော် ဌာနပြောင်းဖို့ လုပ်လိုက်ပါ့မယ် ကျွန်တော့်စိတ်ကို ကျွန်တော် မပြောင်းနိုင်တာကတော့
အသေအချာပဲ မနှင်းဦးအလုပ်မှာအနေရခက်မှာစိုးလို့ပါ”
ထိုစကားသာ ဆို၍ သူ ကျွန်မ
အနားမှ ထွက်ခွါသွားခဲ့သည်။ ဇေယျ။ ကျွန်မ မှားလေပြီလား ဟူသည့် အတွေးများစွာဖြင့် မနက်ခင်းသည်
အနည်းငယ်တော့လွမ်းဆွတ်နာကျင်ဖို့ကောင်းနေပါသည်။
ရုံးရောက်တော့လည်း အတွေ့ချင်ဆုံး
ဇေယျက ပျောက်ချက်သား ကောင်းလွန်းလှစွာ။ ဧည့်ကြိုဌာနနားသို့ ယောင်လည်လည်သွားကြည့်မိသော်လည်း
မရှိ။ သူမရှိ။ နေ့စဉ်နီးပါး မျက်နှာချင်းဆိုင်တွေ့နေရသူတစ်ယောက်ကို ပျောက်ချင်းမလှ
ပျောက်သွားသည့် အရသာသည် ဒီအရသာမျိုးလား။ သူဘယ်မှာလဲဟူသည့် အတွေးများသာ ကြီးစိုးလျှက်
ရင်ထဲမှာ တဆစ်ဆစ်နှင့် အောင့်နေသည့် အရသာ။ ဒီအရသာလား..။
(၄)
တဆိတ်လွန်လွန်းပြီ ထင်သည်။
ဖုန်းတစ်ချက်မဆက်။ ဒီနှစ်ပတ်အတွင်း ဖုန်းတစ်ချက်မျှ မဆက်ပဲ နေနိုင်ပါသော ဇေယျသည် ကျွန်မကို
အမှန် တကယ်ချစ်မြတ်နိုးလွန်းသူတဲ့လား။ ဘယ်လိုယုံရမှာလဲ ဟူသည့်အတွေးများဖြင့် အိပ်ပျက်ခဲ့သည့်
ညတို့ များလာပြီဖြစ်သည်။
အတွေးတို့ကို ခေါင်းခါကာ
မောင်းထုတ်ရင်း ရုံးကင်တင်န်းမှ ထဖို့ရာပြင်လိုက်စဉ် ရှေ့တည့်တည့်သို့ လာရပ်သော ခြေတစ်စုံကြောင့်
မော့်ကြည့်လိုက်တော့ သူ၊ ဇေယျ။ အနည်းငယ်ညှင်းသိုးသိုးနိုင်သော သူ့အသွင်ကိုကြည့်ရင်း
တလှိုက်လှိုက်တက်လာသော ဝမ်းနည်းစိတ်တို့ကို ထိန်းမရနိုင်။ တလိမ့်လိမ့်စီးဆင်းလုလု မျက်ရည်စတို့ကို
မျက်တောင် တခတ်ခတ်ဖြင့် ထိန်းနေရသည်။
“ကျွန်တော် တောင်းပန်တယ်
မနှင်းဦးရယ် ကျွန်တော် မနှင်းဦး ကို မမြင်ရတဲ့ နေရာမှာ မနေနိုင်ဘူး အလုပ်ပြောင်းစာ
မတင်ရသေးဘူး အဲဒါလာပြောတာပါ”
တိုးသဲ့သဲ့ သူ့အသံတွင် နစ်မျောနေမိစဉ်တွင်
လှည့်ထွက်သွားသော သူ့အပြုအမှုကြောင့်ကမန်းကတန်းဖြင့်
“ကိုဇေယျ”
တန့်သွားသော သူ့ကိုကြည့်၍
အနည်းငယ်ရှက်ရွံ့စွာ မေးမိလိုက်သည်။
“ကျွန်မမှာ လက်ခံဖို့ အခွင့်ရှိသေးရဲ့လားဟင်”
ပြန်လှည့်လာသော ဇေယျမျက်နှာမှ
အပျော်တို့ကိုကြည့်ရင်း ကျွန်မလည်း ရှက်ကြည်နူးစွာ ပြုံးမိလိုက်တော့သည်။
(၅)
မျက်လုံးအစုံကို မှိတ်လိုက်သည်။
ဒီသံယောဇဉ်ကို ထပ်မံမပြတ်တောက်လိုဘူးဆိုလျှင် ကျွန်မ မနှစ်သက်ဆုံးအရာတစ်ခုကို ခွင့်ပြုရပါမည်။
သို့သော် ကိုယ့်သိက္ခာကို ကိုယ်ပြန်ရှက်ရွံ့နေရသည်မို့ နှုတ်ခမ်းတို့က တားမြစ်ချင်စိတ်ဖြင့်
တဆတ်ဆတ်တုန်နေသည်။ လည်ကုပ်ဆီမှ ဆံပင်များကို နေရာရွှေ့လိုက်သည့် သူ့လက်ကြောင့် စိတ်တွင်း
တုန်လှုပ်မှုက ပို၍ ပြင်းထန်လာသည်။ သို့သော် မလှုပ်။ ကျွန်မ မလှုပ်ရဲ။
“………..”
ကြည်နူးဂုဏ်ယူမှုကြောင့် မျက်ရည်က လွင့်ခနဲ ကျသည်။ မတားမိတော့။
ချစ်သူကိုသာ လေးစားမြတ်နိုးစွားငေးကြည့်နေလိုက်မိတော့သည်။ ချစ်သူ ဆုပ်ကိုင်ထားသည့်
ကိုယ့်လက်ကလေးကို ပြန်ဆွဲထုတ်ဖို့ မလိုအပ်တော့။ ဒီလူသည် ကိုယ့်အတွက် ဘဝတစ်သက်တာ လက်တွဲရမည့်သူဟု
သေချာသွားပြီမဟုတ်ပါလား။ သူခွင့်တောင်းသည် နမ်းလိုသည် ဆိုသည့် အရာလေးသည် ကျွန်မ၏ လက်ချောင်းဖြူဖြူလေးတွေကို
တဲ့လေ။ ဘယ်လောက်များ နှစ်သက်ကြည်နူးစရာ ကောင်းလိုက်ပါသလဲ။ ကျွန်မ ချစ်ရတဲ့ ကျွန်မရဲ့
ချစ်သူ သူ။
-------------+++++++++--------------------
အခုဆိုလျှင် လက်ချောင်းဖြူဖြူလေးတွေကို
ကျွန်မ သနပ်ခါးပုံမှန်လိမ်းတတ်လာခဲ့ပြီဖြစ်သည်။ ရုံးသွားရုံးပြန် ဘဝအမောတွေကြားမှာ
မှီစရာ ပုခုံးလေးရှိနေရွေ့ ဘာအရေးလဲလေ။ ချစ်သူက ကျွန်မ၏ ရှေ့တွင် ကာကွယ်ပေးဖို့ အသင့်ရှိနေပါလိမ့်မည်။
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်