Tuesday, 8 October 2013

ရင်ဆိုင်ခြင်းဆိုတာ ကိုယ့်ရဲ့ တိုက်ပွဲခေါ်သံပဲ


ယိုင်နဲ့နေတဲ့ ကိုယ့်မျက်ဝန်းတွေကိုယ် ပြန်မကြည့်ချင်ဘူး။ သိတယ်။ ကိုယ်သိတယ်။ ဒီချိန်မှာ အားလျော့တာနဲ့ ပန်းတိုင်ဟာ အဝေးကြီးကို ပြေးလို့ပျောက်ကွယ်မယ်။ သိတယ်။ ကိုယ်သိတယ်။ကိုယ့်လက်နှစ်ဖက်က သွေးကြောတွေဟာအနီရောင်ပျောက်လုပြီ။ မတတ်နိုင်ဘူး။ ကိုယ့်လိုအင်အတွက် ကိုယ်ကြိုးစားရမှာပဲ။
အမြင်တွေကို ခဏမေ့ထားဖို့ ကိုယ့်ကိုယ်ကိုယ် ခိုင်းစေထားတယ်။ ဘဝတွေကို ခဏမေ့ထားဖို့ ကိုယ့်ကိုယ်ကိုယ်ခိုင်းစေထားတယ်။ အချစ်ကို ခဏမေ့ထားဖို့ကိုယ့်ကိုယ်ကိုယ်ခိုင်းစေထားတယ်။ လက်ရှိကိုယ့်အတွက်အရေးအကြီးဆုံးအရာ….ပန်းတိုင်။
ကိုယ့်စိတ်တွေ အင်အားလျော့လုလု။ ဒီချိန်မှာကိုယ်ဟာ တပ်ပျက်လုလု သရဲနီပဲ။ ဟင့်အင်း။ သရဲနီဆိုတာ ဘယ်လောက်ထိ တပ်ပျက်နေပါစေ၊ ပြိုင်ပွဲအဆုံးထိ ရေကုန်ရေခမ်းကစားတယ်။ အနုတ်လက္ခဏာပြနေတဲ့ ပြိုင်ပွဲရလဒ်ထက် ပရိသတ်အတွက် အစွမ်းကုန် ကစားပြနိုင်ဖို့ အဓိကထားတယ်။ ဟုတ်တယ်။ ကိုယ်ပန်းတိုင်ကို ကိုယ်ဆက်လျှောက်မယ်။ ဒါ ကိုယ့်အတွက် စိတ်ခွန်အားပဲ။


ပြေးဆော့နေတဲ့ စိတ်တွေဟာ ဖမ်းမနိုင်ဘူး။ ပြေးတယ်။ အတိတ်ကိုလည်း ပြေးတယ်။ အနာဂတ်ကိုလည်း ပြေးတယ်။ ပစ္စုပ္ပန်ကြီးကိုတော့ ပုန်းနေချင်တဲ့ စိတ်တွေနဲ့ ချောင်ကပ်နေတယ်။ မရဘူး။ ဘဝ ရဲ့ အဓိပ္ပါယ်ကို ပြည့်စုံလှပစေတာ ရင်ဆိုင်ခြင်းပဲ။ ကြောက်ရွံ့ခြင်းတွေ ဖယ်ထုတ်ပါ။ ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်။ တွန့်ဆုတ်ဆုတ်ခြေလှမ်းတွေဟာ အပြင်ကမ္ဘာကို ရောက်သင့်သလောက် ရောက်မလာခဲ့ဘူး။ ရပ်နေတဲ့ ဘဝဟာ ရပ်မြဲရပ်နေလျှက်ပဲ။
မပြောနဲ့။ မပြောပါနဲ့။ တန်ဖိုးထားမှုမတူညီတဲ့အခါ ညီမျှခြင်းချမှုတွေ ရှောင်သင့်တယ်။ ခရေပန်းတစ်ပွင့်ကို ရနံ့အတွက် တန်ဖိုးထားသူရှိချင်ရှိမယ်။ မိတ်ပျောက်ယားယံဖို့အတွက် တန်ဖိုးထားသူရှိချင်ရှိမယ်။ တန်ဖိုးချင်းနှိုင်းယှဉ်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ ဒီပန်းတိုင်အပေါ် ကိုယ့်တန်ဖိုးထားခြင်းတွေ အဆုံးစွန်ထိ ပုံအပ်ထားတယ်။ တပါးသူအမြင်မှာ သုညဖြစ်နေနိုင်တဲ့ ကိုယ့်ပန်းတိုင်ဟာ ကိုယ့်အတွက်တော့ တစ်ဘဝလုံးရင်းဖို့ ထိုက်တန်တယ်။
မျက်လုံးတွေ၊ မျက်လုံးတွေကို ကြောက်တယ်။ ကဲ့ရဲ့တဲ့ မျက်လုံး၊ လေးစားတဲ့ မျက်လုံး၊ ထိုးနှက်တဲ့ မျက်လုံး၊ အထင်ကြီးတဲ့ မျက်လုံး၊ အကြည့်တွေအကုန်လုံးကို ပျှမ်းမျှတွက်စစ်ကြည့်တော့ ကဲ့ရဲ့ထိုးနှက်မှုမှာ အလေးသာနေကြတယ်။ ဝင်းဝင်းလက်လက်မျက်လုံးတွေကြား ကိုယ့်မျက်လုံးဟာ အရှောင်မှိန်ယိုင်နဲ့လာတာ ကိုယ်သိတယ်။ မတတ်နိုင်ဘူး။ တစ်ဘဝလုံးစာ ရင်းဖို့ ဆုံးဖြတ်ထားတယ်။ ဆက်ပြီး လောင်းကြေးထပ်ရုံပေါ့။
နေ့စဉ်ရက်ဆက် အဆင်ပြေခြင်းမဲ့တဲ့ နေ့ရက်များ။ မတတ်နိုင်ဘူး။ ကိုယ်ချိုးကိုယ်ဝေထားတဲ့ ခါးတစ်ပိုင်းပြတ်ဖဲထုပ်၊ အရှုံးအနိုင်တွက်မဟုတ်တောင် အဆုံးသတ် ဒေါင်းတယ် ဆိုတဲ့ ခရီးစဉ်ဆီ ကိုယ်ကိုယ်တိုင် ခရီးဆက်ရမှာပဲ။ ကိုယ့်နောက်ပါးမှာ အားပေးသူမရှိသလို မှီခိုသူမရှိဘူး။ ဂျိုကာဆိုတာ ကိုယ့်အတွက် မပါလည်းဖြစ်၊ပါလည်းဖြစ်တယ်။ တစ်နေ့နေ့ဆိုတဲ့ ခရီးဆီ ကိုယ်ဆက်လျှောက်နေခဲ့တယ်။

တစ်ဆယ်နှစ်ဆယ် ဆိုတဲ့ ကိန်းဂဏန်းတွေကို လွယ်လွယ်လေးရွတ်လာခဲ့တဲ့ ကိုယ်တစ်ယောက်၊ တစ်ထောင်နှစ်ထောင်ဆိုတဲ့ ကိန်းဂဏန်းလေးတွေမှာ ရင်သပ်ရှုမောဖြစ်တတ်လာပြီ။  ဒါပေမယ့်လည်း ကိုယ်က ရူးရူးမိုက်မိုက် လျှောက်လမ်းမှာေ ပြးတုန်း။
သမုဒယ၊ သံယောဇဉ်၊ စေတနာ။ အဟက် ခုအချိန်မှာ အရာအားလုံးဟာ ကိုယ့်ရဲ့ မေ့ခြင်းခေါင်းစဉ်အောက်မှာရှိတယ်။ တင်းကြပ်ပိတ်လှောင်နေတဲ့ သံယောဇဉ်အခွံထဲ ကိုယ် နောက်တစ်ခေါက် ပြန်ခုန်မဆင်းဘူး။ ရွှေ့မယ်။ ရွေ့ရွေ့ မရွေ့ရွေ့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ရွှေ့မယ်။ ကိုယ်ရေးတဲ့ အက္ခရာဟာ ကိုယ့်ဘဝအတွက် တစ်ချိန်မှာ အလှဆုံးပန်းဖြစ်လာစေရမယ်။ ကိုယ့်ဘဝရဲ့ နေဝင်ချိန်မှာ ကိုယ်ဟာ အက္ခရာတွေနဲ့ ထင်ရှားကျော်ကြားသူ ဖြစ်လာစေရမယ်။ လှောင်စမ်း။ လှောင်ပစ်လိုက်စမ်း။ ရယ်နိုင်တယ်။ ပုရွက်ဆိတ်တစ်ကောင်ရဲ့ ပန်းတိုင်ဟာ ဧဝရက်တောင်ထိပ်ကို အရောက်လှမ်းနိုင်ဖို့ ဆိုရင် ဘယ်သူယုံယုံ မယုံယုံ ကိုယ်ယုံတယ်။ ကိုယ်ဟာ ဧဝရက်တောင်ထိပ်ကို တက်ဖို့ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်။
ညတွေဟာ အထီးကျန်ခြင်းနဲ့အတူ ကိုယ့်ကိုကြိုကြိုဆိုဆို။ အိုး ကိုယ့်အိပ်မက်ကိုယ် ပျိုးရင်း ရှင်သန်နေရတဲ့ ဘဝ၊  တခါတခါ သံယောဇဉ်တွေ တမ်းတမိတာကလွဲလို့ ကိုယ့်ဘဝကို နောင်တတွေ ထမ်းပိုးမထားဘူး။ ရင်ဆိုင်ခြင်းဆိုတာ ကိုယ့်ရဲ့ တိုက်ပွဲခေါ်သံပဲ။ အရှုံးအနိုင်တွက်စရာမလိုဘူး။ ဘဝရဲ့ အဓိပ္ပါယ်ကိုက “ရင်ဆိုင်မယ်”။

ကိုယ့်လက်တွေဟာ ဖြူလျော့နေပြီ။ သိတယ်။ကိုယ်သိတယ်။ ကိုယ့်စိတ်တွေ အားလျော့နေပြီ။ သိတယ်။ ကိုယ်သိတယ်။ အာဟာရမပြည့်ဝတဲ့ နေ့တာတွေ များလာခဲ့ပြီ။ ဒါလည်း ကိုယ်သိတယ်။
ပြည့်စုံခြင်းကို အဓိပ္ပါယ်ဖွင့်ကြည့်မိတယ်။ တစ်ခါက ကိုယ့်အတွေးမှာ စားစရာပုံမှန်ရှိရုံနဲ့ နေစရာရှိခြင်းဟာ ပြည့်စုံမှုပဲ လို့ တွေးခဲ့ဖူးတယ်။ ခုတော့ ကိုယ် မေးပြီ။ ကိုယ့်ရဲ့ အာဟာရမပြည့်ဝတဲ့ နေ့တာတွေမှာ ဘာကို လိုအပ်နေခဲ့ပါသလဲ…လို့။
ဆန္ဒ၊ သိမ်ငယ်စိတ်၊ စိုးရွံ့မှု၊ ကြောက်လန့်မှု အိုး ဒီအရာတွေနဲ့ ပြည့်နေတဲ့ စိတ်ကြီးဟာ ဟာတာတာနိုင်လွန်းတယ်။ ကိုယ်ဟာတစ်စုံတစ်ယောက်ရဲ့ အယုယခံ ရုပ်သေးရုပ်၊ ကိုယ်ဟာ တစ်စုံတစ်ယောက်ရဲ့ အမြတ်နိုးခံ ရုပ်သေးရုပ်။ ပြည့်စုံမှုဟာ စိတ် အလိုမပါရင် အလကားပဲ။ ဘာကို ပြည့်စုံတယ် ထင်ခဲ့သလဲ။

ငယ်ဘဝ၊ အသားတုခြောက်နဲ့ တင်းတိမ်ခဲ့တဲ့ နေ့လယ်ညစာပေါင်းများ၊ မေ့ပြီ။ ကိုယ်မေ့ပြီ။ အပေါင်ဆိုင်ပို့ခဲ့ရတဲ့ အညိုရောင်လုံချည်လေး၊ မေ့ပြီ။ ကိုယ်ယ်မေ့ပြီ။ အိမ်လခ ဆိုတဲ့ စကားလေးတစ်ခွန်း၊ သူ့ကိုလည်း ကိုယ်မေ့ပါပြီ။ လက်ရှိကိုယ့်ရဲ့ အကြီးဆုံးပြဿနာ၊ စိတ်အလိုလိုက်ခြင်း။ စိတ်အာဟာရမပြည့်စုံတဲ့နေ့တွေ ကို နောက်တစ်ခါ မဖြတ်သန်းဘူး။ ကိုယ့်ဘဝကိုယ်တည်ဆောက်ဖို့ ပန်းရန်ပစ္စည်းအစုံအလင်မပါပေမယ့် ကိုယ် ဆက်တည်ဆောက်ဝံ့ပါတယ်။ 
အောင့်တက်နေတဲ့ မျက်လုံးတွေိကု ခဏလောက်မှိတ်ထားကြည့်တော့ အမှောင်တွေပဲ မြင်ရတယ်။ ကိုယ် ကျေနပ်တယ်။ ဘဝမှာ အမှောင်ဆိုတာ ခဏလေးပါပဲ။ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုတဲ့ စကားတစ်ခွန်းတောင်ရှိသေးမဟုတ်လား။ နေ့နဲ့ညတောင် တစ်လှည့်စီလည်နေရ၊ ကိုယ့်ဘဝအတွက် သိမ်ငယ်မှုဆိုတာလည်း ခေတ္တခဏပါပဲ။
ယိုင်နဲ့နဲ့ မျက်ဝန်းတွေကို ကိုယ် ဆီဖြည့်လိုက်တော့ ဝင်းလက်လာတာအမှန်ပဲ။ ဒီတစ်နေ့တာဟာ ကိုယ် အနားယူဖို့ လုံလောက်တဲ့ ဆင်ခြေတွေရှိသလို သံယောဇဉ်နဲ့ တည်ဆောက်ထားတဲ့ ကတိကဝတ်တွေရှိတယ်။ ဘာကို အရေးထားမလဲ ကိုယ့်ကိုယ်ကိုယ်မေးကြည့်တော့ သံယောဇဉ်ကြီးဘက် ချိန်ခွင်စောင်းတယ်။

ကိုယ့်လက်ထဲမှာရှိတဲ့ ဖဲ၁၃ ချပ်ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ဝေထားတာပဲ။ ရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေ ကျေနပ်မှုရှိရမယ်။ ဒါကိုယ့်ကိုယ်ကိုယ် သတိပေးချက်။ ဟုတ်တယ်။ အစွမ်းကုန်ကြိုးစားထားတဲ့ ကစားပွဲ၊ ရလဒ်ထက် ကိုယ့်ရဲ့ စိတ်အရှုံးအမြတ်ကို ကြည့်ရမယ်။ ခု ကိုယ် ဂျိုကာကို မမျှော်သလို စပိတ်၁ကို မမျှော်ဘူး။ ဘလက်ဂျက် ကစားတာမဟုတ်တော့လည်း ကီးနဲ့ကွင်းဟာ ပစ်ဖဲတွေပဲဖြစ်သွားရ၊ ကိုယ့်ဘဝကိုယ် အိမ်ထောင်ခြုံထဲ ပစ်မထားချင်သေးဘူး။ ခဏတော့ သမုဒယကို မေ့ထားတယ်။ ဘဝဆိုတာ နှစ်ဘီးပေါင်းမှ လိမ့်လို့ရတဲ့လမ်းမှ မဟုတ်ပဲ။ တစ်ဘီးတည်းလည်း လိမ့်ပါတယ်။
တဆစ်ဆစ်ထိုးကိုက်နေတဲ့ ခေါင်းကို မမော်နိုင်သေးပေမယ့်လည်း ဒီတစ်နေ့တာကို ကိုယ်ကျေနပ်တယ်။ ကတိကဝတ်တစ်ခုကို ကိုယ်တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်ခဲ့ပြီ။
ဂိမ်းအိုဗာ ဆိုတဲ့ စကားတစ်ခွန်းရဖို့ အဆက်မပြတ် လက်ခြေလှုပ်နေရတဲ့ ဘဝမှာ၊ ကိုယ့်စိတ်ခံစားမှုတစ်ခုအတွက် ရူးသွပ်တဲ့လူလို့ ပြောလည်း ကိုယ် ကျေနပ်နေကြောင်း တစ်စုံတစ်ယောက်သိအောင် ကိုယ်ပြောပြချင်သေးတယ်။ ကိုယ့်အတွက်ပန်းတိုင်ဟာ သူ့အတွက် ဖျော်ဖြေမှုတစ်ခုသာ ဖြစ်နေခဲ့တယ်မဟုတ်လား။ မတူညီတဲ့ တန်ဖိုးတွေကို ညီမျှခြင်းမချဖို့ တစ်စုံတစ်ယောက်ကို ကိုယ် ပြောပြချင်သေးတယ်။

ကိုယ့်စိတ်ရဲ့ အာဟာရကို ကိုယ်ကိုယ်တိုင်ဖြည့်ဆည်းဖို့ ကမ္ဘာလောကထဲ ကိုယ် တိုးဝင်လာခဲ့တယ်လို့ ပြောရင် ….ကဲ ဘယ်သူငြင်းမလဲလေ။ ဘယ်သူငြင်းငြင်း ကိုယ်ပြန်မငြင်းဘူး။ ကိုယ့်စိတ်ရဲ့ အာဟာရကိုပဲ ဆက်ဖြည့်ဆည်းရင်း စိတ်အလိုမကျဖြစ်နေတဲ့ လူပေါင်းများစွာကို ကိုယ် ဆက်လေ့လာသွားမယ်။ ဒါ ကိုယ့်ပန်းတိုင်အတွက် ကုန်ကြမ်းတွေ။

ဘဝဆိုတဲ့လမ်း တစ်ဘီးတည်းလည်း လိမ့်ပါတယ်။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်