Thursday, 29 August 2013

မြေစာအို

 (၁)
 ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာနေလိုက်တာ။ သားနဲ့ မတော်ရသေးတဲ့ ချွေးမလောင်းကတော့ဖြင့် သူမအား မြေးဦးကို ဆုံးရှုံးလိုက်ရတဲ့ ဘွားအေတစ်ယောက်အဖြစ် မမြင်ကြလေဘူးထင့်။
သေချာအောင်ထပ်မေးလိုက်မိသည်။
“သား နင် တကယ် အဲ့ဒီလိုလုပ်မှာလား”
 ခေါင်းငြိတ်ပြလိုက်တဲ့ သားကို သူမ တိတ်ဆိတ်စွာသာ ငေးကြည့်နေလိုက်မိသည်။ အမေဖြစ်သူရဲ့ မျက်နှာကို မဖတ်တတ်တဲ့သား ဟူ၍လည်း အပြစ်မတင်လိုတော့ပြီ။ ကိုယ်တိုင်ကိုက ပဲ့ပြင်ဆုံးမနိုင်အား နည်းခဲ့တာကိုးဟုသာ သူမကိုယ်သူမ အပြစ်ဖို့မိချေပြီ။
 “ဆန်သွားဆေးလိုက်ဦးမယ် ”
 ကျလုဆဲဆဲ မျက်ရည်အားထိန်းလိုက်ရင်း သားနှင့် ချွေးမ မမည်သော ချွေးမလောင်းရှေ့မှ ထွက်လာလိုက်သည်။
 “မဟုတ်ဘူးလေ အမေ သားကို ပိုက်ဆံနည်းနည်းစီစဉ်ပေးပါဦး အဲ့ဒါလုပ်ဖို့က ငါးသောင်းလောက်ကုန်မယ်တဲ့ ငါးသောင်းလောက်စီစဉ်ပေးပါ နောက်တစ်ခါဆို ဒီလိုမဖြစ်စေရပါဘူး အမေ့…”
“ဟဲ့ ငါ့မှာဘယ်လိုလုပ်ရှိမှာလဲ အိမ်ငှားဖို့စုထားတာတောင် ၃၀၀၀၀လောက်ပဲရှိသေးတယ်”
 နောက်မှလိုက်လာသည့် သား၏  တီးတိုးပြောသံကြောင့် သူမ ငေါက်လိုက်တော့ သား၏ မျက်လုံးက သူမလက်ကိုကြည့်နေသည်။ သက်ပြင်းတစ်ချက်ချလိုက်ရင်း လက်က လက်စွပ်ကိုချွတ်လိုက်မိ၏။ ဒါ ဟိုးတလောကမှ သူမ လုပ်အားခတွေစုပြီးလုပ်ထားသောလက်စွပ်လေး။ ယူပါစေတော့လေ ဟုတွေးရင်း သားထံပေးကာထွက်လာလိုက်မိသည်။ ကိုယ့်သွေးသားရင်း ဆုံးရှုံးတာတောင် ကြုံပြီးမှတော့ ဒီလက်စွပ်တစ်ကွင်းက ဘာအရေးလဲကွယ်။ လေးလံနေသည့်ခြေလှမ်းတို့အား ပေါ့ပါးသွက်လက်နေသယောင်ဟန်ဆောင်ရင်း အိမ်နောက်ခန်းသို့ အပြေးဝင်မိချေပြီ။
 တကယ်ဆို ကိုယ့်ဘာသာပိုက်ဆံရှာပြီး မအေမသိအောင်လုပ်ကြပါတော့လား။ တနင်္ဂနွေကို သူမ မုန်းမိပြီ။ထိုတနင်္ဂနွေတွင်သာ အလုပ်မနားခဲ့မိပါက၊ ရန်ကင်းသွားခဲ့မိပါက ဘယ်လောက်ကောင်းလိမ့်မလဲလေ။ ခုတော့….။
(-၂)
 “သူဇာ လက်မထပ်ချင်သေးလို့လား….. လက်ထပ်ရင် အိမ်ခန်းတွေ ငှားနေစရာမှမလိုတာ ကိုယ်နဲ့အမေနှစ်ယောက်တည်းပဲဟာ အခုအိမ်မှာပဲနေလို့ရတာပဲ”
 သဲ့သဲ့ကြားနေရသော စကားကို နားစွင့်ရင်း သူမ စိတ်လှုပ်ရှားနေမိသည်။ သူဇာဆိုသည့် ကလေးမက သားဖြစ်သူ နိုင်ဦးနှင့် ရည်းစားဖြစ်နေတာကြာပြီ။ လမ်းမှာ အသွားအလာပြုရင်းတွေ့ဖြစ်သော်လည်း ပြုံးပြနှုတ်ဆက်ရုံထက်မပိုခဲ့။ သူဇာတို့ မိသားစုက သူမတို့မိသားစုထက် ပိုမိုပြည့်စုံသည်မို့ သဘောမတူစရာလည်း မရှိခဲ့ပါ။ သို့သော် သူများချွေးမလောင်းများလို လမ်းမှာတွေ့တိုင်း သူမကို ဟက်ဟက်ပက်ပက်မရှိတာကိုတော့ စိတ်အနည်းငယ်ခုမိသည်။ သို့သော် သူဇာနှင့် ဆုံတိုင်း အတတ်နိုင်ဆုံး ပြုံးပြုံးချိုချိုသာ စကားပြောဖြစ်ခဲ့သည်။ ထိုကောင်မလေးကတော့ သူမကို အရေးမစိုက်ဟန်နှင့်။ ယနေ့မှာတော့ တနင်္ဂနွေ အလုပ်ပိတ်ရက်ကြီး တွင် သားက သူဇာ့ကို အိမ်သို့ခေါ်လာခဲ့ခြင်းပင်။ ဘာတွေတိုင်ပင်စရာရှိပါလိမ့်ဟုတွေးရင်း ဆက်နားစွင့်နေမိသည်။ ဒီနေ့ သူမက ရန်ကင်းဘက်ခဏသွားဦးမည်ဟု ပြောထားသဖြင့်အိမ်တွင် သူမရှိမည်ဟု သားသိလိမ့်မည်မထင်။
ဖျတ်ခနဲပြုံးလိုက်သော သူဇာ့မျက်နှာပေါ်မှ အပြုံးကို ဒေါ်သောင်းဦးမကြိုက်။ အရာရာကို သိနားလည်နေသည့် ကိုယ့်ကိုယ်ကို အထင်ကြီးသည့်အပြုံးဟု တိတ်တဆိတ်မှတ်ချက်ချလိုက်မိသည်။
သို့သော် သူဇာ့ခေါင်းခါလိုက်ဟန်ကိုကြည့်၍ သူမပျော်သွားမိသည်။ တချိန်ချိန်မှာ လက်ထပ်မှာပေမယ့် ယခုချိန်မှာ လက်ထပ်မယ်ဆိုလျှင် ဖြည့်ဆည်းပေးနိုင်ဖို့ အင်အား သူမမှာမရှိသေးပါ။ သားလေးချို့ချို့တဲ့တဲ့နှင့် မင်္ဂလာဆောင်ရပေမည်။ သားလေးနှင့် သူမ နှစ်ဦးသာရှိသည့် ဘဝမှာတောင် တခါတရံ သားလေး ပ့န်းရန် အလုပ်နားရသည့်အခါမျိုးတွင် သူမလုပ်စာသာ ထိုင်စားနေကြရသည်မဟုတ်ပါလား။ ထိုအထဲကမှ အိမ်ငှားဖို့ ပြန်စုရသေးသည်။ သူတို့ကိုသာ ယခုအချိန်တွင် လက်ထပ်ပေးလိုက်ပါက အတွေးမဆုံးခင် ခေါင်းယမ်းလိုက်မိသည်။
 “မဟုတ်ဘူးဆိုရင် ဘာလို့ ကိုယ်တို့ကလေးကို ဖျက်ချမှာလဲကွာ”
အိုး ကလေးဖျက်ချမယ် တဲ့လား။ ဖျတ်ခနဲ ပြေးထွက်လုလုခြေလှမ်းတို့ကို မနည်းထိန်းလိုက်ရသည်။ ဒါဆို သူမမှာ မြေးလေးရှိနေပြီပေါ့ ဟူသည့်အတွးနှင့် တလှိုက်လှိုက်ခုန်တက်လာသော ပီတိတို့ကို တားမြစ်မရခဲ့။
 “ကိုယ်တို့အသက် ငယ်သေးတယ်လေ.. ခုမှ နှစ်ဆယ့်တစ်ပဲရှိသေးတာကို နောက်သုံးနှစ်လောက်ဆိုရင်တော့ စဉ်းစားမှာပါ”
 သား ပခုံးအား ခပ်ဖွဖွကိုင်ကာ ပြောလိုက်သော သူဇာ့စကားကို ကြားတော့ သူမ စိတ်အားလျော့စွာဖြင့် ပုဆစ်တုပ် ထိုင်ချလိုက်မိသည်။  နောက်သုံးနှစ်ဆိုလျှုင်လည်း တစ်ခုခုနှင့် ငြင်းပစ်မှာသေချာပါသည်။ ဒီလိုအချိန်မှာတောင် စည်းမစောင့်သည့် သူတို့နှစ်ယောက်ဟာ နောက်သုံးနှစ်ကြာမည်ဆိုလျှင်တော့ လက်ထပ်ဖို့ အသီးသီး ငြီးငွေ့သွားပါလိမ့်မည်။
တံခါးပိတ်သံတို့ကို အတိုင်းသားကြားနေရသော်လည်း သူမ ထွက်ပြီးတားမြစ်ဖို့ ဆွံ့အနေမိသည်။ ဒီချိန်မှာ သူမ ပါးစပ်က ထွက်လာမှာက တစ်ခွန်းတည်းသာဖြစ်သည်။
“ကလေး ဖျက်မချပါနဲ့ ဟူ၍ပင်။ သူမ တားရင် သား လက်ခံပါ့မလား၊ သားလက်ခံရင်တောင် သူဇာက လက်ခံပါ့မလား ဟူသည့် မရေမရာအတွေးများစွာတို့ကို ထိုတစ်နေ့လုံးသယ်ဆောင်နေမိရင်း။
 (၃)
 “အစ်မရယ် မငိုပါနဲ့ သူတို့က နားမှမလည်ကြတာကိုး”
 “မဟုတ်ပါဘူး ရွက်ဝါရယ် မိဘကလည်းသဘောတူရဲ့နဲ့ ဘာ့ကြောင့်များကိုယ့်သွေးသားကို ဖျက်ဆီးချင်ရတာလဲ သူတို့ကို တကယ်နားမလည်လို့ပါ အိမ်ထောင်သည်ဘဝကိုမလိုချင်ရင်လည်း ဘာ့ကြောင့်များ…ကမြင်းကြောထခဲ့ကြသေးလဲဟယ် ခုတော့ ကိုယ်ဝန်ဖျက်ချတာက သူတို့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရတော့ ငါ”
 “အစ်မရယ် စိတ်လျှော့ပါ ဟင်း…….နိုင်ဦးတို့ကလည်းခက်ပါတယ် ဒါ့ထက် အစ်မ လက်စွပ်ကော”
 အလုပ်ရှင် ရွက်ဝါ၏ မေးသံကြောင့် ဒေါ်သောင်းဦး ခပ်ယဲ့ယဲ့လေးပြုံးပြလိုက်မိရင်း
 “သူတို့အတွက် ပေးလိုက်ရတယ်လေ ဖျက်ချဖို့ ပိုက်ဆံလိုတယ်တဲ့”
 ဖြေအပြီးမှာ ခပ်မဲ့မဲ့လေးပြုံးရင်း မျက်လုံးထောင့်စွန်းမှ ပြိုကျတော့မည့် မျက်ရည်စတို့အား လက်ဖြင့်ခပ်ကြမ်းကြမ်းသုတ်လိုက်မိ၏။ ရွက်ဝါဆိုသည်က အလုပ်ရှင်ပေမယ့် သူမအတွက်တော့ ညီမတစ်ဦးကဲ့သို့ ရင်ဖွင့်ရာ၊ တိုင်ပင်ရာ၊ အားကိုးရာတစ်ခုဖြစ်သည်မလား။
 “မအေ့လုပ်စာတောင် မရှောင်ပါ့လား အစ်မရယ် သူ့ပန်းရံကရတဲ့ လစာတွေကျ ဘယ်နားသွားသုံးထားလို့တုန်း”
 ရွက်ဝါ၏ မခံမရပ်နိုင်ဟန်နှင့်မေးသည့် စကားသံကြားတော့ စိတ်ဝယ်နွမ်းချိနေသည့်ကြားမှ သူမ ပြုံးမိပြန်သည်။
 “ကောင်မလေးကတော့ ပြောပါတယ် လကုန်ရင် သူပြန်ဆပ်မယ်တဲ့”
 ထိုစကားဖြေအပြီးမှာ သူမရင်ထဲဝယ် စူးနင့်လာပြန်သည်။ လောကကိုမျက်လုံးစုံဖွင့်ကာ နိုးထဖို့အားယူနေသည့် သန္ဓေသားအား ကိုယ့်သွေးသားအဖြစ်မမှတ်ယူချင်သူတို့အား မုန်းသည်။ သားကိုလည်း မုန်းသည်။ ချွေးမလောင်းကိုလည်းမုန်းသည်။ အို..အရာအားလုံးကို မုန်းပါသည်လေ။ ကိုယ့်သားသမီးအပေါ် ပဲ့ပြင်ဆုံးမနိုင်စွမ်းမရှိသည့် သူမကိုယ်သူမလည်း မုန်းမိပြီ။
 “ရွက်ဝါ မကြီး ဒီနေ့ နေ့တဝက်နဲ့ ပြန်မယ်နော် ရလား”
 “ရတယ် အစ်မ ရတယ် အိမ်အလုပ်က သိပ်မရှုပ်ပါဘူး ကိုယ့်ဘာသာစိတ်ချမ်းသာအောင်နေ အစ်မ အဲ့ဒီကိစ္စတွေကို အစအဆုံးလိုက်တွေးမနေနဲ့ ကြားလား စိတ်အေးအေးချမ်းချမ်းနေ”
 ခေါင်းငြိတ်ပြရင်း ပစ္စည်းတို့သိမ်းကာ ထထွက်လာတော့ စိတ်နှင့်ထပ်တူ ခြေလှမ်းတို့က လေးလံမြဲလေးလံလျက်……..။
 (၄)
 အို.. ငါ့မြေးကြီးထင်ပ။
ဝဝတုတ်တုတ်ခဲခဲ ကလေးငယ်အားကြည့်ရင့် သူမ ကြည်နူးစွာ ပြုံးနေမိသည်။ ဟော.. မီးနေသည်ချွေးမလေး ကုတင်ပေါ်မှာလှဲနေသော်ငြား မျက်လုံးတို့ကတော့ဖြင့် ကလေးပျောက်သွားမှာစိုးသည့်အလား ကလေးထံသာ ရစ်ဝဲနေသည်။ အံမယ် သွားလေသူကြီးကလည်း သားဘေးတွင် ရပ်ပြီး ကလေးကိုကြည့်လို့ပါ့လား။ မျက်နှာကလည်း ပြုံးပြုံးကြီး။ သားမျက်နှာကလည်းလည်း အလားတူပင် ပြုံးပျော်ဝံ့ကြွားနေဟန်။
 ဟင်……….သွားလေသူကြီးက သားဘေးမှာ။ ရုတ်တရက် ရေရွတ်ရင်း အသေအချာပြန်ကြည့်လိုက်မိသည်။ မှန်သည်။ ကွယ်လွန်ပြီဖြစ်သည့် သူမယောင်္ကျားက သားဘေးမှာ ပြုံးပျော်လျှက်။  ဒါ အိပ်မက်ပဲ ဟူသော အသိနှင့် သူမ နိုးထလိုက်မိသည်။ သွားလေသူကြီးသာရှိလျှင်ဖြင့် သားကို ဆုံးမနိုင်လေမည်လား။
သူမကိုတောင် မနှိုးတော့ပဲ သားအလုပ်သွားလေပြီလား။ ဒါမှမဟုတ် သူဇာ ခေါ်ရာနောက်ပဲ ပါလေသလား။ သူဇာ ဆိုသည့်ကလေးမနှင့် သားကို သဘောမတူသော်လည်း အခုလို သား၏ကိုယ်ဝန်ကိုလွယ်ထားချိန်မှာတော့ သူမ လက်ထပ်ပေးချင်မိ၏။ သူဇာ၏ မိဘများလည်း သူတို့သမီးနှင့် သူမသား မေတ္တာမျှနေသည်ကို သိကြလေသည်။ ဒါဆို သားနှင့် သူဇာ့ကြား လက်ထပ်ခြင်းမရှိအောင် ဘယ်အရာကများတားဆီးထားလေသလဲ။  အကယ်၍များ တစုံတစ်ယောက်ကသာ သားကို “တဏှာကျေးကျွန်သက်သက်ပဲ” ဟုစွပ်စွဲပြောဆိုလာလျှင် သူ မ ပြိုင်ငြင်းမည်မဟုတ်ပါ။ သားနှင့်အတူ လောကသစ္စာကိုချိုးဖေါက်ဖို့ သူဇာတစ်ယောက်လုံးရှိနေမှတော့ ဘာပြောနိုင်မည်လဲ။ ဒီကမ္ဘာမှာ ကျင်လည်နေသည့် လူများထဲတွင် သားနှင့်သူဇာလို လောကသစ္ဆာကို ချိုးဖေါက်သူများဘယ်လောက်တောင် ရှိနေလိမ့်မလဲ။ ထိုလူပေါင်းများစွာကြောင့် သူမလို စိတ်ဆင်းရဲနေသူများ၊ အကြောင်းမဲ့ သေဆုံးသွားကြရှာသည့် သူမမြေးလေးလို အဖြစ်ဆိုးများ ဘယ်လောက်တောင်များလိမ့်မလဲ။ အဆုံးမသတ်နိုငသည့် အတွေးများစွာနှင့်အတူ ရွံမုန်းစွာ သက်ပြင်းချမိသည်။
“ကလင် ကလင် ကလင်”
နာရီမှ အလမ်းမြည်လာသံကြောင့် ကပြာကယာထလိုက်ရင်း မျက်နှာသစ်ရေချိုးရန်ပြင်လိုက်သည်။ ဒီနေ့တော့  အလုပ်ဆင်းမှဖြစ်မည်။ ကိုယ့်တွင် ဘယ်လောက်ပဲ စိတ်ဆင်းရဲစရာရှိပါစေ၊ အလုပ်ရှင်ကောင်းတိုင်း ကိုယ်က အခွင့်အရေးယူလို့ မဖြစ်ဘူးမဟုတ်လား။
ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်