Wednesday, 1 January 2014

နှုတ်ဆက်ပါတယ်...

“နှုတ်ဆက်ပါတယ်”

ပူလောင်ကျိန်းစပ်နေတဲ့ မျက်ဝန်းတွေမှာ အငွေ့တွေနဲ့။ မျက်ရည်ဆိုတာ အငွေ့ပျံတတ်ကြောင်း မျက်မှန်က မှန်သားရဲ့ မှုန်မှိုင်းမှိုင်းကြောင့် အသိတိုးခဲ့ရ။
--++++++++++++++++++++++-----------

“တစ်ကောင် ၅၀၀၀ ပါ” ဆိုတဲ့ အဖြေစကားမှာ ဇီးကွက်လေးတွေကို ကိုယ်သိပ်သနားတာပဲ။ ဇီးကွက်တစ်ကောင် ၅၀၀၀ နှုန်းနဲ့ ဦးပိန်တံတားပေါ်က ဈေးကွက်၊ ကိုယ်စိတ်မှာ ကိုယ်ဟာ လှောင်အိမ်ထဲ ရောက်လို့သွား။ “ငါတို့ ဘယ်ထိ ဆက်ပြေးလို့ရမှာလဲ သိပ်မကြာခင်ဘဲ လှောင်အိမ်တစ်ခုမဟုတ်တစ်ခုထဲ ပြန်ရောက်ဦးမှာ” ဆိုတဲ့ စကားများ သဲ့သဲ့ ကြားမိလိုက်သလား။ ကိုယ်ထွက်ပြေးနေတဲ့ လှောင်အိမ်ထဲ ကိုယ်ခဏပြန်ဝင်ဖို့ လိုအပ်နေပြီဆိုတဲ့အသိနဲ့ ခွဲခွာခြင်းက ကိုယ့်ကို မျက်စပစ်လာတယ်။
ကိုယ်ယုံကြည်တဲ့ လမ်း၊ ကိုယ်ယုံကြည်တဲ့ ကမ္ဘာ၊ ကိုယ်ရောက်ရှိတဲ့နေရာ စမ်းတဝါးဝါးနိုင်နေမှန်းသိပေမယ့် ကိုယ် ဆက်ျှောက်ချင်တုန်းပဲ။ ဒါပေမယ့်လည်းလေ ကိုယ်ထွက်ပြေးနေတဲ့ လှောင်အိမ်ကြီးဟာ ပါးစပ်ကြီးဖြဲလို့ ဆီးကြို၊ ကိုယ်ပြန်ဝင်လိုက်ရဦးမယ်။
ကိုယ်ကိုယ်တိုင် တားထားတဲ့စည်း ကိုယ်ကိုယ်တိုင် ချိုးဖေါက်ခဲ့၊ သံယောဇဉ်အဖြူတွေအတွက် ကိုယ်ကိုယ့်ကိုယ် လွတ်လွတ်လပ်လပ်နေကြည့်ပေးထားတယ်။ ကိုယ့်သိက္ခာနဲ့ ကျင့်ဝတ်နဲ့တားထားတဲ့စည်း ဘယ်သူမှ ချိုးမဖေါက်ရက်ခဲ့ကြောင်း နားလည်ခဲ့ရ၊ ကျေးဇူး မှော်။ အီလည်လ်ညမျက်နှာပေးနဲ့ မှော်လေးတွေကိုကြည့်လို့ ကြိတ်ငိုခဲ့မိကြောင်း သိသူရှိကောင်းရှိနိုင်ပေမယ့် ကိုယ့်အမူယာ ပိရိတယ် ထင်ပါရစေ။
တတာ…။
ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါမှန်းမသိတဲ့ သက်ပြင်းရှိုက်သံနဲ့အတူ တစ်စုံတစ်ခုကို ကျေနပ်ခဲ့ရ။ မျက်ရည်ဖြူတွေ ဝေါခနဲ သွန်ကျမလာဖို့ တားဆီးရင်း တသိမ့်သိမ့်ကြည်နူးနေမှုကို တားမရခဲ့ဘူး။ သံယောဇဉ်အဖြူနဲ့ခွဲခွာခြင်း အမုန်းတရားမရှိဘူး၊ ပြီးဆုံးသွားမယ့်အတွေးမရှိဘူး။ ကမ္ဘာတည်သရွေ့တည်ရှိနေမယ့်အရာ.. ဒါ သံယောဇဉ်ပေါ့။
မှတ်မိသေးတယ်။ သူ့အလိုတော်အရကို နာကျင်စေတတ်တဲ့ ချစ်ခြင်းတရား၊ ခွဲခွာရခြင်းမှာ ရင်တစ်ခုလုံး ဆို့နင့်နေတာများ ကိုယ့်စိတ်တစ်ခုလုံး ဦးနှောက်ရဲ့ ထိန်းချုပ်မှုအောက်က လွတ်ထွက်တော့မတက်။ ရင်ကို တဆစ်ဆစ်ကျဉ်တက်စေခဲ့တဲ့ ခွဲခွာခြင်းကို သတိတရ လွမ်းဆွတ်မိရင်း ကျေကျေနပ်နပ်ကြည်ကြည်နူးနူးပြုံးမိလိုက်တယ်။
ချစ်ခြင်းတရားနဲ့ သံယောဇဉ်ရဲ့ အကွာအဝေးကို ကိုယ်ဖမ်းမိပြီပဲ လို့။
---++++--------------------------------------------
အိပ်မက်တွေ ပြည့်စုံဖို့ ခဏတော့ ခွဲခွာပါရစေ၊ စိတ်ကူးတွေ ပြည့်စုံဖို့ ခဏတော့ ခွဲခွာပါရစေ၊ ဘဝလှေ လမ်းမမှားဖို့ ခဏတော့ ခွဲခွာပါရစေ။ ဆန္ဒတွေ ပြည့်စုံဖို့……… ခဏတော့…. ခွဲခွာပါရစေ။
ခွဲခွာခြင်းကိုတွေးလိုက်တိုင်း ရစ်ဝဲတက်လာတဲ့ မျက်ရည်တွေကို ကိုယ် မထိန်းချုပ်တတ်ခဲ့ဘူး။ အလွမ်းဖြူတွေကို ကြိုတွေးလိုက်တိုင်း ရင်ထဲမှာ တစိမ့်စိမ့်ကျဉ်တက်လာတတ်တယ်။ ကိုယ်ချိုးချင်တဲ့နေရာ ချိုးလို့မရတတ်တဲ့ ဘဝဖဲထုပ်မှာ ကိုယ်က ဂျိုကာလို အပြုံးလေးဆောင်ဖို့လည်း မေ့လျော့တတ်သူ၊ စိတ်တစ်ခုလုံး လွတ်လွတ်လပ်လပ် အရှိကိုအရှိအတိုင်း နေပေးလိုက်တယ်။ ကိုယ်ဆိုတာ ကလေးဆန်ဆန် စိတ်ထား ပျော့ညံ့တဲ့ ကလေးတစ်ယောက် ပါ လို့။ ကိုယ်က ရင့်ကျက်မှုလျော့နည်းနေသေးတဲ့ ကလေးငယ်တစ်ယောက်ပါ လို့။
“တွေ့စတုန်းကလောက် ခင်ချင်စရာ မကောင်းတော့ဘူး” တဲ့။ ကိုယ့်ရင်မှာ ထိတ်ခနဲပဲ။ ဒါပေမယ့်လည်းလေ ဒီတစ်နေ့တော့ စိတ်လွတ်ကိုယ်လွတ် နေလိုက်ပါရစေ။ ဒီတစ်နေ့ပေါ့။ ဒီတစ်…နေ့..ပေါ့။
ကိုယ်က သိပ်ပြီး စိတ်ဓါတ်ကြီးကျယ်သူမဟုတ်ကြောင်း ပြသရဦးမယ်။ ကိုယ်က လူကောင်းကြီးမဟုတ်ောကာင်း ပြသရဦးမယ်။ ကိုယ်က စိတ်သဘောထား မာကြောရိုင်းပြကြောင်း ပြသရဦးမယ်။ ကိုယ်က ကိုယ့်အကြောင်းကိုယ် အခွံတွေ ဖုံးဖု့းအုပ်အုပ်နဲ့ စိတ်သဘောထားကြီးမြတ်ကြောင်းပြသထား၊ သည်းညည်းခံတတ်တဲ့အကျင့်ရှိကြောင်း ပြသထား၊ နူးညံ့သိမ်မွေ့တဲ့ဟန်နဲ့ စိတ်သဘောထား လှပကြောင်း ပြသထား။ ဒါ ကိုယ့်မှော်တွေအတွက် သရုပ်မှန်မဟုတ်ဘူး။ ကိုယ့်သရုပ်မှန်ကို ကိုယ့်မှော်လေးတွေ မြင်ခွင့်ရှိသင့်တယ် ဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ် လွှတ်ချထားလိုက်တယ်။ ကိုယ်က ကလေးဆန်တဲ့ စိတ်သဘောထားနဲ့ မရင့်ကျက်သေးတဲ့ ငတိလေးပေါ့။ ကိုယ်က မရင့်ကျက်တဲ့ စိတ်သဘောထားနဲ့ သည်းညည်းမခံတတ်တဲ့ ဂျစ်ပစီပေါ့။ ကိုယ်က ဂျစ်ကန်ကန်နှလုံးသားနဲ့ အဖြူဆန်ဆန်လေးတွေဆိုသိပ်ချစ်မြတ်နိုးတတ်တာပေါ့။ ဒါ့ကြောင့်ပဲ ကိုယ့်မှော်လေးအတွက် သရုပ်မှန်အစစ်ကို ထုတ်ပြဖို့ လိုအပ်ခဲ့။
သိလား ကိုယ်က သိပ်ကြီးကျယ်တတ်တဲ့ ဂျစ်ပစီ၊ သိလား ကိုယ်က သိပ်ပြီး ပျင်းရိတဲ့ ငတိ၊ သိလား ကိုယ်က ဝမရှိပဲ ဝိ လုပ်တတ်တဲ့ သစ်ပင်၊ သိလား ကိုယ်က အိပ်မက်တွေမက်ပြီး တံတားထိုးဖို့ မေ့နေတဲ့ ငလှောင်။
“အိပ်မက်ဆိုတာ
တံတားထိုးသူသာ ဖြတ်ခွင့်ရတဲ့ မြစ်တစ်စင်း
တံတားမခင်းပဲ အိပ်မက်တွေ အခါခါမက်နေရင်
ပိုးသာကုန်မောင်ပုံစောင်းမတတ်ပေါ့”
ကိုယ့်အသိကိုယ့်တရားမှာ ဆင်ခြင်ဥာဏ်တွေနဲ့၊ ဒါပေမယ့်လည်း စိတ်လိုလိုက် စိတ်မိုက်နောက်လိုက်နေခဲ့တုန်း။ ကိုယ်ပျောက်နေတဲ့ လမ်းဟာ ကိုယ်ကိုယ်တိုင် ဖျောက်ချထားတဲ့ လမ်းပဲ။ ကိုယ်လျှောက်နေတဲ့ လမ်းဟာ ကိုယ်ရှာဖွေနေတဲ့ လမ်း၊ စမ်းတဝါးဝါးနိုင်လွန်းလှတယ်။ ခု ပျောက်နေတဲ့ လမ်းနောက် တကောက်ကောက်လိုက်ရင်း ခဏခွဲခွာခွင့်ပေးပါ။ ခဏတော့ ခွဲခွာခွင့် ပေးပေါ့။
အခိုးအငွေ့တွေ ထွက်နေတဲ့ မျက်ဝန်းတွေမှာ အဖြူရောင်သောကတွေပါတယ်။ အဖြူရောင် အလွမ်းတွေနဲ့ ကြိုတင်ပြီးလွမ်းဆွတ်နေမိခဲ့၊ ရင်တစ်ခုလုံး ဆို့ဆို့နင့်နင့်နဲ့ နှုတ်ဆကိလုက်တယ်။ တတာ။ တစ်ဘဝလုံးစာအတွက်မဟုတ်ဘူး၊ တစ်ခဏတာအတွက်ပါ။ နှုတ်ဆက်ခဲ့ပါတယ် တတာ…။
၂၀၁၄ ကို ကြိုဆိုဖို့ စိတ်ကူးထက် ၂၀၁၃ ကို နှုတ်ဆက်လိုက်ရတာ ရင်နာတယ်။ ဒီဇင်ဘာဟာ အပြုံးနဲ့အပျော်၊ ကြေကွဲမှု တွေဆတူရောစပ်ထားတဲ့ ဗော့ဒ်ကာ၊ မသောက်ရက်ပဲ တသက်စက်နဲ့ ကုန်သွားတဲ့ ဗော့ဒ်ကာ၊ သိပ်မကြာခင် ဆုံတွေ့လိုမှုနဲ့ စိတ်တစ်ခုလုံး စူးစုးနစ်နစ်ကျဉ်နေတယ်။
စိတ်လွတ်ကိုယ်လွတ် နေမိတဲ့ညနေမှာ စိတ်တစ်ခုလုံး စူးစူးနစ်နစ် ကျဉ်နေခဲ့ကြောင်း ဘယ်သူ့ကိုမှ အသိမပေးရက်ခဲ့…။ နှုတ်ဆက်လိုက်ပါတယ် ၂၀၁၃ရေ၊ နှုတ်ဆက်လိုက်ပါတယ် မှော်ကလေးတို့.. ရေ။
နှုတ်ဆက်လိုက်..ပါတယ်။ကိုယ့်အိပ်မက်တွေအတွက် တံတားခင်းလိုက်ဦးမယ် တတာ။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်