“ငှက်ကလေးတစ်ကောင်အတွက်-၁၁”
ကိုယ်က ရေညှိစိမ်းမဟုတ်ပေမယ့်လည်း ချစ်ရသူအတွက်ဆို ဟောဒီလက်ဖျံကသွေးကို
ထုတ်ပေးရက်ခဲ့သူပါ။ ကိုယ့်လက်ဖျံသွေးမှာ မင်းအတွက် အားအင်မရနိုင်တာကတော့ ကိုယ့်အားနည်းချက်ပေါ့။
ငှက်ကလေးရေ အိပ်မက်က မနိုးသေးဘူးလား။ မင်း သိပ် အအိပ်မက်လွန်းတယ်။ မင်း သိပ်တွေးတတ်လွန်းတယ်။
မင်း သိပ် အားနာတတ်လွန်းတယ်။
သတ္တဝါကွဲ့၊ သတ္တဝါ။ အသက်ရှိတယ်။ စိတ်ရှိတယ်။ လွတ်လွတ်လပ်လပ်နေခွင့်ရချိန်မှာ
ဘာ့ကြောင့်များ ကိုယ့်ကိုယ်ကို ကြိုးတွေနဲ့ တုပ်နှောင်ထားပါသလဲ။ ရယ်၊ မင်းရယ်ချင်ရယ်ပစ်လိုက်၊
ငို မင်းငိုချင် ငိုပစ်လိုက်၊ ပြုံး မင်းပြုံးချင် ပြုံးပစ်လိုက်။ တစ်ခါတလေမှာ အစဉ်အလာဆိုတာ
ခေါင်းငုံ့ဖို့ထက် တော်လှန်ဖို့လိုအပ်တယ်။
မသောက်တတ်ပဲနဲ့များ စပျစ်ဝိုင်ကို သွားမော့မနေနဲ့။ အလကား
အသောက်အစားမက်သူဆိုတဲ့ နာမည်ပဲ အဖတ်တင်မယ်။ မပျော်တတ်ပဲနဲ့များ အပျော်အပါးဆိုတဲ့နောက်ကို
တကောက်ကောက်လိုက်ကြည့်သေးတယ်။ ပြီးတော့လည်း သူလိုကိုယ်လိုမနေတတ်တော့ တမေ့မေ့တမော့မော့နဲ့မျက်နှာငယ်ရောမဟုတ်လား။
အိပ်မက်က နိုးတော့ ငှက်ကလေးရေ။
မင်း လုပ်စရာအလုပ်တွေ တန်းစီနေကြောင်းကိုတော့ မင်းအသိဆုံးနေလိမ့်မယ်။
မျက်နှာလွဲခဲပစ်နေခဲ့သောနေ့ရက်များ၊ ဘယ်လိုအရာဟာ မင်းကို အလိုအပ်ဆုံးပါလဲ (ဝါ) ဘယ်လိုအရာကို
မင်းက လိုအပ်နေပါသလဲ။ သေချာပြန်တွေးစဉ်းစားရင်း ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာ အချိုးညီညီချပါ။
ငှက်ကလေးရေ စိတ်ရှုပ်စရာတွေ စဉ်းစားမနေနဲ့။ မေ့ပစ်ပါ။ မင်းဘယ်လိုရှောင်လွဲလွဲ
တချို့အရာတွေဟာ ရင်ဆိုင်မှ ပျောက်ကွယ်မှာကွဲ့။ အစာအဆိပ်သင့်နေ့ရက်ဆိုတာ တစ်နေ့မဟုတ်တစ်နေ့
ကြုံနေကြရတဲ့ လောကကြီးပါ။ စိတ်ညစ်စရာကြုံတိုင်း ပြုံးနေပျော်နေတတ်တာ မကောင်းဘူးကွယ်။
ငိုချင်လား၊ ငို။ ငှက်တစ်ကောင်ရဲ့မျက်ရည်ဟာ မြေကျလို့ရပါတယ်။ ငိုပြီးရင်တော့ ရင်ဆိုင်။
မချိတင်ကဲပြုံးပြီးရင်ဆိုင်နေရတာ ပိုပြီး ရင်နာဖို့ကောင်းတယ် ငှက်ကလေးရဲ့။
မှတ်မိလား။ ကိုယ်တို့ စတွေ့တုန်းက မင်းက တကျီကျီတတျာတျာနဲ့
ခေါင်းလေးဟိုဒီငဲ့စောင်းပြီး စကားတွေဆိုနေခဲ့တယ်။ သွက်လက်လွန်းတဲ့ သံစဉ်တွေနဲ့ မင်းဟာ
ကမ္ဘာမှာ အလှဆုံး ဖီးနစ်ငှက်လို့ ကိုယ် တင်စားဖူးတယ်။ ငှက်ကလေးရေ ဘဝဟာ မြွေတစ်ကောင်လို့
မှတ်လိုက်။ တွန့်လိန်ခွေခေါက်နေပေမယ့် သိပ်မကြာခင် ဖြောင့်စင်းသွားမယ်ဆိုတာ အသေအချာပါပဲ။
အချိန်ကိုစောင့်ကွယ်။ တစ်ခါတစ်ခါကျ ကိုယ်တို့တွေကိုက စိတ်လောနေတတ်ကြတာမဟုတ်လား။ ဖျော့တော့နေတဲ့
သံစဉ်တွေနဲ့ မင်းကို မြင်နေရတာ ကိုယ် ရင်ထဲမှာ မှိုင်းမှုန်မှုန်နိုင်လွန်းတယ။်
တစ်ချိန်က ငှက်ကလေးဟာ အမြဲပြုံးမြမြ၊ စကားဆိုလာသူတိုင်းကို
ပျူငှာဖေါ်ရွေပြ။ မင်း လူမှုအဆိပ်သင့်သွားသလား။ ဟင့်အင်း။ အဆိပ်သင့်မခံနဲ့။ မပြုံးချင်တဲ့အချိန်မှာ
တွေ့လာသူမှန်သမျှ နဂိုမျက်နှာထားနဲ့ပဲ နေပြလိုက်ပါ ငှက်ကလေးရဲ့။ ငှက်ကလေးက အနွေးထည်ကြီးကို
ခပ်တည်တည်ခြုံပြီး ငှက်ကြီးငှက်ကောင်းဆန်ဆန် လိမ္မာပြတဲ့နေ့ရက်တွေကို ကိုယ် မှတ်မိသေးတယ်။
ငှက်ကလေးက ငှက်ငယ်။ ငှက်ငယ်။
မင်းဘယ်လိုကြိုးစားကြိုးစား ဒီအချိန် ဒီအသက် ဒီအရွယ်မှာ
မင်းဟာ ငှက်ကြီးငှက်ကောင်းဆိုတဲ့ စကားထက် ငှက်ငယ် အနေနဲ့ ပိုလိုက်ဖက်တယ်။ ကြိုးစားရုန်းကန်ဖို့
ပါမစ်ရထားတဲ့ ငှက်ငယ်။ တိုးတက်ဖို့ လိုလားတဲ့
ငှက်ငယ်။ ဟုတ်တယ်။ တစ်ချိန်မှာ ငှက်ကြီးငှက်ကောင်းဆန်ဖို့အတွက် ဒီအချိန်မှာ
တိုးတက်ဖို့ ရုန်းကန်ကြိုးစားသင့်တာအမှန်ပဲ။ ဒါပေမယ့်လည်းကွယ် စိတ်ပြေလျော့ချိန်တောင်
မထားပဲ အမြဲ ကြိုးစားရုန်းကန်နေရုံနဲ့ ဘဝဟာ အဓိပ္ပါယ်ပြည့်စုံသွားရောလား။ ငှက်ကလေး ဘဝရဲ့
အာဟာရကို ဖြည့်ပါ။ စိတ်ရဲ့ အာဟာရကိုလည်း မမေ့စေနဲ့။အိပ်မက်ကနေ နိုးတော့ကွယ်။ ခွန်အားမဲ့
မင်းအသံကိုကြားရတာ ကိုယ် ငိုချင်တယ်။
ငှက်ကလေးနဲ့ ကိုယ်ဟာ ဆုံမှတ်မရှိတဲ့ မျဉ်းပြိုင်ပဲ။ သိမြဲသိနေလျက်နဲ့
သူ့အတွက်စိုးရိမ်စိတ်တွေ လျှော့မချနိုငခဲ့။ ကိုယ့်ပြောစကားတွေ သူကြားမှာမဟုတ်မှန်း
သိလည်းပဲ ပြောမြဲ ပြောနေခဲ့မိတယ်။ ဟုတ်တယ်။ ဆုံမှတ်မရှိတဲ့ မျဉ်းပြိုင်။ ငှက်ကလေးရဲ့
အမှားကြောင့်တော့ မဟုတ်ဘူး။ သစ်ပင်ဆိုတဲ့ ကိုယ့်အမှားကြောင့်ပါ။ သစ်ပင်ဆိုတဲ့ ကိုယ်ဟာလေ
သိပ် ချစ်တတ်လွန်းတယ်။ ငှက်ကလေးရဲ့ နှုတ်ခမ်းအလှုပ်မှာ ဘယ်သူ့နာမည်လေး လွင့်သွားတယ်ဆိုတာကအစ
သိတဲ့အထိ ကိုယ် ငှက်ကလေးကို ချစ်မြတ်နိုးလွန်းခဲ့တယ်။ သို့သော်…။ သို့သော် ပေါ့လေ။
ကိုယ့်ချစ်ခြင်းဟာ လှောင်အိမ်ဆန်နေမှာ ကိုယ်အကြောက်ဆုံး။
ကိုယ်ဟာ အပြိုင်းပြိုင်းအရိုင်းရိုင်းရိုးတံတွေကို တကူးတက အိမ်ဖွဲ့ပေးထားခဲ့ပါတယ်။
ဒါပေမယ့်လည်း ငှက်ကလေးရေ လာပါနားပါလို့ မဖိတ်ခေါ်ဝံ့ဘူး။ ကိုယ့်ချစ်ခြင်းတွေဟာ လှောင်အိမ်ဆန်နေတာ
ကိုယ်အသိဆုံးမဟုတ်လား။
ကောင်းကင်က ငှက်တစ်ကောင်နဲ့ မြေပြင်က သစ်မာပင် ဘယ်လိုများ
ဆုံစည်းခွင့်ရခဲ့ပါသလဲ။ တကယ်တွေးကြည့်မယ်ဆို
သိပ်အံ့သြစရာကောင်းလွန်းရဲ့။ ငှက်ကလေးက
ကိုယ့်ရှေ့က ဇရပ်အိုလေးဆီ ခဏခဏလာနားဖူးရဲ့။ ဒီလိုနဲ့ပဲ ငှက်တစ်ကောင်နဲ့ သစ်ပင်တစ်ပင်ရဲ့
ဆုံစည်းမှု စတင်ခဲ့တယ်။
ဆုံစည်းမှု အမှားအမှန်ဟာ ဘယ်သူ့အပေါ် အသက်ရောက်ဆုံးလဲ။ မသိဘူး။
ကိုယ်မသိဘူး ငှက်ကလေးရေ။ သေချာတာတစ်ခုက ကိုယ် ပျော်ရွှင်ခဲ့ပါတယ်။ ငှက်ကလေးနဲ့ ဆုံစည်းမှုကြောင့်
ကမ္ဘာကြီးက အရောင်စုံလာ၊ ကိုယ်ကိုယ်တိုင်တောင် ပိုပိုလှပလာသလို ထင်ခဲ့မိတာ။
ငှက်ကလေးရေ ခုတော့ တပါးသူကို စိတ်ခွန်အားပေးခဲ့သူဟာ ကိုယ်တိုင်အားလျော့နေခဲ့ပါသလား။
မဖြစ်သင့်ဘူး။ ဒီစကားကို ကိုယ်နောက်တစ်ခေါက် ထပ်ပြောမယ်။ မဖြစ်သင့်ဘူး ငှက်ကလေးရေ။
ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကို အချိုးညီညီချဖို့ မင်းစိတ်ကို လွတ်လွတ်လပ်လပ်ဖြေလျော့ပါ။
လေနေတဲ့စိတ်တွေက ဘယ်ကိုပြေးပြေး ရည်မှန်းချက်ကို မမေ့ပါစေနဲ့။
ကိုယ်က သစ်မာပင်။ ရိုးရိုးသစ်မာပင်တောင်မဟုတ်။ ဆူးခက်တွေ
ပြိုင်းပြိုင်းရိုင်းရိုင်းရှိနေတဲ့ ကန္တာရပင်။ ကိုယ် ငှက်ကလေးတစ်ကောင်အတွက် ငှက်ကလေးဖြစ်ဖို့
ကြိုးစားခဲ့ဖူးရဲ့။ ဘဝတွေက မတူညီတဲ့အခါ၊ အခြေအနေတွေ မတူညီတဲ့အခါ သစ်မာပင်ဟာ သစ်မာပင်သာ
ဖြစ်ပြီး ငှက်ကလေးအနားကို အရောက်မလာနိုင်ခဲ့ဘူး။ ဒါပေမယ့် ငှက်ကလေးရေ ဘဝဆိုတာ မြွေတစ်ကောင်လို့
မှတ်ပါ။ အားပေးသူဆိုတာ အနီးအနားမှာရှိမှမဟုတ်ပါဘူး။ အဝေးက လှမ်းတွဲနေတဲ့ လက်တွေကို
မြင်ရက်မဟုတ်လား။
အံ့သြစရာပပဲ။ ငှက်ကလေးကြားမှာမဟုတ်မှန်းသိပေမယ့်ကိုယ်ဟာ
ဒီစကားတွေကို မမောနိုင်မပမ်းနိုင်ဆိုမိတုန်းပဲ။ ကိုယ့်မျက်ဝန်းမှာ သူ့ပုံရိပ်တွေပေါ်လာ။
အမည်းရောင်ကြက်ခြေခတ်သဲကြိုးဖိနပ်နဲ့ငှက်ကလေး၊ အမည်းရောင် အမိုးလေးနဲ့ ငှက်ကလေး၊ နွမ်းလျရီဝေတဲ့ မျက်ဝန်းတွေနဲ့
ငှက်ကလေး၊ ဟန်ဆောင်ပျော်ပြနေတဲ ငှက်ကလေး။ သူ့ကိုတွေ့တိုင်း ကိုယ့်ရင်တွေ စူးအောင့်လာတတ်တာ
သူမသိဘူး။ ကိုယ် သူ့အတွက်ဆို ပန်းတိုင်မေ့လုအောင် ရူးခဲ့ကြောင်း သူ မသိ ဘူး။
သူ မသိဘူး။ ခု ကိုယ့်စိတ်ပူခြင်းတွေ သူ သယ်ဆောင်သွားတာ
သူ မသိဘူး။ သူ ရယူထားတာ သူ မသိဘူး။ သူမသိဘူး။
သူ
လုံး
ဝ
မသိဘူး
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်