Monday, 14 October 2013

ယနေ့ခေတ်မှာ ရှင်သန်တဲ့ကျွန်တော် လူမပီသသေးပါ

(လူ)
-------------------------------လူ
လူတွေဟာ အနုတ်ဘက် ရောက်လာခဲ့ပြီ။ အကြောင်းပြချက်တစ်စုံတစ်ရာမရှိပါပဲ ရေသာခို အချောင်လိုက်ရင်း လူ ဆိုတဲ့ စကားလုံးနောက်က ကျင့်ဝတ်၊ တာဝန်၊ ဝတ္တရားတွေကို မေ့နေတတ်ခဲ့ကြပြီ။
လူဟာ လူ ဖြစ်ပါသလား။
သက်ရှိသတ္တဝါဖြစ်ရုံနဲ့ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်တတ်ရုံနဲ့၊ လက်နှစ်ဖက်ကို အသုံးပြုတတ်ရုံနဲ့၊ ဦးနှောက်ကို အသုံးချတတ်ရုံနဲ့၊ လူဟာ လူဖြစ်ခဲ့ပါသလား။
နှလုံးသားကို အသုံးမပြုတတ်ရင် အလကားပါပဲ။ ဟောဒီနှလုံးသားက ဦးနှောက်ရဲ့ တိကျတဲ့ ဆုံးဖြတ်မှုကို လူသားဆန်အောင် ညှိယူပေးတဲ့ တာဝန်ကို ယူသည်။ ဟောဒီ နှလုံးသားက တာဝန်နဲ့ ဝတ္တရားကို တိတိပပလိုက်နာကျင့်သုံးရင်း ကိုယ့်စိတ်ကိုယ် ကြီးမြတ်အောင် လေ့ကျင့်ပေးသည်။
အနေအစားချောင်ဖို့တစ်ခုတည်း တွက်ဆပြီး ဘဝကို ရေစုန်မျောဖို့ ကြိုးစားနေသူကို လူဟု ခေါ်နိုင်ပါသလား။

ဟင့်အင်း။
လူတွေရဲ့ ကျင့်ဝတ်သိက္ခာကို ထိန်းသိမ်းဖို့ရာ ထိုလိုလူမျိုးကို လူဟု မသတ်မှတ်ချင်ပါ။ လူ ဆိုသည့် စကားလုံးထက် ပိုမိုလိုက်ဖက်သည့်စကားလုံးကိုလည်း ရှာမတွေ့ပါ။ အိမ်မှာမွေးထားသည့်ကြောင်သည် အနည်းဆုံးတော့ သူ့တာဝန် ဖြစ်သည့် ကြွက်ခုတ်ခြင်းတာဝန်ကို မပျက်ကွက်ခဲ့။ အိမ်မှာမွေးထားသည့် ခွေးသည်လည်း သူ့အိမ်စောင့်တာဝန်ကို မပျက်ကွက်ခဲ့။ လူဆိုသည့်လူတွေကတော့ လူ့တာဝန်ကို မေ့လျော့နေတတ်ခဲ့ကြသည်။
လူ ဟုဖြစ်တည်လာကတည်းက မိဘမဲ့ပဲဖြစ်ဖြစ်၊မိဘရှိသည်ပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်ကိုယ့်အသိုင်းအဝန်းကို တစ်ထောင့်တစ်နေရာမှနေ၍ဖြည့်ဆည်းပေးဖို့ ကြိုးစားသင့်သည်ဟု ထင်သည်။ “ငါနဲ့ မဆိုင်ပါဘူးလေ” ဟုများ ဗိုလ်ချုပ်များတွေးဖြစ်ခဲ့လျှင် ဒီနိုင်ငံသည် ဒီချိန်ထိလွတ်လပ်မှုရှိပါဦးမလား။ ခုတော့ ကိုယ်အနေအစားချောင်ဖို့တစ်ခုသာ ရည်ရွယ်နေထိုင်ရင်း အသက်ရှင်သူ ပေါများလာကြသည်။
တာဝန် ဆိုသည့် စကားလုံး။ ထိုစကားလုံးကို တော်တော်များများ မေ့ထားကြသည်ကို တွေ့ရ၏။ အစိုးရလက်အောက်မှ ဝန်ထမ်းများသာ နိုင်ငံအတွက် တာဝန်ရှိသည်မဟုတ်၊ နိုင်ငံတွင်နေထိုင်ကြသော လူတိုင်းတွင် နိုင်ငံကောင်းစားရေးအတွက် တာဝန်ရှိပါသည်။ ဆင်းရဲချမ်းသာမညီမျှခြင်းသည် လာဘ်ပေးလာဘ်ယူများပြားလာသော လောကကြောင့် တစိတ်တပိုင်းပါဝင်သော်လည်း အမှန်တကယ် အကြောင်းရင်းကတော့ သူများတကာကို လက်ညိုးထိုးရင်း ကိုယ့်ဘဝတက်လမ်းကို လိုက်လံမရှာဖွေခဲ့သောကြောင့်သာ ဖြစ်သည်။
လူတစ်ယောက် အမှန်တကယ်ဆင်းရဲနိုင်ပါသည်။ ထို့အတူ သူ့တွင် ကြိုးစားနိုင်စွမ်းရှိပါသည်။ သို့သော် ကြိုးစားခြင်းကို မေ့ကာ တပါးသူကို လက်ညိုးထိုးနေရင်းနှင့် ပင် သူ့ဘဝ ပိုပိုဆင်းရဲလာသည်ကို သူမတွေး၊မညီမျှသည့် လောကတရားကြောင့်ဟု သူတွေးသည်။ အမှန်တကယ် မှန်ပါရဲ့လား။ ကြိုးစားခြင်းသည် ဘယ်တော့မှ အဆိုးရလဒ်မရှိနိုင်။ တစ်ထောင်ဖိုးလောက်ကြိုးစားလျှင် အနည်းဆုံး တစ်ရာဖိုးလောက်တော့ ပြန်ရမည်သာ ဖြစ်သည်။
ခုတော့ လက်ညိုးတွေများကာ ပုခုံးဖြင့်ဝင်ထမ်းလိုသူ များလာပါသည်။
ပျက်ရယ်ပြုချင်လှသည်။
တစ်နေ့က အက်ဖ်အမ်အစီအစဉ်တစ်ခုမှ ကြားလိုက်ရသည်။ မိန်းကလေးတွေ ညဘက်အပြင်ထွက်လည်း လုံခြုံစွာဝတ်ဆင်ထားမည်ဆိုလျှင်ဖြင့် ကြောက်ဖို့ရာမလိုတော့ ..တဲ့လေ။ မိန်းမကောင်းတွေ ဘဝပျက်လွယ်သော ခေတ်ကြီးမှာ မှ ညဘက်အပြင်ထွက်လည်း ကြောက်စရာမလိုဟူသောာ ထိုအစီအစဉ်ကို တော်တော်ရွံရှာမိပါသည်။ လူ့စိတ်ဆိုသည်မှာ မျောက်ထက်ဆိုးနေသည့် ခေတ်ဖြစ်သည်။ စိတ်တစ်ခု၏ အလျဉ်ကို ဖမ်းဖို့ရာ ဘယ်အရာမှ မတတ်နိုင်ပါ။ ညလူခြေတိတ်ချိန်တွင် မည်မျှပင် လုံခြုံစွာဝတ်ဆင်ထားသည်ဖြစ်စေ၊ မိန်းမသားတစ်ယောက်တည်း ကားမှတ်တိုင်မှာ ရပ်နေသည်ကိုတွေ့ပါက စိတ်ဆာသည်ဖြစ်စေမဆာသည်ဖြစ်စေ တွေ့သည့်ယောက်ျားသားတို့၏စိတ်၌ ထင်ကြမည်မှာ မကောင်းသည့် မိန်းကလေးဟုပင် ထင်မည်ထင်ပါသည်။ စိတ်ဆာသည့် ယောက်ျားသားများဆိုလျှင် ပို၍ဆိုးကာ အမှုအခင်းများပင် ဖြစ်နိုင်သည့် ကာလဖြစ်ပါသည်။
ခေတ်ကြီးက တောင်းဆိုခြင်းဖြစ်လေသည်လား။ မိန်းမသားတွေ နေရထိုင်ရ ပိုခက်ခဲလာသည်။ ဟိုးယခင်ကလည်း နေရတာ ခက်ခဲပါသည်။ ယခုအချိန်မှာလည်း နေရတာခက်ခဲပါသည်။ မိန်းမသား ဖြစ်သည်ကိုး။
ခွေးလေးအရောဝင် ပါးယက်နားယက်ဆိုသလို ခင်မင်မှုဆိုသည့် စကားလုံးသည် မိန်းမသားတို့ သုံးခွင့်မရှိသော အရာဖြစ်သည်။ ကိုယ့်ခင်မင်မှုတစ်ခုကိုပင် အရောင်အမျိုးမျိုးခွဲကာ နောက်ဆုံး ရည်းစားသနာများသူဆိုသည့် အမည်နာမကို ပတ်ဝန်းကျင်ကလည်း ပေးနိုင်သည်။ ကိုယ့်ခင်မင်မှုကို ရရှိသူ၏ မထီမဲ့မြင် ပြုမှုကိုလည်း ရရှိနိုင်သည်။ ယခုခေတ်တွင် မိန်းကလေးတွေ ပို၍ နေရထိုင်ရခက်လာသည်ဟု ထပ်မံဆိုချင်သည်။
ဟုတ်သည်။ ယခင်ခေတ်များက မိန်းမသားဆိုလျှင် အားကိုးရာရှာကြသည်။ ယခုခေတ်မှာတော့ ထိုသို့မဟုတ်ကြ။ အားကိုးရာရှာဖို့ကို မိန်းမသားတိုင်းနီးပါး ရှက်ရွံ့ကြသည်။ ထိုအစား မိန်းမသားများစိတ်ကို ဝင်ရောက်လာသည်က အချစ်စစ် ဆိုသည့်အရာဖြစ်သည်။
ယခုခေတ်မိန်းမသားများလက်ထပ်ကြသည်မှန်သော်လည်း ယခင်ခေတ်များကလို အားကိုးရာ တစ်ခုတည်းအတွက်မဟုတ်တော့။  အမှန်တကယ်သံယောဇဉ်ရျိသူကိုမှ လက်ထပ်ဖို့ကြိုးစားကြသည်။ မိန်းမသားများသည် မိမိ၏တာဝန်ကိုသာမက မိသားစု၏တာဝန်ကိုပါ ပုခုံးထမ်းလာကြပြီဖြစ်၏။ ထိုထိုသောခေတ်ကြီးတွင် ပိုမိုပေါများလာကြသည်က အရူးများ ဖြစ်သည်။
ဟုတ်သည်။ အရူးများ။
အချစ်ရူး ဟု သူတို့ကိုယ်သူတို့ အမည်ကင်ပွန်းတပ်ကြသော ယောက်ျားများ၊ မိန်းမများဖြစ်သည်။ ကိုယ့်ဘာသာ ရူးလျှင် အကြောင်းမဟုတ်၊ တပါးသူကိုပါ လိုက်လံနှောင့်ယှက်တတ်သော ထိုအရူးများကိုတော့ အရူးထောင်ကို ပို့လျှင်ပို့၊ မပို့လျှင် သိပ်မကြာခင်တွင်ပင် သူတို့ကိုယ်သူတို့ ဆူဆိုဒ်လုပ်သွားနိုင်ပါသည်။
အချစ်ကြောင့် ရူးသည် ဆိုစကားကို လက်ခံဖို့ ယနေ့ခေတ်ကို မြင်ကြည့်ကြပါစို့။ ဘယ်နေ့ဗုံးကွဲမလဲ မသိကြောက်နေရသော လုပ်သားပြည်သူများစွာရှိသည်။ ဘယ်နေ့အလုပ်ပြုတ်မလဲ ကြောက်နေရသော လုပ်သားပြည်သူများစွာရှိသည်။ ဘယ်နေ့ခြေပြတ်လက်ပြတ်ဖြစ်မလဲ စိုးရိမ်နေရသော လုပ်သားပြည်သူများစွာရှိသည်။
ယခုတော့ အချစ်ကြောင့် ရူးသည်ဆိုသည့် အရူးများကို တစ်ခုတော့ ပြောလိုပါသည်။
ဘယ်နေ့သေမလဲ မသိသည့် လူ့ဘဝမှာ ကိုယ့်အတွက်ကော၊ သူတပါးအတွက်ပါ အကျိုးရှိမည့်အရာတစ်ခုခု လုပ်ကြည့်ပါဦး ဟုသာ။ ပညာနပ်မမှန်သည့် သတင်းများ၊ ထမင်းနပ်မမှန်သည့် သတင်းများကြားဝယ် သူတို့၏ ဆူဆိုဒ်သတင်းများဖြင့် သတင်းစာကို ညစ်နွမ်းအောင် မလုပ်ကြပါနှင့်ဟုသာ မှာချင်လှသည်။
“အလှည့်ကျတော့ မနွဲ့စတမ်း” ဆိုသည့် စကားတစ်ခွန်းရှိသည်။ သူ့အလှည့်တုန်းက ကောင်းခဲ့ပြီးပြီ။ ကိုယ့်အလှည့်ကျလျှင်လည်း အစွမ်းကုန်ပြန်ကောင်းနိုင်ရမည်ဟူသည့် အဓိပ္ပါယ်ရသည်။  ဟုတ်ပြီ။ တခါတရံကြုံရသည့်အခက်အခဲတို့တွင် ကိုယ်မဖြေရှင်းနိုင်သည့် အခက်အခဲကို ကိုယ်အလုပ်မအားသည့်အချိန်တွင်မှ ဇွတ်တရွတ်မေးလာမည့် အနေအထားကို ကြုံရမည်ဆိုလျှင် တခြားသူတော့ မသိ။ ကျွန်တော် မကောင်းနိုင်ပါ။ ကျွန်တော် မဖြေရှင်းနိုင်မှန်း သိနေသည့် အခက်အခဲကို၊ ဖြေရှင်းနိုင်မည့် နည်းလမ်းကိုလည်း သိရဲ့သားနှင့် ကျွန်တော့်အလုပ်ရှုပ်ပုံကို နားလည်မပေးနိုင်မည့် မိတ်ဆွေကို ကျွန်တော် အလိုမရှိပါ။
ယနေ့ခေတ်တွင် မိတ်ဆွေ၊ သူငယ်ချင်း နှလုံးသားနှင့် ပေါင်းသလို ဦးနှောက်နှင့်လည်း ပေါင်းရပါမည်။ နှလုံးသားမှ တစ်ဖက်မိတ်ဆွေ၏ စိတ်ကို ခံစားနိုင်သလို ဦးနှောက်ဖြင့်လည်း သုံးသပ်နိုင်ရပါမည်။ ထို့ပြင် သူငယ်ချင်းဟုသည် တစ်ဖက်သား၏ မကောင်းသောအကျင့်ကို မြင်သည့်အခါ လက်ညိုးထိုးထောက်ပြနိုင်ရမည်ဟု ခံယူထားသင့်သည်။
ယနေ့ကျွန်တော့်တွင် မိတ်ဆွေသူငယ်ချင်းဆရာ များစွာရှိပါသည်။ ဦးနှောက်ဖြင့်သုံးသပ်ထားသလို နှလုံးသားဖြင့်လည်း ရင်းနှီးနွေးထွေးထားပါသည်။ တစ်ဖက်သားအပေါ်လည်း နားလည်မှုထားရှိထားပါသည်။ သို့သော် အကန့်အသတ်ကို ကျော်လွန်လာသည့် သူငယ်ချင်းများစွာကို မိတ်ဆွေ၊ သူငယ်ချင်းစာရင်းမှ ပယ်ဖျက်လိုက်ရသည်မှာ အခါခါဖြစ်သည်။ ကိုယ်အဆင်မပြေသည့်အနေအထားတစ်ခု၊ ကိုယ်မလိုလားသည့် အနေအထားတစ်ခုကို ကိုယ်ကိုယ်တိုင်ဖေါ်ပြပြီးပြီမို့ ကိုယ့်အပေါ်နားလည်သည့် သူငယ်ချင်းများစွာရှိဦးမည်ဟု ယုံကြည်ရင်း တချို့သော နာမည်တို့ကို ပယ်ဖျက်လိုက်ရသည်မှာဝမ်းနည်းဖွယ်ပင်။
(လူ)
ကျွန်တော် လူ ဖြစ်သော်လည်း လူဟု သတ်မှတ်ချင်မှ သတ်မှတ်ကြပါလိမ့်မည်။ ကျွန်တော့်တွင် တာဝန်တွေရှိသေးသည်။ ထိုတာဝန်တို့အတွက်ကျွန်တော် လုံးပမ်းရဦးမည်။ ကျွန်တော့်ခက်ခဲသော ညတို့ကို အသိပေးဝံ့သူ သူငယ်ချင်းများစွာကျန်ကြပါဦးမည်။ ကျွန်တော့်နှလုံးသားနှင့် ဦးနှောက်ကို မျှခြေအသုံးပြု၍ ကျန်ခဲ့သော သူငယ်ချင်းများစွာကျန်ဦးမည်ဟု ထင်ပါသည်။
တခါတခါ လူ့လောကကြီးက ရယ်ရသည်။ ကိုယ်ကသာ အပြင်းအထန်ခံစားနေရသော်လည်း တစ်ဖက်မှာကျတော့ ပြတ်ရယ်ပြုဖွယ်ဖြစ်နေတတ်သည်။
ကျွန်တော့်တွင် ကျင့်ဝတ်သိက္ခာ ရှိသည်ဟူသည့် ကြီးမြတ်သည့်စကားလုံးကို ယူမသုံးဝံ့ပါ။ သို့သော် ကျွန်တော့်တွင်ရှိသည့် တာဝန်ဝတ္တရားများအတွက် ကျွန်တော် ကြိုးစားဖို့ အရှိန်ယူနေဆဲဖြစ်ကြောင်းကို နားလည်ပေးစေချင်ပါသည်။ ကျွန်တော့်တွင်ရှိသည့် တာဝန်ဝတ္တရားများအတွက် ကျွန်တော်ကြိုးစားနေရဆဲ၊ ကြိုးစားနေရဦးမည်ဖြစ်ကြောင်း သတိထားစေချင်ပါသည်။
ကျွန်တော် ဘဝကြီးကို အပြင်းအထန်မကြိုးစားချင်ပါ။ ထို့အတူရေသာခို၍လည်း အချောင်မလိုက်ချင်ပါ။ ထို့အတွက် ကျွန်တော် အလယ်အလတ်ကြိုးစားပါသည်။ သို့သော် ကျွန်တော့်မှာ အပျံသင်စ ငှက်ငယ်ကဲ့သို့ ဖြစ်နေသည်။ မိခင်ငှက်မကြီးလက်အောက်မှ ယခုမှ လွတ်မြောက်လာသူကဲ့သို့ ဘဝကို တစ်ယောက်တည်း ရုန်းကြည့်နေရသူလို ဖြစ်နေသည်။ ထို့အတွက် ကျွန်တော်သွားရာလမ်းတို့သည် မခက်ခဲသလို မလွယ်ကူလှပါ။ သို့သော် ကျွန်တော် ယခုထိ ယုံကြည်ချက်ကို လက်မလွှတ်နိုင်သေး။ ဆက်လက်ဆွဲကိုင်ထားဆဲ ဖြစ်သေးသည်။ စိတ်အာဟာရနှင့် ဘဝအာဟာရကို တူမျှစွာ ထားနိုင်မည်ဟု ယုံကြည်နေမိသေးသည်။
လူဟာ လူ ဖြစ်ပါသလား။
သက်ရှိသတ္တဝါဖြစ်ရုံနဲ့ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်တတ်ရုံနဲ့၊ လက်နှစ်ဖက်ကို အသုံးပြုတတ်ရုံနဲ့၊ ဦးနှောက်ကို အသုံးချတတ်ရုံနဲ့၊ လူဟာ လူဖြစ်ခဲ့ပါသလား။
ထိုမေးခွန်းကို ကျွန်တော် ဖြေချင်လှပါသည်။ ကျွန်တော် လူမဖြစ်ခဲ့ပါ။ ကျွန်တော့်ပတ်ဝန်းကျင်အသိုင်းအဝန်းအတွက် ကျွန်တော် ဖြည့်ဆည်းပေးသည့်အရာ မရှိခဲ့သေးသလို ကျွန်တော့်မိဘအတွက်လည်း ကျွန်တော်ဘာမှမလုပ်ပေးနိုင်ခဲ့သေးပါ။ ယုတ်စွအဆုံး ကျွန်ောတ့်တစ်ကိုယ်ရည်တိုးတက်မှုကိုပင် ရှာဖွေနေရဆဲ ဖြစ်သည်မို့ ကျွန်တော် လူမဖြစ်သေးပါ။ ကျွန်တော် လူမပီသသေးပါ။
ကျင့်ဝတ်တချို့ကို မလိုက်နာနိုင်သည့်အတွက် ကျွန်တော် လူမပီသသေးပါ။ ကျွန်တော်က စာအုပ်ကြီးသမားဖြစ်သည်မို့ မလွတ်မြောက်သေး။  ထို့အတွက်လူမှုပတ်ဝန်းကျင်နယ်ပယ်မှ ကျင့်ဝတ်များကို ကျွန်တော် မလိုက်နာနိုင်ခဲ့။ ဝိုင်ခွက်ကိုင်ပြီး ချီးယားစ်မြှောက်ဖို့ ကျွန်တော် ဝန်လေးပါသည်။ တခါသားက သူငယ်ချင်းတစ်ယောက်ကို ရန်လုပ်သောက်ခဲ့သော ခေါင်ရည်အတွက်ပင် မိဘနှစ်ပါးအား အားနာရှက်ရွံ့နေဆဲ ဖြစ်သည်။ ကျွန်တော် လူမပီသသေးပါ။ ကျွန်တော် စာအုပ်ဘောင်ကြီးမှ မလွတ်မြောက်သေးပါ။ ညအိပ်ညနေအပြင်ထွက်ဖို့ကြောက်ရွံ့နေဆဲဖြစ်သည့်ကျွန်တော် လူမပီသသေးပါ။
ဟုတ်ကဲ့။ ကျွန်တော် လူမဖြစ်သေးပါ။

ရည်ဝေ(လင်းရောင်ခြည်)

1 comment:

Anonymous said...

လေးလေးနက်နက် ဖတ်မှတ်သွားပါ၏
ကြိုးစားပါ အားပေးနေပါတယ်
reader

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်