Wednesday, 7 August 2013

သစ်ပင်ပျောက်ဆုံးခြင်း



သူ
ကျွန်တော်
အိပ်မက်တွေ ပျောက်ဆုံးခဲ့ပြီဖြစ်၏။

တနေ့တခြားဟာတာတာနိုင်လာသော ကိုယ့်နှလုံးသားကိုယ်မုန်းမိရင်း သူ့အတွက်အလွမ်းများကိုရှာကြည့်တော့ဗလာ။ သူသည်ကျွန်တော့်အတွက် ဗလာဖြစ်နေပြီဖြစ်သည်။ ငှက်ကလေးကျွန်တော့်ကိုမပြုစားတော့ပါ။ သူ့ပြုစားခြင်းများကိုလွှတ်ချလိုက်လေသည်လား။
ယခုကျွန်တော့်တွင်ကြီးစိုးနေသည်က သက်ရှိနာ။ ပျောက်ရှနေသောသက်ရှိနာ၊ လက်ခံရယူနေသောသက်ရှိနာ။ အချစ်အလွမ်းအမုန်းဟူသည့်ပျောက်ရှနေသောသက်ရှိနာ၊ စားဝတ်နေရေးဟူသည့်လက်ခံရယူနေသော သက်ရှိနာ။ မည်သို့ပင်ဆိုစေကာမူ ခံစားခဲ့ဖူးသောအလွမ်းတို့ကို ကျွန်တော်တဖန်ပြန်လည်ရယူချင်နေပါသည်။ ခံစားခဲ့ဖူးသောအချစ်တို့ကိုတဖန်ပြန်လည် ချစ်ကြည့်ချင်ပါသည်။
သို့သော် ကျွန်တော့်နှလုံးသားသည် ယခုအချိန်ဝယ် အချစ်နှင့်အခြစ် မကွဲမပြား ဖြစ်နေသည်။

သူ ကျွန်တော့်အတွက်အိပ်မက်တွေမသယ်ဆောင်လာတော့ပါ။ သူသည် ကျွန်တော်နှင့်ဝေးရာကို တဖြည်းဖြည်းထွက်ခွာပြီဖြစ်၏။။ သူ့အတွက် ကျွန်တော့်ခံစားချက်တွေကို မည်ကဲ့သို့သိမ်းနှုတ်သွားပါသလဲ။ အမှန်တကယ် ကျွန်တော်မသိပါ။
လက်ရှိတွင်သူသည် ကျွန်တော့်အတွက် ငေးကြည့်နေရသော ပန်းလေးတစ်ပွင့်ဖြစ်သည်။ သူ့ကို ငေးကြည့်ရင်း သူ့အတွက်ချစ်ခြင်းကို ပြန်လည်တူးဖေါ်ကြည့်မိသည်။ သို့သော် မအောင်မြင်။ သူ့ကိုငေးကြည့်ရင်း သူ့ကိုလွမ်းမိသော အလွမ်းတို့ကို ပြန်လည်ပုံဖေါ်ကြည့်သည်။ ရေမှာ အရုပ်ရေးသူကမှ ရေလှိုင်းလေးတွေကို မြင်ခွင့်ရနိုင်သေးသည်။ ယခုတော့ သူသည်ကျွန်တော့်အတွက် ဗလာဖြစ်ချေပြီ။

သူသည် မှော်ဆရာလေလား။
သိမ်းနှုတ်ခြင်းအတတ်ပညာကို အဘယ်သို့သောကျွမ်းကျင်သူဆီမှာ သင်ကြားလေ့လာခဲ့ပါသလဲ။ ကိုယ် လွမ်းသည်။ လွမ်းလွန်းသည်။ လွမ်းလှသည်။ သူ့ကို ချစ်မိခြင်း၏ အကျိုးဆက်ကို ကိုယ်လွမ်းသည်။ သူ့မျက်နှာကိုမြင်ချိန်၌ခံစားရသော ရင်ခုန်ကြည်နူးမှုကို လွမ်းသည်။ သူ့ကို ငေးကြည့်နေရချိန်၌ တသိမ့်သိမ့်ကြည်နူးရသောခံစားချက်ကို လွမ်းသည်။ သူသည် ကျွန်တော့်အတွက်ပန်းတိုင်ဖြစ်သည်။ သူသည် ကျွန်တော့်အတွက် အိပ်မက်ဖြစ်သည်။ သူသည် ကျွန်တော့်အတွက် ဘဝဖြစ်သည်။

ခုတော့သူသည် ကျွန်တော့်အတွက် ဗလာဖြစ်နေသည်။

ခံစားဖူးသူတိုင်း သိကြပါမည်။
အချစ်ကြောင့်မည်မျှပင် ကြောက်ရွံ့ခဲ့စေကာမူ အချစ်ကြောင့် ခံစားရခြင်းကို ရှောင်ဖယ်ဖို့ထက် ထွေးပိုက်လိုကြသူချည်းသူ ဖြစ်သည်။ ယခု ကျွန်တော့်လို နှလုံးသားရှိ ခံစားချက်ပြညွှန်တံပျောက်နေသူများ လောကတွင် မည်မျှများလေမလဲ။
ကျွန်တော် အချစ်ကို ချစ်သည်။အလွမ်းကို ချစ်သည်။ အမုန်းကိုချစ်သည်။ သူသည်ကျွန်တော့်အတွက် ဒဏ်ရာရစေသော ဓါးတစ်စင်းဖြစ်နေပါစေ။ ထွေးပိုက်ထားချင်သည်။ သူသည်ကျွန်တော့်အတွက် မပိုင်ဆိုင်နိုင်သော လတစ်စင်းဖြစ်နေပါစေ။ ငေးမောကြည့်နေချင်သည်။ သူသည် ကျွန်တော့်အတွက် ဘာမှမဖြစ်ဟူသည့် ခံစားချက်မဲ့ဗလာကြီးကိုကျွန်တော် မချစ်ပါ။ကျွန်တော် မလိုချင်ပါ။
           
လူမှန်လျှင်ခံစားချက်တော့ရှိရမည်။ မိသားစုချစ်ခြင်းမေတ္တာပဲဖြစ်စေ၊ ၁၅၀၀ ချစ်ခြင်းမေတ္တာပဲ ဖြစ်စေ ရှိသင့်သည်သာဖြစ်၏။ ကျွန်တော့်တွင် ၅၂၈မေတ္တာနှင့်ပတ်သတ်၍လည်း ခံစားချက်ပြည့်စုံစွာရှိ၏။ ၁၅၀၀ချစ်ခြင်းမေတ္တာနှင့်ပတ်သတ်၍လည်း သူ့အတွက်နှင့် ခံစားခဲ့ဖူး၏။သို့သော် ယခုတော့ထိုခံစားချက်များကို သူ မညှာမတာ ရုတ်သိမ်းလေပြီ။
            ဟာတာတာဖြစ်နေသောနှလုံးသားကို ကျွန်တော်အလိုမရှိပါ။သူ့အတွက် ချစ်ခြင်းတို့တစ်ဖန်မွေးဖွားချင်ပါသည်။ ပျောက်ဆုံးခဲ့သော အိပ်မက်များစွာကို ဖွေရှာပါမည်။ သူသည် ကျွန်တော့်အတွက် ဘဝတစ်ခုဖြစ်စေချင်ပါသည်။ကျွန်တော်သည်သူ့အတွက် ခင်မင်သူ မိတ်ဆွေကောင်းဖြစ်ပါစေ။ ကျွန်တော် သူ့အတွက် နာကျင်ရပါစေ။ကျွန်တော် သူ့အတွက် ဖြည့်ဆည်းခွင့်ရပါစေ။
သူမဟုတ်သောတခြားတစ်ယောက်အတွက်များ ကျွန်တော့်ချစ်ခြင်းတို့ ခေတ္တသေဆုံးသွားပါလား။
ထိုအဖြေကို ကျွန်တော် ဆက်မတွေးလိုပါ။ ကျွန်တော့်နှလုံးသားကိုတစ်ယောက်သောသူအတွက်သာ ပန်းများပွင့်စေလိုပါသည်။ ထို့အတွက် သူ့ကို သာကျွန်တော် ကြည့်နေချင်ပါသည်။ အကယ်၍များ တစ်စုံတစ်ယောက်သာ ကျွန်တော့်နှလုံးသားထဲသို့ဝင်လာပါက ကျွန်တော်ပျော်လေမည်လား။ မသိ။ကျွန်တော်မသိပါ။
ယခုအချိန်ဝယ် သူ့မျက်နှာကိုသာငေးမောကြည့်နေမိရင်း ကျွန်တော့်ချစ်ခြင်းတို့ကို ပြန်လည်အသက်သွင်းဖို့ကြိုးစားနေပါသည်။သို့သော်မအောင်မြင်သေး။
ငှက်ကလေးတစ်ကောင်အတွက် ရှင်သန်ခဲ့သောသစ်ပင်တစ်ကောင် ယခုအချိန်မှာ နှလုံးသားပျောက်နေပါသည်။ သို့မဟုတ် နှလုံးသားစက်ရပ်နေပါသည်။ 

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်