ကျွန်မတွင်
မျက်မှန်တစ်လက်ရှိသည်။ တစ်ဖက်လျှင် ပါဝါ အနုတ် ၄၀၀စီရှိသောမျက်မှန်တစ်လက်ရှိပါသည်။
သူ့ကို မတပ်လျှင် ကြည့်သမျှသော
အရာတိုင်းတို့သည် ဝါးတားတားနိုင်လွန်းသဖြင့် ညအိပ်ချိန်မှလွဲ၍ အချိန်ပြည့်ရှိသော ကျွန်မ၏
အဖေါ်လေးဟုလည်း တင်စားခေါ်ဝေါ်မိသော မျက်မှန်ကလေးဖြစ်သည်။ သူ့တွင် အရောင်ထည့်မထားပါ။
မျက်မှန်ကိုင်းလေး၏ အရောင်ကတော့ ကော်ဖီရောင်လေးဖြစ်သည်။ သူ့မတိုင်ခင် အစောဆုံးကာလများတွင်တော့
မျက်မှန်အလက်ပေါင်းများစွာကို တပ်ဆင်ခဲ့ရသည်။ သူနှင့်ကျမှ ကျွန်မလည်း အချိန်ကြာမြင့်စွာ
တပ်ဆင်မိခြင်းပင်ဖြစ်သည်။
စာမကြိုးစားသော်လည်း တွေ့ရာစာကို ကောက်ဖတ်သောကျွန်မ
ကို မျက်မှန်ပါဝါက ကြည့်မနေပါ။ ရှစ်တန်းကျောင်းသူဘဝရောက်ချိန်မှာတော့ မျက်မှန်ပါဝါ
၃၀၀ ဖြစ်သွားချေပြီ၊ ဒီအချိန်မှာလည်း လမ်းဘေးဆိုင်ကသာ မျက်မှန်ကောက်တပ်ခဲ့ရသည်။ ဝယ်ပေးခဲ့သူမှာလည်း
အမေသာ ဖြစ်သည်။
အမေနှင့်ကျွန်မ အတူတူဝယ်ခဲ့သော မျက်မှန်ပေါင်း
လေးလက်ရှိပါသည်။ တတိယအလက်ဝယ်သောအချိန်မှာ ကျွန်မ ပထမနှစ်ကျောင်းသူဘဝဖြစ်သည်။ ထိုအချိန်မှာ
မျက်မှန်ပါဝါက ၃၅၀ ဒီကရီရှိနေပြီဖြစ်သည်။ ပထမဆုံးမျက်မှန် က တပ်ဆင်ပြီးလေးလအကြာတွင်
ကိုင်းကျိုး၍ ဒုတိယမျက်မှန်ဝယ်ရပြီး ထိုအချိန်မှာပင် ပါဝါတိုးကြောင်းသိရတော့သည်။ တတိယမျက်မှန်ကို
ဝယ်ရချိန်မှာတော့ ပါဝါမကိုက်တော့၍ ဝယ်ရခြင်းဖြစ်သည်။
ကျွန်မနှင့်အမေ့ဝယ် မျက်မှန်နှင့် ပတ်သတ်သော
သီအိုရီတစ်ခုရှိသည်ဟု ဆိုလျှင်လည်း မမှား။ မျက်မှန်ဟူသည် အမြင်အာရုံကြည်လင်ဖို့ လို၍သာ
တပ်ရခြင်းဖြစ်သည်ဟုပင်။ ကိုင်းကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ မှန်ကောင်းသည်ဖြစ်စေ၊
မကောင်းသည်ဖြစ်စေ မျက်မှန်၏ အကျိုးပြုမှုသည် ကျွန်မတို့အတွက် ကြည့်လေသမျှတို့ကို ရှင်းလင်းပြတ်သားစွာ
မြင်ရဖို့သာဖြစ်သည်။ ကျွန်မ တွင် စတုတ္ထမြောက် မျက်မှန်တပ်ဆင်ထားပါသည်။ ထိုစတုတ္ထမျက်မှန်ကို
ဘွဲ့ယူဖို့ တစ်လအလိုတွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ မျက်မှန်ကိုင်းသည် ၁၅၀၀ ပေးဝယ်ရသော
မျက်မှန်ကိုင်းကဲ့သို့ အပေါစားဆန်မနေပါ။ ကွေး၍ညွတ်၍ရသော အလူမီနီယံကိုင်းမျိုးဖြစ်၍
မှန်မှာလည်း ဈေးကြီးသော ဖိုက်ဘာအမျိုးအစားထဲကဖြစ်သည်။ ထိုမျက်မှန်လေး၏ တန်ဖိုးကျသင့်ငွေမှာ
၃၀၀၀၀ ဖြစ်ပါသည်။ ကိုင်းသီးသန့်က ၂၀၀၀၀ ကုန်၍ ဖိုက်ဘာနှင့် မျက်လုံးစမ်းသပ်ခ ၁၀၀၀၀
ကျသင့်ခဲ့ပါသည်။။
ထိုမျက်မှန်လေးကို
ဝယ်သည့်နေ့က အမေ မျက်နှာညိုခဲ့ပါသည်။ ထိုမျက်မှန်လေးကို တပ်ဆင်ရသည့်နေ့က ကျွန်မ ပျော်ရွှင်ခဲ့ပါသည်။
မျက်မှန်လေးအတွက်
ကျသင့်ငွေ၃၀၀၀၀ မှာ ကျွန်မ၏ လုပ်အားခဖြစ်၍ များ ကျွန်မ ပိုပျော်မိခဲ့သလားဟု ဆန်းစစ်မနေမိခဲ့ပါ။
ပုံမှန်၁၅၀၀ တန်မျက်မှန်ထက် ပေါ့သော၊ ကိုင်းကျိုးမှာကို စိုးရိမ်ပူပန်မနေရသောမျက်မှန်လေးအတွက်
ကျွန်မ ပျော်ရွှင်နေခဲ့ပါသည်။ ယခု ထိုမျက်မှန်လေးကို ကျွန်မ တပ်ဆင်ထားပါသည်။
ယခု
ကျွန်မ မျက်မှန်လေးတစ်လက် ဖြစ်လို့နေချင်ခဲ့သည်။ လူ့ဘဝမှာနေထိုင်ဖို့ မျက်မှန်လေးတစ်လက်ကို
လိုအပ်နေခဲ့ပါသည်။
------------------xxx
လူပီသခြင်း
ဆိုသော ဂုဏ်ဒြပ်ရရှိဖို့ မည်ကဲ့သို့သော အရည်အချင်းမျိုးနှင့် ပြည့်စုံသင့်ပါသလဲ။ မသိ။
ကျွန်မ မသိပါ။ ထိုအရာတို့ကို သေချာစွာသိရှိဖို့ ကျွန်မ ကိုယ်တိုင် မျက်မှန်တစ်လက်ဖြစ်ဖို့
လိုပါသည်။ သို့မဟုတ် ထိုအရာတို့ကို မြင်တွေ့ဖို့ ကျွန်မတွင် လူပီသကြောင်းသိရှိသော မျက်မှန်တစ်လက်
လိုအပ်နေခဲ့သည်။
သစ္စာရှိခြင်း
၊ ကတိတည်ခြင်း၊ တာဝန်သိတတ်ခြင်း(ဝါ)တာဝန်မမဲ့ခြင်း၊ ယုတ်မာကောက်ကျစ်ခြင်းတို့ကို စက်ဆုပ်ခြင်း
၊ မယုတ်မာမကောက်ကျစ်ခြင်းသည် လူတိုင်း၏ တာဝန်ဖြစ်သည်ဟု စဉ်းစားခဲ့ဖူးပါသည်။ အခြေံပညာအလယ်တန်းကျောင်းတက်စဉ်
လောက်ကတည်းက ကိုယ့်အစုအဖွဲ့နှင့်ကိုယ် အလှည့်ကျသန့်ရှင်းရေးလုပ်သည့် အလေ့အကျင့်လေးကြောင့်
တာဝန်သိခြင်းနှင့် ကတိတည်ခြင်းကို နားလည်ခဲ့သည်။ တဖြည်းဖြည်းနှင့် အထက်တန်းကျောင်းရောက်စဉ်မှာတော့
ကိုယ်ပြောသည့်စကားကို ကိုယ်တာဝန်ယူရမည် ဆိုသည့် အသိလေးရခဲ့ပါသည်။ ယုတ်မာကောက်ကျစ်ခြင်းကို
စက်ဆုပ်ကြောင်း တကူးတကသက်သေပြစရာမရှိပါ။ သို့သော် ကိုယ်တိုင်တစ်ခါမျှ မယုတ်မာမကောက်ကျစ်ခဲ့ဖူးခြင်းကြောင့်
လိပ်ပြာလုံခဲ့ဖူးသည်။ ဘွဲ့မယူခင်ကော၊ဘွဲ့ယူပြီးမှကော လုပ်သည့်အလုပ်များတွင် ကျွန်မကိုယ်ကျွန်မ
ထိုစံနှုန်းအတိုင်း ထား၍ လေ့ကျင့်နေထိုင်ခဲ့ပါသည်။
ယခုတော့
ကျွန်မ မှားနေလေပြီလား။
ကျွန်မသည်
ကျောင်းပညာရေးအဆင့်မှ လွန်မြောက်လာခဲ့ပြီဖြစ်သည်။ လောကကျောင်းတွင် ကိုယ်ပိုင်သင်ယူမှုကို
ဖန်တီးရတော့မည့် အနေအထားကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ အများညီလျှင် ဤသည် ကျွဲဖြစ်၍
အများသောက်သည့် အတိုင်း မိုးခါးရေကို လိုက်မသောက်လျှင် ထိုသူသည်သည် အရူးဖြစ်သည်ဆိုသည့်
သင်ခန်းစာကို ကျွန်မ သင်ကြားနေရပါသည်။ သို့သော် ကျွန်မ နားမလည်နိုင်သေးပါ။ ငယ်စဉ်ဘဝကတည်းက
ယူလာသော အကျင့်ကို စွန့်လွှတ်သင့်သည်ဟု သင်ခန်းစာက သတိပေးနေပြီဖြစ်သည်။ ကျွန်မ မစွန့်လွှတ်နိုင်သေး။
ခပ်ကြောင်ကြောင်မိန်းကလေးတစ်ယောက်ဟု
ထောမနာပြုသည့် မျက်ဝန်းများ၊ ကွယ်ရာတွင် တင်းစကားဆိုနေမည့် နှုတ်ခမ်းများ၊ ယောက်ျားတန်မဲ့
ကတိပြုပြီးသော လုပ်ငန်းကို စာချုပ်မပါရုံမျှနှင့် ဗလောင်းဗလဲဆိုတတ်သော လူပီသသူများကို
ယနေ့တွင်ပင် ကျွန်မကြုံလိုက်ရပြီဖြစ်သည်။ အချိန်ကိုလေးစားတာကြိုက်သည့်ကျွန်မအတွက် အချိန်မတိကျသည့်
လုပ်ဖေါ်ကိုင်ဘက်ကို အလိုမရှိသည့်အခါ ကျွန်မသည် လူထူးဆန်းတစ်ယောက်ဖြစ်လာသည်။ ကိုယ့်နှုတ်ခမ်းမှ
ထွက်သမျှ စကားအတိအကျအတိုင်းကို တာဝန်ယူတတ်သည့် ကျွန်မအတွက် ဗလောင်းဗလဲ ဆန်သည့် လူများကို
တွေ့ရသည့်အခါ ကိုယ့်ကိုယ့်ကို သံသယဖြစ်လာပြီဖြစ်သည်။ ကျွန်မ လူပီသဖို့ အဆင့်မမီသေးဘူးလား
ဟူ၍ပင်။ သို့မဟုတ် ကျွန်မ ဘယ်နေရာမှာများ သင်ကြားမှု မှားခဲ့ပါသလဲ ဟူ၍ပင်ဖြစ်သည်။
သို့ဆိုလျှင်ဖြင့်
ကျွန်မသည် လူပီသဖို့ရာ အဆင့်မမီသူတစ်ယောက်ဖြစ်နေလေသည်လား။ လူအချင်းချင်း မကျော်တတ်မခွတတ်လျှင်၊
သစ္စာမမဲ့တတ်လျှင်၊ကိုယ့်စကားကိုယ် တာဝန်ယူတတ်လျှင်ထိုသူသည် လူ့ဘောင်အတွင်းဝယ် အရူးတစ်ယောက်ပမာ
ထူးဆန်းနေလေပြီလား။
ကျွန်မသည်
ကလေးတစ်ယောက်မဟုတ်တော့ကြောင်းကို ယနေ့တွင်မှ သတိပြုမိပြီဖြစ်သည်။ ကျွန်မသည် စာသင်သားတစ်ယောက်မဟုတ်တော့ကြောင်းကို
ယနေ့တွင်မှ သတိပြုမိပြီဖြစ်သည်။အမေ့ကိုအတိုက်အခံလုပ်ပြီး ဝယ်ထားသောဈေးကြီးသည့်မျက်မှန်ကို
သုံးကာ လူပီသသူများကို ရှာဖွေ၍မရပါ။ ကိုယ်လိုအရူးများကိုရှာဖွေဖို့ရာလည်း ထိုမျက်မှန်က
အသုံးဝင်လိမ့်မည်မဟုတ်ပါ။
ကျွန်မ
လူမပီသချင်ပါ။ ကျွန်မကဲ့သို့သော လူထူးဆန်းများ၊ အရူးများကိုသာ ရှာဖွေချင်ပါသည်။ မိတ်ရင်းဆွေရင်းအဖြစ်ပေါင်းသင်းချင်ပါသည်။
အမေ့မေတ္တာဖြင့် ဝယ်ပေးသည့် ၁၅၀၀တန်မျက်မှန်လေးများသည်လည်း ကူကယ်နိုင်မည်မထင်ပါ။
ထို့အတွက်
အထူးပြုလုပ်ထားသော မျက်မှန်တစ်လက်တော့ ကျွန်မအတွက်လိုအပ်နေပြီဖြစ်သည်။ အကယ်၍များ နှလုံးသားကိုသာ
မျက်မှန်ပြု၍ ဦးနှောက်ကို ပါဝါလိုတိုးပိုလျှော့သုံးကာ ရှာဖွေလျှင်ဖြင့် တွေ့နိုင်လေမည်လား။
ဟုတ်ကဲ့။
ကျွန်မထံတွင် မျက်မှန်နှစ်လက်ရှိပါသည်။ တစ်လက်မှာ ငွေ၃၀၀၀၀ ပေး၍ဝယ်ထားသော တန်ဖိုးကြီးမျက်မှန်ဖြစ်၍
ကျန်တစ်လက်မှာ ဦးနှောက်ပါဝါသုံး၍ နှလုံးသားမှန်တပ်ဆင်ထားသော စိတ်ကြည့်မျက်မှန်ပင်ဖြစ်ပါသည်။
ကျွန်မကဲ့သို လူထူးဆန်းများကို ရှာဖွေဖို့ရာ ကျွန်မ မျက်မှန်နှစ်လက် အသုံးပြုပါသည်။
ရည်ဝေ(လင်းရောင်ခြည်)
Aug
8-2013
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်