Tuesday, 15 October 2013

ထိုက်တန်တဲ့ အမှောင်ညတွေ


သူ မသိတဲ့ အလွမ်းတွေနဲ့ ညဟာ မှောင်မိုက်လွန်းနေတယ်။ မနေ့ကထိ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်နိုင်စွမ်းရှိတယ် ထင်ခဲ့တယ်။ ခုချိန်မှ သိရတာ အသိနောက်ကျလွန်းတယ် ဆိုရမလား။ သူမရှိရင် ကိုယ့်ကမ္ဘာဟာ အမှောင်ကမ္ဘာပဲ။ ကိုယ့်ဘေးနားကနေ တစ်ခုမကျန်ဖြည့်ဆည်းပေးနေတတ်တဲ့ လူတစ်ယောက် ဘာ့ကြောင့်ပျောက်သွားခဲ့တာလဲ။ မရေမရာအတွေးတွေနဲ့ပဲ ညဟာ ပိုပြီး မှောင်လာတယ်။ ဒီညဟာ အလွမ်းတွေနဲ့ သိပ်သည်းနေခဲ့တာလား။ ဟင့်အင်း။ ကိုယ်မသိဘူး။ သေချာတာတစ်ခုကတော့ ရိုးလွန်းတဲ့ ကလေးတစ်ယောက်ရဲ့ အပြုံးလေးကို ကိုယ် သတိရနေခဲ့တယ်။
အပြုံးလေး။ ကိုယ်ဘာလုပ်လုပ် ခွင့်ပေးမယ်ဆိုတဲ့ အပြုံးလေး၊ ကိုယ်ဘာလိုလို ဖြည့်ဆည်းမယ်ဆိုတဲ့ အပြုံးလေး။
ကိုယ်နဲ့ မထိုက်တန်ကြောင်း ငြင်းဖို့ စကားတွေ တဆွံ့တအနဲ့ပဲ လက်ခံခဲ့တယ်။ ကိုယ်ဟာ ဖြည့်ဆည်းဖို့ မထိုက်တန်သူပါ ကလေးရေ လို့ ဖွင့်ပြောဖို့ ကိုယ် ကြောက်ရွံ့နေခဲ့တယ်။ ဟုတ်တယ်။ ကိုယ် ကြောက်ရွံ့နေခဲ့တယ်။


----++++++++++++++++++++++-------------------------

ကိုယ်က ခံစားချက်နောက် ပါးပါးလေးလိုက်နေတတ်သူ။ ဟုတ်တယ်။ ဘယ်တော့မှ အပြည့် မလိုက်ခဲ့ဘူး။ ပါးပါးလေးလိုက်နေတတ်ခဲ့သူ။ အချစ် ဆိုတဲ့ စကားကို ဟက်ခနဲရယ်ရင်း လှောင်ရတာ ကြိုက်တဲ့သူ။ အချစ်မကြိုက်သူအတွက် စစ်မှန်တဲ့ ချစ်ခြင်းတရားလည်း မလာခဲ့ပါဘူးလေ။ စောင့်ကြည့်ဆဲအဆင့်မှာ ခြေချော်သွားသူတွေ အများကြီး။ ယောက်ျားတွေရဲ့ ချစ်တယ် ဆိုတဲ့ စကားဟာ သုံးလပဲ ခံပ့ါလားဆိုတဲ့ အသိကို ကိုယ် လူတော်တော်များများဆီကနေ သိခဲ့ရတာပေါ့။ ကိုယ်ဟာ မာနမင်းသမီး၊ သိက္ခာကို ဂိတ်ဆုံးထိ မြှင့်တင်ထားတတ်သူ။ ဒါပတ်ဝန်းကျင်မှာ ပျံ့နေတတ်တဲ့ ကိုယ့်ရဲ့အကြောင်း။ “အဲဒီကောင်မလေးက စိတ်မထင်ရင်မထင်သလို စကားကြမ်းကြမ်းပြောတတ်တယ် အရမ်းရိုင်းတဲ့ ကောင်မလေး” ဆိုတဲ့ ပြစ်တင်စကားဟာ ငွေမျက်နှာ ကြည့်တတ်သူတွေဆီက အမြဲကြားရတတ်တာပေါ့။ ကိုယ်ကလည်း ကိုယ်ပါပဲ။ စိတ်နဲ့ သဘောမတွေ့သူဆို မျက်ခွံလေးမပြီးကြည့်ရမှာတောင် ပင်ပန်းတယ် ထင်တတ်တာ။
ပိုက်ဆံလား။ ဘယ်သူ့မှ မော့ကြည့်စရာမလိုအောင် ကိုယ်ပိုင်အလုပ် လုပ်တဲ့သူဆိုတော့လည်း မာနက မိုးထိနေတာ ဆန်းမှမဆန်းပဲ။ ဘဝတူသူငယ်ချင်းတွေကြားမှာ ကိုယ်က အမြဲ နံပါတ်တစ်။ စာမကြိုးစားခဲ့တဲ့ကိုယ်ဟာ စီးပွားရေးတစ်ခုကို ဦးဆောင်ရာမှာတော့ ကျွမ်းကျင်ပိုင်နိုင်လွန်းနေတာ မွေးရာပါအရည်အချင်းပဲ ထင်ပါရဲ့။ ကျောင်းတက်ကတည်းက ကျက်စာထက် တွက်စာကို ပိုနှစ်သက်ခဲ့သူမဟုတ်လား။
ဘဝကြီးက ချောမွေ့နေတာပဲ။ အမေရယ်၊ အဖေရယ်၊ ကိုယ်ရယ်ပဲ ကျန်ရှိတဲ့ ဘဝမှာ ကိုယ်က ကိုယ်ပိုင်စတိုးဆိုင်တစ်ခုနဲ့ မိဘကို ထောက်ပံ့နေသူဆိုတဲ့ သတင်းလေးလည်း မွှေးသေးတယ်။

တွေ့ဖူးတယ်။ အရမ်းအရမ်းချစ်ပါတယ် ဆိုတဲ့ ယောက်ျား စောင့်ကြည့်ကာလ သုံးလ ဆိုတဲ့ အဆင့်မှာပဲ နောက်ကောင်မလေးတစ်ယောက်နဲ့ ကြိုက်သွားခဲ့တယ်။ ဒီလိုလူတွေ များများလာတော့လည်း ကိုယ်က အချစ်ကို မယုံတာ ကိုယ့်အပြစ်မဟုတ်ဘူးထင်ပါတယ်။
            ဒါပေမယ့်ကွယ်……………..။ ကလေးတစ်ယောက် ဘယ်အဆင့်မှာပါလဲ ကိုယ် စောင့်မကြည့်ချင်ပါဘူး။ ကိုယ် စောင့်မကြည့်ချင်ခဲ့ပါဘူး။ ဒီတိုင်း ဒီတိုင်းလေး ချစ်ခဲ့တယ်ဆိုတဲ့ ခံစားချက်လေးကိုပဲ သိမ်းထားခဲ့ရုံတင်။
            ဟင့်အင်း။ မိုးတွေက ဒီညနေမှ ဘာလို့ သဲသဲမဲမဲရွာတာလဲ ကိုယ်မသိဘူး။ ကလေးပြန်သွားတဲ့ ခြေလှမ်းတွေ ဘာ့ကြောင့် တုံ့နှေးနေတာလဲ ကိုယ်မသိဘူး။ မိုးထင်းနေတဲ့ ကလေးရဲ့ နောက်ကျောကိုကြည့်ရတာ ကိုယ့်စိတ်ကတစ်စုံတစ်ရာ ပျောက်ရှသွားသလိုပဲ။ ဟင့်အင်း။ ဘာ့ကြောင့်လဲ ကိုယ် မသိချင်ဘူး။
            “အစ်မ အရမ်းတော်တာပဲနော် ကျွန်တော့်ကို ဘာမှ ဖွင့်ပြောလို့မရအောင် လမ်းတွေ ပိတ်ထားခဲ့တယ်”
            သူ ပြောခဲ့တဲ့ တိုးလျလျစကားသံဟာ အခုချိန်မှာမှ ဘာ့ကြောင့် ကျယ်လောင်နေရတာလဲ။ ညကြီးက ပိုပို နက်လာတယ်။ မှိတ်တုတ်မှိတ်တုတ်လင်းနေတဲ့ အလှဆင်မီးပွင့်လေးတွေကို အဓိပ္ပါယ်မဲ့ ငေးကြည့်လိုက်တော့ မျက်ဝန်းလေးတစ်ခု ပေါ်လာသလိုပဲ။ သိမ်ငယ်နွေးထွေးလွန်းတဲ့ မျက်ဝန်းတွေ။
            “အစ်မ ထိုင် ကျွန်တော်က ကိစ္စမရှိဘူး”
ဘက်စ်ကားစီးတော့လည်း ကိုယ့်အပေါ်ညှာတာတဲ့ အပြုအမှု။ ဟင့်အင်း။ သူ ကိုယ့်ကို ဖမ်းစားဖို့ ကြိုးစားတာမဟုတ်မှန်း သိတယ်။ သူရဲ့ လေးစားမှုကိုက ကိုယ့်အပေါ်မှာရှိနေတာ။ အပြင်ထွက်တိုင်း ကိုယ့်ဘေးပါလာတတ်တဲ့ အဖေါ်ဟာ သူ ဖြစ်နေတာ ခုနောက်ပိုင်း ပိုစိပ်လာသလိုပဲ။ ကိုယ်ကပဲ စိတ်ထင်နေလို့လား။
            “အစ်မ စကားပြောရင် ဘာလို့ နှာခေါင်း ရှုံ့ပြီး ပြုံးတတ်တာလဲဟင်”
            ကွန်ပြူတာခုံပေါ်မေးတင်မေးလိုက်တဲ့ သူ့စကားမှာ ကိုယ် ဟားတိုက်ရယ်မိတော့ သူရှက်သွားတဲ့ အပြုံးလေး သိပ် လင်းလက်တာပဲ။ ကိုယ်နဲ့ ကလေး အသက်က ရှစ်နှစ်ကြီးများတောင် ကွာတယ်ဆိုတာသိတော့ ကလေး နှာခေါင်းရှုံ့မျက်နှာမဲ့ဖူးတာ သတိရတယ်။
            နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်ဟာ အချစ်ဆိုတဲ့အရာနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ရတဲ့အခါ အရာရာကို လက်လျှော့အရှုံးပေးတော့မှာလား လို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမရင်း စိတ်မာထားရတာ အရမ်းခက်တာပဲ။ ဟင့်အင်း။ ကိုယ် မချစ်ခဲ့ပါဘူး။ သံယောဇဉ်တစ်ခါမှ မထားဖူးလို့ ကလေးအပေါ် သံယောဇဉ်နည်းနည်းလေး ပိုတိုးမိရုံတင်။
            ကိုယ်နဲ့ သူ စတွေ့တုန်းက ကိုယ့်မျက်နှာမာတင်းတင်းကိုကြည့်လို့ သူ့ မျက်နှာလေး ငယ်ခဲ့ဖူးတယ်။ ကိုယ့်အကျင့်စရိုက်ကိုယ့်မာနကို သူဘယ်လို အရည်ဖျော်လိုက်လဲ ကိုယ်မသိဘူး။ခုချိန်မှာတော့ ကလေးဟာကိုယ့်အတွက် အရင်းနှီးဆုံးသူငယ်ချင်း။
            တွေ့တယ်။ တွေ့ခဲ့တယ်။ ကိုယ် အရမ်း ငိုချင်တာပဲ။ သူ့စာအုပ်မှာ ရေးထားတဲ့ စာသားလေး။ အဖြူရောင်စည်း တဲ့လေ။ ကိုယ် သိတာပေါ့။ ကိုယ်နဲ့ တွေ့နေပြီဆိုရင် သူ သီချင်းလေးတွေ ညည်းတတ်တယ်။ ကိုယ့်မျက်တောင်ဖျားလေးတွေကအစ သူ ငေးကြည့်နေတတ်တယ်။ ကိုယ့်ကို ခိုးခိုးကြည့်တဲ့ သူ့မျက်လုံးတွေကို ကိုယ် မဖမ်းရက်ဘူး။ ကိုယ် သိနေတဲ့အကြောင်းများ သူသိခဲ့ရင် ကိုယ်ဟာ ရက်စက်လွန်းတဲ့ မာယာရှင်လို့များ သူ စွတ်စွဲလေမလား။

            ဟင့်အင်း။ ကိုယ်ဟာ အစွတ်စွဲခံရရင်တောင် ငြင်းမှာမဟုတ်ပါဘူး။ ကလေး စိတ်သက်သာမယ်ဆို ကိုယ် အစွတ်စွဲခံဝံ့တယ်။
            သူနဲ့ကိုယ် တွေ့ခဲ့တဲ့ ကေအမ်ဒီသင်တန်းကျောင်းဟာ ကိုယ့်ဘဝရဲ့ အမှားတစ်ခုလား။ ဒီသုံးလဆိုတဲ့ အတောအတွင်း ဆော့ဖ်ဝဲရေးနည်းကို ကိုယ်ကျွမ်းကျင်ခဲ့သလို ကလေးတစ်ယောက်ဆီက သံယောဇဉ်ကိုလည်း ချူယူတတ်ခဲ့တယ် မဟုတ်လား။
            ဆော့ဖ်ဝဲရေးဖို့ အချက်အလက်ကောက်မယ်ဆို ကိုယ်လုပ်ရမယ့်တာဝန်တိုင်းဟာ ကလေးက ကြိုတင် ဖြည့်ဆည်းပေးထားတာတွေပဲ။ သင်တန်းမှာ ဘေးချင်းကပ်လျက်ထိုင်ရတဲ့ ကိုယ်တို့နှစ်ယောက် ခင်မင်မှုဟာ ကိုယ့်လိုအပ်ချက်ကြောင့် ဖြစ်တည်လာခဲ့ရတယ်ဆို ပိုမှန်လေမလား။ သင်တန်းဆရာမ ပြောသမျှကို တချို့တဝက်ပဲကြားတဲ့ ကိုယ်ဟာ ကလေးဆီက အနီးကပ်ကျူရှင်ယူရတော့တယ်။ မရည်ရွယ်ခဲ့ပါဘူးလေ။ သံယောဇဉ်ကို ချူယူဖို့ အမှန်တကယ်ကို မရည်ရွယ်ခဲ့ပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် လွတ်လွတ်လပ်လပ်နေခဲ့မိရုံတင်။
            ဘဝအတွက် တစ်စုံတစ်ရာ အရေးပါလာမှာမဟုတ်တဲ့ ဒီသင်တန်းကို ကိုယ်က ဝါသနာတစ်ခုတည်းနဲ့ တက်ခဲ့တယ်။ အဖေနဲ့အမေ့ရဲ့ ဆိုင်ထိုင်ရတာ ပျင်းလှပြီ ဆိုတဲ့ စကားကို မျက်ကွယ်ပြုပြီးကို တက်ခဲ့တာ။ ကိုယ့်စီးပွားရေးနဲ့ ဘာမှ မသက်ဆိုင်တဲ့ ဒီသင်တန်းမှာ ကိုယ် တော်တော်ပျော်ခဲ့တာဟာ သင်တန်းအပြင် ကလေးကြောင့်လည်းပါတယ်လို့ ပြောရင် ကလေးပျော်သွားနိုင်မလားလို့ တွေးမိတယ်။ အင်္ဂလိပ်သီချင်းတွေကို နားမထောင်တတ်တဲ့ ကိုယ့်ကို Michael Learn ရဲ့ “Take me to your heart” သီချင်းနဲ့ မိတ်ဆက်ပေးခဲ့တာ သူပေါ့။ ဒီသီချင်းတစ်ပုဒ်တည်းကိုပဲ repeat လုပ်ပြီး အထပ်ထပ်ဖွင့်ပြခဲ့တာ။ ကိုယ် သိရက်နဲ့ မသိချင်ယောင်ဆောင်မှုမှာ မာယာမပါ ပါဘူး။ ရိုးရိုးလေးပဲ။ ကိုယ် ကိုယ့်ဘဝကို လက်ထပ်ခြင်းဆိုတဲ့ ထောင်ထဲ ဘယ်တော့မှ မပို့ဘူး ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုတည်းရှိတယ်။

            Command Button လေးတွေနဲ့ ခိုင်းစေတဲ့ ဒီပညာကို ကိုယ်အရမ်းစိတ်ဝင်စားတာပဲ။ ပရော့ဂျက်ကြီးတစ်ခုလုံးမှာပါဝင်သူတွေဟာ ဘယ်သူမှ အမေ့လျော့ခံမဟုတ်တာတော့ သေချာတယ်။ သူ့နေရာနဲ့သူ အရေးပါနေကြတယ်။ ကိုယ့်ဘဝမှာလည်း ကလေးဟာ ကွန်မန်းဘက်တမ်တစ်ခုပါပဲ။ ကိုယ် မရေးဆွဲပဲ အလိုအလျောက်ရလာတဲ့ ဘက်တမ်ပေါ့။
            “အစ်မက လက်ထပ်ဖို့ စိတ်မဝင်စားဘူး အစ်မငယ်သူငယ်ချင်းတွေ လက်ထပ်တာ တစ်ယောက်မှ စိတ်ချမ်းသာရတယ်မရှိဘူး သူတို့ယောက်ျားတွေက ဖေါက်ပြန်ရတာနဲ့ ငွေရအောင်မရှာနိုင်တာနဲ့ အားကိုးရှာပါတယ်ဆိုတဲ့ သူတို့မှာ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး ဖြစ်နေကြတယ်လေ”
            “ ရှိသားပဲအစ်မကို ချစ်ပါတယ် ဆိုတဲ့သူတွေ ဘယ်တော့မှ သုံးလထက် ပိုမခံဘူး သူတို့မှာ စိတ်ကစားတာနဲ့ပဲ ချစ်တယ်ဆိုတဲ့ စကားသုံးလိုက်တာပဲ ဒီလိုလူတွေကို လေ့လာရင်းနဲ့ပဲ ညည်းအစ်မ အပျိုကြီးဇာတာ ပါလာတယ်ထင်ပါရဲ့ အဟား”
            “အစ်မသူငယ်ချင်းယောက်ျားလေးတွေထဲမှာ အစ်မကို စိတ်ဝင်စားတဲ့ အရိပ်အယောင်ပြလာတာနဲ့ အစ်မကတော့ တန်းဖြတ်ချတာပဲ လုံးဝ ခင်မင်မှုအဖြူရောင်မဟုတ်ရင် လက်မခံဘူးပဲ ကိုယ့်အတွက် အမှိုက်ကိုကိုယ်ကိုယ်တိုင် မထုတ်လုပ်ချင်ဘူး”
            ကိုယ် အဲဒီစကားတွေပြောနေတုန်းက ငေးနေတဲ့ မျက်ဝန်းတွေကို သိသားပဲ။ တစ်ခါတည်း သတိပေးရင်း ကိုယ့်အကျင့်စရိုက်ကို ပါ ဖေါ်ပြပေးခဲ့တာ ကိုယ် လူလည်ဖြစ်ခဲ့သလား။
            “အစ်မ ဘယ်လိုလူမျိုးကို ချစ်ချင်တာတုန်း”
            စိတ်မရှည်လက်မရှည်မေးတဲ့ သူ့စကားကိုကြားတော့ ကိုယ်ကိုယ်တိုင်တောင် ကြောင်အသွားတာပဲ။ ဟုတ်တယ်။ ကိုယ် အဲဒီမေးခွန်းကို တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ ကိုယ် ဘယ်လိုလူမျိုးကို ချစ်ချင်တာတုန်းလို့ ကိုယ့်ကိုယ်ကိုယ် အခါခါအထပ်ထပ်မေးကြည့်တော့ အဖြေတစ်ခုပဲ ရလာတယ်။ အချစ်မှာ အဖြေရှိလာရင် အဲဒါ အချစ်မဟုတ်တော့ဘူး တဲ့လေ။
            “ဟင့်အင်း အချစ်ကို မတွေ့ဖူးလို့လားမသိဘူး အဲဒီမေးခွန်း ဖြေဖို့ အစ်မ မှာ တကယ်အဖြေမရှိဘူး”
            ကိုယ့်အဖြေစကားမှာ ငေးငိုင်သွားတတ်တဲ့ သူ့သဏ္ဍန်ကို ကိုယ်သိပေမယ့် နှစ်သိမ့်ဖို့ ခက်ခဲခဲ့တယ်။ ကိုယ်ကိုယ်တိုင် ရှေ့မတိုးနောက်မဆုတ် ဒီအနေအထားလေးကိုပဲ နှစ်သက်ခဲ့တာမဟုတ်လား။ သူဟာ သာမန်သတင်းထောက်လေးမို့လို့ကော၊ ကိုယ့်ထက် အသက်အများကြီးငယ်လို့ကော ကိုယ်နဲ့တွေ့ရင် သူ့မျက်လုံးလေးတွေ သိပ်သိမ်ငယ်တာပဲ။ ကိုယ် မတားရက်ပါဘူး။ မသိမ်ငယ်နဲ့လို့ပြောရင် သူပို သိမ်ငယ်သွားမှာစိုးရတယ်။
           
ကိုယ့်အိမ်ထိ ဘက်စ်နဲ့ လိုက်ပို့တတ်တဲ့ ကလေးတစ်ယောက်ကို ကိုယ် ကျေးဇူးတင်တယ်။ ကိုယ်မကြားတဲ့ စကားတွေ ပြန်ပြောပေးတတ်တဲ့ ကလေးတစ်ယောက်ကို ကိုယ် ကျေးဇူးတင်တယ်။ ကိုယ်သွားမယ့်လမ်းတွေမှာ ကိုယ့်ဘေးနားကနေ ကာကွယ်ပေးတတ်တဲ့ကလေးတစ်ယောက်ကို ကိုယ် ကျေးဇူးတင်တယ်။
            “သင်တန်းပြီးသွားလို့လား မသိ ငါ့သမီး အရင်ကလို မသွက်လက်တော့ပါ့လား ဘာလဲ အပြင်မထွက်ရတော့ဘူး ဆိုပြီး စိတ်ညစ်နေတာလား”
            ညစာထမင်းဝိုင်းမှာ အဖေ့အမေးစကားကို ဖြေဖို့ ကိုယ် အလောတကြီး စဉ်းစားလိုက်ရတယ်။ ဟုတ်တယ်။ ကိုယ် မပျော်ခဲ့ဘူး။ ကိုယ် …………..။
ညနေတုန်းက မိုးတွေ ရွာနေခဲ့တယ်။ ညနေတုန်းက ကိုယ့်ကို လိုက်မပို့ဖို့ တားတော့ ကလေးမျက်ဝန်းလေးတွေ ညို့သွားတာများ မှိုင်းမှိုင်းဆွေးဆွေး။ ကိုယ် ဘက်စ်ပေါ်ကနေ လှမ်းကြည့်လိုက်တော့ တစ်ဖက်ကို လှည့်သွားနေတဲ့ ကလေးခြေလှမ်းလေးတွေ အရမ်းနှေးတာပဲ။ ခေါင်းက ငိုက်စိုက်ကျလို့။
မနက်ကတည်းက ကိုယ့်ဘေးနားမှာ တစ်စုံတစ်ခုပြောဖို့ ကြံရွယ်နေတဲ့ ကလေးအကြောင်း ကိုယ် ကြိုသိနေခဲ့လို့ပဲ ကိုယ် ကြိုတားနိုင်ခဲ့တယ်။ ကိုယ်က မိန်းမသားဖြစ်ပြီး ကလေးထက် ပိုပြီး စဉ်းစားတတ်ခဲ့သူမဟုတ်လား။
“အစ်မ ကျွန်တော် ….ကျွန်တော် ဖုန်းဆက်မယ်နော်” တဲ့။ သူ့အသံကို ပြန်ကြားမိတော့ ဖုန်းပိတ်ထားဖို့ သတိရတယ်။ ဒီထက်ပိုဆိုးလာရင် ကိုယ် ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ပါ့မလား။ ကိုယ်တကယ်မသိဘူး။ တစ်ခါမှ မခံစားဖူးတဲ့ သံယောဇဉ်ဆူး အစူးခံနေရပြီ။ ဘယ်လိုနုတ်ရမလဲ ကိုယ် တကယ်မသိဘူး။
အသက် နှစ်ဆယ့်ရှစ်ထိ ကိုယ်တစ်ယောက်တည်း နေခဲ့ပြီးပြီ။ ဒီအချိန်မှာ လက်တွဲဖေါ်ဆိုတာ တကယ်မလိုအပ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အားတင်းထားတယ်။  ကိုယ် ဘယ်တော့မှ အိမ်ထောင်ဆိုတဲ့ ထောင်ထဲ ခုန်မဆင်းဘူး။ ဟင့်အင်း။ ဘယ်တော့မှ ခုန်မဆင်းဘူး။
ဖုန်းကို ပိတ်လိုက်တာလား၊ နှလုံးသားကို ဓါးနဲ့ ခွဲလိုက်တာလား။ သိပ်မသဲကွဲဘူး။ သိတာ တစ်ခုပဲ ရှိတယ်။ ဝဲဘက်ရင်အောက်က အရမ်းအောင့်သက်နေတာပဲ။ ပရုတ်ဆီလူးလည်း ပျောက်မသွားဘူး။ ကိုယ် ဘာဖြစ်နေတယ်ဆိုတာ သိသလိုလို မသိသလိုလိုနဲ့ နေရ အရမ်းခက်တယ်။

-------------------+++++++++++++++++++++--------------------------

အပြုံးလေး။ ကိုယ်ဘာလုပ်လုပ် ခွင့်ပေးမယ်ဆိုတဲ့ အပြုံးလေး၊ ကိုယ်ဘာလိုလို ဖြည့်ဆည်းမယ်ဆိုတဲ့ အပြုံးလေး။
ကိုယ်နဲ့ မထိုက်တန်ကြောင်း ငြင်းဖို့ စကားတွေ တဆွံ့တအနဲ့ပဲ လက်ခံခဲ့တယ်။ ကိုယ်ဟာ ဖြည့်ဆည်းဖို့ မထိုက်တန်သူပါ ကလေးရေ လို့ ဖွင့်ပြောဖို့ ကိုယ် ကြောက်ရွံ့နေခဲ့တယ်။ ဟုတ်တယ်။ ကိုယ် ကြောက်ရွံ့နေခဲ့တယ်။
ပိတ်ထားတဲ့ ဖုန်းလေးကို ဖွင့်ဖို့လည်းကိုယ် ကြောက်ရွံ့နေဆဲပဲ။ ကိုယ့်ဘေးနားက တစ်ခုမကျန် ဖြည့်ဆည်းတတ်တဲ့ အရိပ်လေးကို ပျောက်ခိုင်းလိုက်တာ ကိုယ်မှားလား။ ကိုယ်တကယ်မသိဘူး။ အိုး မှောင်လိုက်တာ။ ညအမှောင်ကြောင့်များ ကလေးကို ပိုသတိရနေမိသလား။
ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ဖို့ လွယ်ပါ့မလား။ ခုချိန်မှာတော့ ဒီအဖြေကို ကိုယ်မရှာရဲဘူး။ ဒီအချိန်မှ ကလေးကို ပြန်ဆက်သွယ်ဖို့လည်း ကိုယ် ယုံကြည်ချက်မရှိဘူး။ ကိုယ် အသိနောက်ကျခဲ့တယ်ဆိုတောင် ကျေနပ်တယ်။ ချစ်ခြင်းတရားရဲ့ ရနံ့ကို ကိုယ်ရှိုက်ခွင့်ရခဲ့တယ် မဟုတ်လား။
ကိုယ် တစ်စုံတစ်ခုကိုလည်း ကျေကျေနပ်နပ်ကြီး ဝန်ခံဝံ့လိုက်တယ်။ ကိုယ် မှားခဲ့တယ်။ ချစ်ခြင်းတရားနဲ့ ဝေးရာရှောင်ခဲ့သူတစ်ယောက်အတွက်အမှောင်ညတွေဟာ ထိုက်တန်ပါတယ်။ ထိုက်တန်ပါတယ်….။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်