Friday, 27 September 2013

မိန်းမသားအချစ်


“မိန်းမသား အချစ်”
သူနဲ့ ကျွန်မနဲ့ ခင်မင်တာကြာပါပြီ။ ဟိုးတလောကမှ စကားပြောရင်းသတိထားမိတာ သူ့လေသံ၊ သူ့အတွေးတွေဟာ ယောက်ျားဝါဒီဆန်နေပါ့လား ဆိုတာပါပဲ။ ဟင့်အင်း။ ကျွန်မ ဘာမှ မဖြစ်ပါဘူး။ ကျွန်မ ဘာဖြစ်ရမှာလဲ။ သူနဲ့ ကျွန်မဟာ အရိုးသားဆုံးအရှင်းသန့်ဆုံး ခင်တဲ့သူတွေ။ ကိုယ်ခင်တဲ့သူတစ်ယောက်ဟာ ဒီလိုလူပါ့လား ဆိုတဲ့အသိကလွဲလို့ ကျွန်မအတွက် ဘာမှ ထူးခြားဆန်းကြယ်မလာပါဘူး။ ဒါပေမယ့် တွေးမိတဲ့ အတွေးတစ်ခုက ယောက်ျားဝါဒီတစ်ယောက်ယောက်ကိုသာ ချစ်သူတော် ခဲ့မိရင် ဆိုတဲ့အတွေးလေးပါပဲ။ ဟုတ်တယ။် အိုး ကျွန်မ သိပ်ကြောက်တာပဲ။ မဟာဖိုဝါဒီကြီးတစ်ယောက်ယောက်ကိုသာ ချစ်သူ အဖြစ်တော်ခဲ့မိလို့ရှိရင် ကျွန်မ ဘဝပျက်သွားမလားပဲ။


ကျွန်မတို့ မိန်းမသားတွေက သိပ် ချစ်တတ်ကြတယ်။ အဲဒါကို သူတို့ယောက်ျားသားတွေက အတ္တကြီးစိုးတဲ့ အချစ်လို့ ခေါ်ကြသတဲ့။ လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ သူ့အတွေးမှာ တွေးနေတဲ့ အတွေးမျှင်လေးမှာ ဘယ်သူပါလဲဆိုတာကို မိုက်ခရိုစကုပ်နဲ့ ကြည့်လို့ မြင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ ဆိုတဲ့အတွေးထိ ကျွန်မတို့ မိန်းမသားတွေက သိပ်တွယ်တာတတ်တယ်။ သူတစ်နေရာရာကိုသွားသလား။ ဘယ်ဖိနပ်လေးစီးသွားသလဲ။ သူ့ခြေသန်းလေးမှာ ဖုန်လေးများ ကပ်နေမလား။ အမြင်စူးရှတာမဟုတ်ပဲ၊ တကူးတကမကြည့်ပဲနဲ့ ကို နှလုံးသားက သတိထားမိတတ်တာတွေပေါ့။
ချစ်သူ စားနေတဲ့ ထမင်းဟာ အဖြူရောင် ဖြစ်တယ်ဆိုတာသေချာနေရဲ့သားနဲ့ ဘာရောင်လဲ တကူးတကဆန်းစစ်ကြည့်လိုက်သေးတယ်။ ချစ်သူ့ဘေးက ကောင်မလေးတွေဟာ ချစ်သူနဲ့ ဘာတော်လဲ သိချင်ရက်နဲ့ မမေးပဲ မြိုသိပ်ထားကြရတယ်။ ချစ်သူပြောလိုက်တဲ့ စကားတစ်ခွန်းဟာဘယ်ဘက်ကို အရောင်သမ်းသလဲ တကူးတက လိုက်ရှာမိသေးတယ်။

ကျွန်မရဲ့ သူငယ်ချင်း ခဏခဏပြောတတ်တယ်။ ဘာတဲ့။ မိန်းမတွေမှာ မိန်းမ အတွေးပဲရှိမှာပေါ့ တဲ့။ မိန်းမသားတွေရဲ့ ဘဝပေး ကိုက အားနွဲ့တဲ့ သဘောရှိလို့ အမှီခံချင်သူပေါများသတဲ့။ တစ်နေ့တစ်နေ့ကြားနေရတဲ့ သူ့ဝါဒတွေမှာ ကျွန်မ ပြုံးပဲနေတတ်ခဲ့တယ်။ ဟုတ်တယ်။ မိန်းမသားတွေ အားနွဲ့တယ်။ ဒါပေမယ့် ဒီခေတ်ကြီးမှာ မိန်းမသားတွေရဲ့ အားနွဲ့မှုဟာ အတိုင်းအတာတစ်ခုထိရောက်အောင် လျော့နည်းနေခဲ့ပြီဆိုတာ ကျွန်မသူငယ်ချင်း မေ့နေခဲ့တယ်။ မိန်းမသားတွေဟာ ခန္ဓာကိုယ်နွဲ့နွဲ့နှောင်းနှောင်းနဲ့ ခွန်အားရှိချင်မှ ရှိနိုင်မယ်။ ဒါပေမယ့် တကယ်ထမင်းငတ်လို့များ အလုပ်တစ်ခုခုကို ရှာဖွေရပြီဆိုရင် သမ္မာအာဇီဝကျကျ မရှက်မကြောက်ရှာဖွေတတ်သူဟာ ကျွန်မတို့ မိန်းမသားတွေ ထိပ်ဆုံးကပဲ။ မိန်းမတွေမှာ မိန်းမအတွေးပဲရှိတယ် တဲ့။ မှန်တာပေါ့။ မိန်းကလေးတွေဟာ များသော အားဖြင့်ကို တွေးနေတတ်ကြတာလေ။ အရာရာဟာ တည်မြဲခြင်းမရှိဆိုတဲ့သဘောတရားကို ကျွန်မတို့ မိန်းမသားတွေက အသွေးအသားထဲ၊ နှလုံးသားထဲ၊ ဦးနှောက်ထဲမှာ မွေးကတည်းက သင်လာခဲ့ရပြီးသား။

ဒီကြားထဲခေတ်ကြီးကခက်တယ်။ ကိုယ့်ချစ်သူတစ်ယောက်ရှိလို့များ သူ့သိက္ခာကိုယုံကြည်ပါတယ် သွားမတွေးနဲ့။ သိက္ခာဘယ်လောက်ခိုင်ခိုင် မထင်မှတ်တဲ့ အဖြစ်အပျက်တွေနဲ့ ချစ်သူကို  လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မိန်းမသားတွေ ဘယ်လောက်များသလဲ ကျွန်မတို့အသိဆုံး။ ခေတ်ကြီးက မေတ္တာငတ်လာတယ်။ မေတ္တာငတ်တဲ့ မိန်းမသားတချို့ဟာ ဒီယောက်ျားသားရဲ့ နောက်ခံအကြောင်းအရာထက် သူတို့ကို မေတ္တာပေးနိုင်ရင် ပြီးတာပဲ ဆိုတဲ့အတွေးထိ တွေးလာတတ်ကြတယ်။ မျက်ကန်းချစ်လာတတ်ကြတယ်။ ဒါ့ကြောင့်ပဲ ကျွန်မတို့ မိန်းမသားတွေမှာ ချစ်သူကို အမြဲတမ်းစစ်ဆေးရေး ဝင်နေရတော့တာပါပဲ။ အဲဒီလို စစ်ဆေးရေးဝင်နေရတာကိုက ဘယ်လောက်ထိ ပင်ပန်းသလဲဆိုတာ ကျွန်မတို့ မိန်းမသားတွေပဲ သိမယ်ထင်ပါရဲ့။ ယောက်ျားသားတွေအတွက်ကတော့ ကိုယ့်ချစ်သူကို ဒီလောက်ကလေးမှ နားမလည်ဘူးလား ဆိုတဲ့ ငြူစူစကားတွေနဲ့ စိတ်အချဉ်ပေါက်ခြင်း ဆိုပြီး ခေါင်းစဉ်တပ်ပေါက်ကွဲကြတော့တာပါပဲ။
သနားတယ်။ သိပ် သနားတယ်။
ယောက်ျားဝါဒီဆိုတဲ့ သူငယ်ချင်းကိုလည်း သနားတယ်။ ကျွန်မတို့ မိန်းမသားတွေကိုလည်း သနားတယ်။ ယောက်ျားဝါဒီကို ရှေ့တန်းတင်ပြနေတဲ့ ကျွန်မရဲ့သူငယ်ချင်းဟာ အသဲခဏခဏကွဲဖူးတယ် ဘယ်လိုပြောပြော တကယ်မှ မချစ်တတ်ခဲ့ဖူးပဲ။ အချစ်ဆိုတာကလေ နားလည်မှုတွေနဲ့ပဲ တည်ဆောက်တာမှမဟုတ်ပဲလေ။ သဝန်တိုတာရှိမယ်။ ညှိနှိုင်း ရတာရှိမယ်။ ယုံကြည်မှု ရှိမယ်။ နားလည်မှု ဆိုတဲ့ နားလည်ပေးမှု ရှိရမယ်။

ယောက်ျားတွေရဲ့ အချစ်က သူတို့ကို ချုပ်ချယ်လိုက်ပြီဆိုတာနဲ့ ဟာ ဒါ ဘာသဘောလဲ ချက်ချင်းတွေးတတ်ကြပြီး စိတ်ကျဉ်းကျပ်လာကြတယ်။ ချစ်သူက သိချင်လို့ ဘယ်သွားနေတာလဲ မေးတဲ့ မေးခွန်းမှာတောင် ငါ့ကို စစ်ဆေးတယ်မေးမြန်းတယ်ဆိုတဲ့အတွေးကို မကျေမနပ်တွေးတယ်။ ကျွန်မရဲ့  သူငယ်ချင်း ခဏခဏပြောတဲ့ သူ့ကောင်မလေးတွေ က နားလည်မှုမရှိဘူး တဲ့။ သဘောထား ကြီးသင့်သလောက် မကြီးဘူးတဲ့။  သူ့ရဲ့ ဦးနှောက်နဲ့ နှလုံးသားအချိုးချထားတဲ့ ချစ်ခြင်းတရားကိုကြည့်ပြီး ကျွန်မ ရယ်ပဲ ရယ်ချင်တော့တယ်။ ဟုတ်တယ်။ ယောက်ျားတွေက အချစ်ကို နှလုံးသားနဲ့ ဦးနှောက် အချိုးချပြီး ခံစားတယ်။ သူတို့ချစ်ပါတယ်ဆိုတဲ့ မိန်းမသားမှာ သူတို့ဦးနှောက်က မနှစ်သက်တဲ့ အမူအကျင့်ရှိမယ်ဆိုရင် ပြင်ပေးဖို့ထက် လမ်းခွဲဖို့ပဲ ဦးဆုံးစဉ်းစားတတ်ကြလေရဲ့။ မိန်းမသားတွေကတော့ နှလုံးသားတစ်ခုလုံး ပုံအောပြီး ခံစားပစ်တယ်။ ရှုံးတယ်။ အချစ်ကိုသာ အရှုံးအမြတ်တွက်ကြကြေးဆို ကျွန်မတို့ မိန်းမသားတွေ ရှုံးတယ်။ ကျွန်မတို့ မိန်းမသားတွေက ကိုယ်တစ်ရံခါမှ မကြိုက်ဖူးတဲ့ အမူအကျင့်ကိုတောင် ချစ်သူ့အတွက်ဆို ပြောင်းကြိုက်တတ်ကြတယ်။ ကျွန်မ တစ်ခါမှ မကြိုက်ဖူးခဲ့တဲ့ လက်သည်းဆိုးခြင်းဓလေ့ဟာ ချစ်သူလက်သည်းလေးတွေမှာ အရောင်ဆိုးထားတာမြင်လိုက်ရတဲ့အခါ ရင်တွေ တဒိတ်ဒိတ်ခုန်ပြီး တစိမ့်စိမ့်ငေးကြည့်ချင်နေခဲ့သလိုပဲ။ မိန်းမသားတွေဟာ အချစ်ကို ချစ်နေဖို့ပဲ လိုအပ်တယ်လို့ ရူးရူးမိုက်မိုက် ယူဆ ထားတတ်ကြတယ်။
ဟုတ်တယ်။ ကျွန်မသူငယ်ချင်းကို ကျွန်မ လက်ညိုးထိုးပြီးကို ပြောပစ်လိုက်ဦးမယ်။ “နင်တကယ် မချစ်တတ်သေးပါဘူး” လို့လေ။  အချစ်ဆိုတာကလေ ချစ်သူ့အသံလေးများ ကြားနေရရင် ကိုယ်ကိုယ်တိုင် စကားမပြောချင်လောက်အောင် သူ့အသံမှာ ပျော်ဝင်မိတတ်တဲ့အဖြစ်မျိုး။ အချစ်ဆိုတာကလေ ချစ်သူများ ပြုံးနေရင် သူ့မျက်နှာကလွဲလို့ တခြားဘယ်နေရာကိုမှ မျက်နှာမလွှဲချင်တဲ့ အဖြစ်မျိုး။ သဝန်တိုမှုလား။ ရှိတာပေါ့။ အချစ်မှာ သဝန်တိုမှုမှမရှိရင် အဲဒါ အချစ်ဟုတ်ရဲ့လား ပြန်စဉ်းစားသင့်တယ်။

သာမန်ခင်မင်မှုမျိုးမှတောင် တော်တော်လေးသံယောဇဉ်ရှိသွားတဲ့ သူငယ်ချင်မျိုးဆိုရင် ဘယ်သူ့ကို ပိုခင်လဲ သိချင်တတ်ကြတာမျိုးမဟုတ်လား။ ၅၂၈ မဟုတ်တဲ့ ၁၅၀၀ အချစ်မှာ သဝန်တိုမှုဟာ ပိုပြီးကို ပူပူပြင်းပြင်းရှိခဲ့တယ်။ သူပြောနေတဲ့ ဖုန်းမှာ တစ်ဖက်ကပြောနေသူဟာ ကောင်မလေးလား၊ ကောင်မလေးဆို ဘယ်တုန်းကတည်းကသိတာလဲ၊ ကောင်မလေးနာမည် ဘယ်လိုခေါ်လဲ အို စိတ်တွေဝုန်းဒိုင်းကျဲနေရတာပါပဲ။ လမ်းတွေ့လို့  ပြုံးပြနှုတ်ဆက်သူဟာ မိန်းကလေးသူငယ်ချင်းဆို ဘယ်တုန်းကတည်းကခင်တယ်ဆိုတာ သိချင်တာ သဘာဝပဲ။ ကျွန်မကတော့လေ ချစ်သူ့အပြုံးမှာ နာကျင်ကြေကွဲမှုပါရင်တောင် ကိုယ့်အတွက်မဟုတ်ပဲ တခြားတစ်ယောက်ကြောင့် နာကျင်ကြေကွဲရတဲ့အတွက် သဝန်တိုတယ်။
အိုး အံ့သြလိုက်တာရှင်။ ကျွန်မသူငယ်ချင်းက သူ့ချစ်သူရဲ့သဝန်တိုခံရခြင်းမှာ ဒေါသထွက်နေသတဲ့။ ကျွန်မသူငယ်ချင်းက သူ့ချစ်သူရဲ့  အမေးစကားတွေမှာ လေသံမာတာကို ဒေါသထွက်နေသတဲ့။ သူတို့နှစ်ယောက်ကို ချစ်သူ ဆိုတဲ့ စာလုံးလေးနဲ့ ချည်နှောင်ထားတဲ့ အဓိပ္ပါယ်ကို သူမေ့နေပြီ။ ယောက်ျားသားတွေအတွက်တော့မသိဘူး။ မိန်းမသားတွေအတွက်ကတော့ ချစ်သူလို့ အမည်တပ်လိုက်တာနဲ့ ကိုယ်နဲ့ပတ်သတ်စပ်ဆိုင်သမျှမှာ တစ်ဝက်တိတိသူစွက်ဖက်ခွင့်ရှိတယ်လို့ယူဆပြီး သူနဲ့ ပတ်သတ်သမျှတိုင်းမှာလည်း ကိုယ်က တစ်ဝက်တိတိဝင်ရောက်စွက်ဖက်ခွင့်ရှိတယ်လို့ ယူဆထားတယ်မဟုတ်လား။ စွက်ဖက်ခွင့်တွေမှာ လိုအပ်ချက်တွေကို ညှိနှိုင်းရမှာက နှစ်ယောက်လုံးရဲ့ လိုအပ်ချက်ပဲလေ။ နားလည်မှုရဲ့ အကျယ်ဖွင့်ဆိုချက်က တစ်ယောက်ကိုတစ်ယောက်က နားလည်ပေးရမှာ မဟုတ်ဘူးလား။

သူ့ကိုကြည့်ပြီး ကျွန်မ ရယ်ပဲရယ်ချင်နေမိတော့တယ်။ သူ ချစ်တတ်ဖို့ သူ့စိတ်တွေ စံမမီသေးဘူး။ မိန်းမသားတစ်ယောက်ရဲ့ အချစ်ခံရဖို့ စံမမီသေးခင် ချစ်သူ မရှာတာ သူ့အတွက် အန္တရာယ် အကင်းဆုံးပဲ လို့ပဲ တွေးလိုက်မိရဲ့။ ဘာတဲ့။ ဟိုတစ်နေ့ကပဲ သူပြောလိုက်တဲ့ စကားတစ်ခွန်း။ “အတ္တတွေထဲမှာ မိန်းကလေးတွေထားတဲ့ အတ္တက ပိုကြောက်စရာကောင်းတယ်လို့မြင်တယ်ဘယ်အရာကိုပဲဖြစ်ဖြစ် စတေးလိုက်ရမှာ ၀န်မလေးဘူးဆိုကတည်းကယောကျာ်းဆိုတာကို တစ်ဂူထဲအောင်းနေတယ်လို့သတ်မှတ်လို့ပေါ့။” တဲ့လေ။ ဒီအတွေးက မှန်သလို မှားလည်းမှားနေတယ်။ သူပြောတဲ့ မိုက်ရူးရဲဆန်တဲ့ အတွေးမျိုးကို မိန်းကလေးတော်တော်များများ တွေးတတ်ပေမယ့် တကယ့်ဦးနှောက်ရဲ့ လက်ကျန်အသိဥာဏ်က ထိန်းချုပ်နိုင်တဲ့အခါမှာ မိန်းမသားတွေဟာ အပြုံးတစ်ချက်မပြတ် လမ်းခွဲနိုင်ကြတယ်။ ကျွန်မတို့က နှလုံးသားတစ်ခုလုံး ပုံအောပြီးချစ်ပေမယ့် ဦးနှောက်မှာတော့ ထိန်းချုပ်နိုင်စွမ်းကို အမြဲ ပါဝါပြည့်  အားဖြည့်ထားပြီးသားလေ။

ခေတ်ကြီးက ကြားရတာ မသက်သာဘူး။ ဘာတဲ့အချစ်ကြောင့် အသဲကွဲလို့ ကိုယ့်ကိုယ်ကို သတ်သေတယ် တဲ့။ ဟင့်အင်း။ စာများများဖတ်ထားတဲ့သူဆိုရင်တော့ အဲဒီသတင်းကို ဖတ်ပြီး သူ့သေစာရင်းကို သူကိုယ်တိုင်ဖွင့်ကြည့်ရဲမှာမဟုတ်ဘူး။ တဒင်္ဂလေးကို ထိန်းချုပ်နိုင်ဖို့ပဲ လိုတာပါ။ အစာရေစာပြတ်လပ်ပြီး သေနေတဲ့ သတင်းတွေကြားမှာ အချစ်ကြောင့် ကိုယ့်ကိုယ်ကို သတ်သေခြင်းဆိုတဲ့ ခေါင်းစဉ်ကို ရွံတယ်။
ဟုတ်တယ်။ကျွန်မက မိန်းမဝါဒီတော့မဟုတ်ပေမယ့် နည်းနည်းတော့အစွန်းရောက်တယ်။ ကျွန်မရဲ့ သူငယ်ချင်းလား။ သူ ပြုံးနေတယ်။မဲ့ပြုံးနဲ့။ သူပြောသမျှ စကားတွေကို ဒီနေ့မှ ကျွန်မက တစ်လုံးတစ်စည်းတည်းချေပလို့ အံ့သြနေမယ်ထင်ရဲ့။ သေချာပါတယ်။ သူပြောဦးမယ်။ “မိန်းကလေးတွေနဲ့ စကားပြိုင်မပြောရဲပေါင်ဗျာ” လို့။ြ့ပီးရင်တော့ ထပ်ဆင့်ပြောလိမ့်မယ်။ “မိန်းမတွေကတော့ မိန်းမလိုပဲ တွေးမှာပဲ မဟုတ်လား” လို့။ ပြီး အဆုံးသတ်ကျတော့ အရှက်ပြေ ပြောဦးမယ်။ “ဒါ့ကြောင့်မို့ တစ်ယောက်တည်းနေရလည်း အေးဆေးပဲ” ဆိုပြီးတော့လေ။
သူ့ကိုကြည့်ပြီး တော်သေးတယ်၊ကျွန်မချစ်တဲ့သူကတော့ မဟာယောက်ျားဝါဒီကြီးမဖြစ်သေးပါဘူးလို့ပဲ ကြိတ်မှိတ်လျှော့တွေးနေလိုက်ပါတော့တယ်။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်