“ကယ်တင်ရှင်”
အိပ်သည်။
ကျွန်တော် အိပ်နေသည်။ ရိုးရိုးတန်းတန်းအိပ်နေခြင်းမဟုတ်ပါပဲ အိပ်မက်တောကြီးထဲတွင် လှည့်လည်နေထိုင်ရင်း
အိပ်နေသည်။ နိုးထဖို့မည်သို့ပင် အားယူပါစေ၊ နိုးထဖို့ မတတ်နိုင်ခဲ့။ အိပ်မက်၏ ဖြားယောင်းမှုတွင်
ပါသွားရကာ မျက်လုံးဖွင့်ဖို့ မစွမ်းသာတော့။
ဟုတ်၏။ကျွန်တော်
အိပ်နေသည်။ ကျွန်တော့်မျက်ခွံသည် လက်ရှိအချိန်တွင် မ ရ အခက်ဆုံးသော နံရံကြီးဖြစ်လာသည်။ မည်သည့် ဝန်ချီစက်နှင့်မျှ
မ မ နိုင်တော့။ မျက်ခွံတစ်ဖက်ကိုအသာအယာ မ ကြည့်သည်။ တုတ်တုတ်မျှမရွေ့။ ငါ ထ သင့်ပြီဟူသည့်အသိဖြင့်
နောက်တစ်ခေါက်ကြိုးစားသည်။ သို့သော် ဆံချည်တမျှင်စာမျှတောင် ကြွတက်မလာခဲ့။ အိပ်စက်ခြင်းတွင်
ဖြားယောင်းမှုရှိကြောင်း သိလိုက်ရ၏။ မျက်ခွံကို မ ရန်ကြိုးစားနေသော ကျွန်တော့်အား ချိုမြိန်သာယာသော
အိပ်မက်သည် အနံ့အသတ်အရိပ်အငွေ့ပေးလေပြီ။ ထိုအနံ့၊ ထိုအရိပ်နောက်သို့ လိုက်ချင်စိတ်ကို
ထိန်းနေရသည့်အရသာ။ သေချာသည်။ ဒီမျက်ခွံကို ဆက် မ ဖြစ်မည်ဟု ကျွန်တော် အာမ မခံနိုင်တော့။
မျက်ခွံတို့အား ခေတ္တအနားပေးရန် ဆုံးဖြတ်ချက်ခြင့် မ ဖို့ကြိုးစားနေသည့် စိတ်အား လျှော့ချလိုက်သည်။
ထိုအခါ စိတ်သည် အိပ်မက်နောက်သို့ ကောက်ကောက်ပါအောင် လိုက်လေတော့၏။ ထိုသို့ဖြင့် မျက်ခွံကိုမရန်
ယာယီမေ့ပြန်လေ၏။
လူတို့၏
စိတ်ကား ထူးဆန်းလှသည်။ အိပ်မက်ဆိုး မှန်းသေချာနေခဲ့လျှင် ဒါအိပ်မက်ဆိုး၊ ဟု တွေးရင်း
မရမက ရုန်းထွက်မှ ကြောက်ရွံ့နေရသည့် စိတ်ခံစားချက်က လွတ်မြောက်မည်ကိုသိ၏။ ထို့အတူ ကြိုးလည်းကြိုးစားနိုင်၏။
သို့သော် မူးယစ်ဖို့ကောင်းသော အိပ်မက်ချိုချိုလေးများတွင်မူ ပြင်ပ အနှောင့်အယှက်မပါပဲ
တော်ရုံတန်ရုံ အိပ်ယာမှနိုးထဖို့ဆိုသည်မှာ ခက်ခဲလှသည်။
ယခု
ကျွန်တော် အိပ်နေသည်။ ထို့အတူ ရုန်းထွက်ဖို့လည်း ခက်နေသည်။ အိပ်စက်ခြင်းတွင် အဆိပ်ရှိပါသလား။
အဆိပ်မိ၍များ အိပ်မက်ကို အလိုရှိနေလေသလား။မသေမချာ အတွေးများစွာကို ဆက်လက်မတွေးနိုင်တော့။
အိပ်မက်၏အရိပ်အငွေ့နောက်သို့ လိုက်နေရသည့် ခံစားချက်ကို မိအောင်ဖမ်းနေမိသည်။ ရင်ခုန်သည်။
ကြည်နူးသည်။ ပျော်ရွှင်သည်။ ဒီအိပ်မက်တွင် ကျွန်တော်သာ ဘုရင်ဖြစ်သည်။ ဒီအိပ်မက်တွင်
ကျွန်တော်သာ အခရာ ဖြစ်သည်။ ဒီအိပ်မက်တွင် ကျွန်တော့်ဆုံးဖြတ်ချက်ကို အားလုံးက နာခံကြရမည်ဖြစ်သည်။
ဟိုးယခင်က
ကျွန်တော်တွေးခဲ့ဖူးသည်။ အိပ်မက်ဆိုသည်မှာ လူက ဆက်မက်ချင်မှ မက်ခွင့်ရသည့်အရာ ဟုပင်။
လူက စိတ်ကို ခိုင်းစေကာ ထမည် ဟု ဆုံးဖြတ်လိုက်ရုံနှင့် ထိုအိပ်မက်သည် တစ်ဝက်တစ်ပျက်ကျန်ခဲ့သည်ဟုပင်။
သို့သော် ယနေ့တော့ ကျွန်တော် ထိုအတွေး မှားမှန်းသိပြီဖြစ်၏။ ကျွန်တော် အိပ်မက်က နိုးထချင်သော်လည်း
အိပ်မက်၏ ဖြားယောင်းမှုမှ ရုန်းမထွက်နိုင်သေး။ အိပ်မက်၏ ဖြားယောင်းရာသို့ တကောက်ကောက်လိုက်နေရသည်။
အိပ်မက်ဟု သတိပေးရင်း ထဖို့ကြိုးစားသည့်အခါတိုင်းတွင် မျက်ခွံသည် ငြင်းဆန်မြဲ။
အိပ်မက်ကို
ရေမြွေဟု တွေးထားမိခဲ့သူ ကျွန်တော့်အတွက် အိပ်မက်သည် ယနေ့တော့ ပါးပျဉ်းထောင်လေပြီ။
ကျွန်တော် မည်ကဲ့သို့ နိုးထရမည်နည်း။
ယခု
ကျွန်တော်ရောက်ရှိနေသော အရာသည် အမှန်တကယ် အိပ်မက်ကော ဟုတ်ပါရဲ့လား။ လောက အတုအယောင်ကော
မဖြစ်နိုင်ဘူးလား။
ကျွန်တော်
ရောက်ရှိနေသော နယ်ပယ်တွင် လူတွေရှိသည်။ တစ်ယောက်နှင့်တစ်ယောက် ပြုံးပြကြသည်။ တချို့က
သူစိမ်းများကဲ့သို့ ကိုယ့်လမ်းကိုယ်သွားကြသည်။ ပြုံးပြကြသူများသည်လည်း ကိုယ့်လမ်းကိုယ်
သွားကြသည်သာ။ သို့သော် အားလုံးတွင် တူညီနေသည့်အချက်က ဒီနယ်မှ ထွက်မပြေးလိုသည့်အချက်ပင်ဖြစ်၏။
ထိုအချက်သည် မျက်နှာများကိုကြည့်ရုံမျှနှင့် ပေါ်လွင်နေသည်မဟုတ်ပါလား။
ကျွန်တော်ကော။
ယခုနယ်တွင်ရောက်ရှိနေရသည့်
ကျွန်တော့်အတွက် အလုပ် လုပ်စရာမလို။ ကျွန်တော်သည် သူဌေးကြီးတစ်ဦး ဖြစ်နေနိုင်သည်။
နိုင်ငံကျော်အဆိုတော်တစ်ဦးဖြစ်နေနိုင်သည်။ ထို့ပြင် ကျွန်တော်ကသာ သူတပါးကို အမိန့်ပေးစေခိုင်းနိုင်ပြန်သေးသည်။
ပြင်ပကမ္ဘာအစစ်လို ဟန်ဆောင်ပြုံးပြနေစရာမလိုတော့။ လူမှုဆက်ဆံရေးဟူသည့်အရာကြီးကို မေ့ထားနိုင်ပြီဖြစ်၏။
ခေါင်းထဲမှတရိပ်ရိပ်တက်လာသော
နှစ်သက်ကြည်နူးဖွယ် ခံစားချက်ကြောင့် အိပ်မက်မှ နိုးထဖို့ ပို၍ပင် မကြိုးစားချင်ဖြစ်သွားရသည်။
ပြင်ပကမ္ဘာတွင် လက်ရှိအချိန်မျိုးမှာဆို စိတ်ခံစားချက်အထွေထွေနှင့် ဗျာများနေရမည်ဖြစ်၏။
ဇာတ်လမ်းကြည့်ပြီး ငိုချင်ငိုနေနိုင်သည်။ ဘေးအိမ်မှမိန်းမစကားနားထောင်ပြီး သူ့ကို မျက်မုန်းကျိုးချင်ကျိုးနေနိုင်၏။
သို့မဟုတ် ကျွန်တော့်အလုပ်အတွက် စဉ်းစားရင်း စိတ်တို့ ပင်ပန်းချင် ပင်ပန်းနေနိုင်သည်။
သို့မဟုတ် သူငယ်ချင်းများနှင့် ဖုန်းပြောရင်း ဟေးလားဝါးလား နေချင်နေ နေပါလိမ့်မည်။
ထိုနှစ်သက်ကြည်နူးဖွယ်ခံစားချက်ကို
အိပ်မက်၏ အဆိပ်ဟု သတ်မှတ်ချင်သည်။ ထိုအိပ်မက်၏ အဆိပ်ကို အသေအချာ စဉ်းစားကြည့်လိုက်တော့
ထိုင်းမှိုင်းလေးလံခြင်းပင်ဖြစ်၏။ အိပ်မက်သည် သူ၏ဖြားယောင်းမှုနောက်သို့ရောက်လာသူကို
ထပ်မံ၍ ထိုင်းမှိုင်းလေးလံခြင်း ဟူသော အဆိပ်ကို ကျွေးသည်ဟု မှတ်သားလိုက်မိတော့ အထိတ်တလန့်နှင့်
ရုန်းထွက်ဖို့ သတိရမိပြန်သည်။ ကျွန်တော် အဆိပ်မမိချင်ပါ။ မျက်ခွံပေါ်သို့ စိတ်မှ မြင်အောင်ကြည့်လိုက်ရင်း
ဒါအိပ်မက်၊ ဒါအိပ်မက်ဟု တွေးရင်း ထဖို့ခိုင်းလိုက်သည်။ သို့သော်အံ့သြဖို့ကောင်းစွာပင်
မျက်ခွံသည် တည်ငြိမ်နေသည်။ အနည်းငယ်မျှရွေ့ဖို့ကိုပင် အလိုမရှိသည့် ကျောက်ဆောင်ကဲ့သို့
အိနြေ္ဒသိက္ခာ ကြီးမားပြနေသည်။ “ဟေ့ ငါ အလုပ်ကြွေး တွေ လုပ်ရဦးမယ်ကွ နားရက်ပေမယ့် အိပ်လို့မရဘူး”
ဟု လှမ်းပြောလိုက်သော်လည်း မျက်ခွံသည်ကား တုတ်တုတ်မျှမလှုပ်။
ဖြားယောင်းသည်။
နူးညံ့သိမ်မွေ့သော ခံစားချက်တစ်ခု ထပ်မံဝင်ရောက်ကာ ဖြားယောင်းပြန်ပါသည်။ ငါ ပြန်မသွားဘူးဟု
စိတ်တင်းကာ မျက်ခွံကို ဖွင့်ရန်ခိုင်းနေမိသော်ငြား အားတို့က ပျော့လာပြန်ပါပြီ။ ဘုရားရေ၊
အိပ်မက်ရဲ့ဖြားယောင်းဒဏ်ကို ခံနိုင်တဲ့ သူရှိပါ့မလား ဟု အထိတ်တလန့်ရေရွတ်မိရင်း အိပ်မက်နောက်သို့
ကောက်ကောက်ပါအောင် လိုက်မိတော့သည်။ ဟုတ်သည်။ ကျွန်တော် အိပ်နေမိသည်မှာ ဘယ်နှစ်နာရီရှိပြီလဲ
ကျွန်တော်မသိတော့။ည အိပ်ကတည်းက ယနေ့မနက်ထိ မနိုးသေးတာ ဖြစ်သည်။ ဒီချိန်ဆိုလျှင် နေ့လယ်လား၊
ညနေလား ကျွန်တော် မသဲကွဲတော့။ ကျွန်တော် အိပ်မက်၏ အကျဉ်းချထားခြင်းကို စိတ်လိုလက်ရ
လက်ခံနေရပြီဖြစ်၏။
(-)
ထူးဆန်းသည်။
အိပ်မက် မှ ပေးသော ရသတို့ အနည်းငယ် လှုပ်ခါသွားသည်ဟု ခံဟားမိသည်။ အိပ်မက်မှ ရုန်းထွက်သင့်ပြီဟု
တစ်စုံတရာကကျွန်တော့်ကို သတိပေးနေသလို ထင်ရ၏။ ထိုအရာသည်မည်သည့်အရာဖြစ်သလဲ ဟု ကျွန်တော်မသိပါ။
သို့သော် ကျွန်တော့်အတွက် ကယ်တင်ရှင်ဟု သတ်မှတ်လိုက်မိသည်။ လျှို့ဝှက်သည်းဖို တရုတ်သိုင်းဇာတ်လမ်းများထဲကလိုပင်
ကျွန်တော့်အတွက် ကိုယ်ရံတော် ဟု သတ်မှတ်ရင်း အိပ်မက်မှ နိုးမထနိုင်သည့်အတူတူ ထိုကယ်တင်ရှင်၏
စကားသံနောက်ကို မရမကလိုက်နေမိ၏။ ကယ်တင်ရှင်နှင့် ရုန်းထွက်လိုသူ မျက်နှာချင်းဆိုင်မိသည့်အခါ
အိပ်မက်သည် သူ့အဆိပ်ကို ထိန်းမထားနိုင်တော့။ သူ ပေးသည့် ထိုင်းမှိုင်းလေးလံခြင်းတို့
သည်လည်း လေထုတွင် ပျောက်ကွယ်လေပြီ။
ကျွန်တော့်ကို
အိပ်မက်မှ ကယ်တင်ပေးခဲ့သော ကယ်တင်ရှင်မှာ “အစာအိမ်နံရံမှ ထုတ်လွှတ်လိုက်သည့် ဆာလောင်ခြင်း”
ဟူသည့် ခံစားချက်ပင်ဖြစ်သည်။
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်