လန်းဆန်းလှပလွန်းသော ပန်းလေးတစ်ပွင့်သည် တရွေ့ရွေ့နှင့် ကျွန်မအနီးသို့ တိုးကပ်လာနေသည်။ ထိုပန်းလေးသည် ကျွန်မအတွက်လား။ သို့မဟုတ် တခြားတစ်ယောက်အတွက်လား။ နေပူထဲတွင် ရပ်စောင့်နေရသူအဖို့ ပန်းတစ်ပွင့်၏ အေးမြလက်ဆက်မှုကို ရှုရှိုက်ခွင့်ရလိုက်လျှင် လိုအပ်နေသော အေးမြမှုသည် နှလုံးသားထဲထိ တိုးဝင်သွားနိုင်လိမ့်မည်။
ထိုပန်းလေး၏ ပိုင်ရှင်သည် မည်သူ့ကို ရည်ရွယ်ပေးပါသလဲ။ ပန်းလေး၏ ရည်ရွယ်ချက်ကို ပန်းပွင့်လေး၏ ပိုင်ရှင်သာ သိပါလိမ့်မည်။ ပန်းပွင့်လေးကတော့ တရွေ့ရွေ့နှင့် လှမ်းလာနေဆဲ။ ကျွန်မနှင့် လက်တစ်ကမ်းအကွာတွင် ဝဲလှည့်နေသည်။ ထိုပန်းပွင့်လေးကို ကျွန်မ လှမ်းယူ၍ ရမည်မဟုတ်မှန်း စိတ်တွင် သိနေသည်။ ထိုပန်းပွင့်လေးကို ကျွန်မမှမဟုတ်။ တခြားမည်သူမှလည်းယူ၍ မရနိုင်။ ပန်းပွင့်ပိုင်ရှင်စေညွှန်သည့်နေရာတွင်သာ ပန်းပွင့်လေး ရှိနေပေလိမ့်မည်။
ပန်းပွင့်ပိုင်ရှင်သည် ပန်းပွင့်လေးအား မည်သူ့ထံသို့များ စေညွှန်လိုက်ပါသလဲ။ အခွင့်ရှိရင် သိချင်စမ်းပါဘိ။ ထိုပန်းပွင့်လေးသည် ကျွန်မအတွက် ရည်ရွယ်လေသလား။ သို့မဟုတ် အခြားတစ်နေရာအတွက်လေလား။
စကားမစပ် ဆိုရပါဦးမည်။ ကျွန်မသည် နေပူထဲတွင် ရပ်နေသူတစ်ဦးဖြစ်ပါသည်။ ရိုးရိုးတန်းတန်းရပ်ရုံသာမဟုတ်။ တစ်ခုခုကို စောင့်မျှော်နေသူသာဖြစ်သည်။ ထိုတစ်ခုခုသည် တစ်စုံတစ်ယောက်ထံတွင်သာ ရှိပါသည်။ ထိုတစ်စုံတစ်ယောက်သည် ပန်းကလေး၏ ပိုင်ရှင်ဖြစ်သည်ဆိုသည်မှာ အထူးပြောစရာပင်မလိုပါ။
ဟုတ်ပါသည်။ ပန်းကလေး၏ ပိုင်ရှင်ထံမှ ကျွန်မ တစ်စုံတစ်ခုကို စောင့်မျှော်နေပါသည်။ ထိုအရာမှာ…။
(-)
အချစ်ကို ဘယ်သူတွေ ဘယ်လိုအဓိပ္ပါယ်သတ်မှတ်ကြသလဲ ကျွန်မမသိပါ။ သို့သော် ကျွန်မအတွက်ကတော့ဖြင့် အချစ်သည် အချစ်သာ ဖြစ်သည်။
မိန်းကလေးတစ်ဦး၏ ယောင်္ကျားလေးတစ်ဦးအပေါ် အချစ်သည် ထိုယောင်္ကျားလေး၏ အသိဥာဏ်ပညာရင့်ကျက်မှုကြောင့်ဖြစ်သည်ဟုများ လာရောက်ပြောဆိုလျှင် ကျွန်မ အသေအလဲကို ငြင်းဆိုရပေမည်။ ထို့အတူ ချမ်းသာကြွယ်ဝခြင်း၊ စိတ်ဓါတ်ကြီးမြတ်ခြင်း စသော အကြောင်းတရားတို့လည်း မပါဝင်ဟု ယုံကြည်မိသည်။ ချစ်ခြင်း၌ အကြောင်းပြချက်မရှိဟု ကျွန်မ ယုံကြည်သည်။ ကျွန်မယုံကြည်သလိုပင် အကြောင်းပြချက်မရှိပါပဲ ပန်းပွင့်လေး၏ပိုင်ရှင်အား ကျွန်မ ချစ်မိသွားခဲ့သည်။
သို့သော် ကျွန်မ၏ အဖြစ်က မဆွက်ခင်က ညွတ်ချင်နေသည့် ပန်းခိုင်နှင့် အလားသဏ္ဍာန် တူညီနေသည်။ ပန်းပွင့်လေး၏ ပိုင်ရှင်လေးသည် ကျွန်မ၏ ချစ်ခြင်းကို မသိသကဲ့သို့ ကျွန်မကိုယ်တိုင်လည်း သိအောင်မကြိုးစားခဲ့ပါ။ အဖြူရောင်တွေ့ဆုံမှုများတွင် ချစ်ခြင်းကြောင့် အလိုအလျောက်ဖြစ်တည်လာသော ဂရုစိုက်မှုများကိုတော့ မထိန်းချုပ်မိခဲ့ပါ။ ထိုအရာများကိုသာ သတိမူမိမည်ဆိုလျှင် သူသည် ကျွန်မ၏ ချစ်ခြင်းကို သိသွားနိုင်ပါသည်။ ကံကောင်းသည်က ယနေ့ထက်တိုင် သူ မသိသေးပါ။
အချစ်သည် တဖတ်သတ်ဖြစ်သော အခါအချစ်မမည်တော့လေသလား။ မိန်းကလေးဖက်က တဖတ်သတ်ချစ်သည်ဆိုသည်ကိုသိကြလျှင် လူတော်တော်များများသည်နှာခေါင်းရှုံ့ချင်ကြ၏။ တကယ်ဆို သူတို့သည်လည်း ဒီချစ်ခြင်းကို ခံစားဖူးကြပါရဲ့နှင့် ကဲ့ရဲ့ချင်ကြပြန်သေးသည်။ နားလည်ပေးနိုင်သူဟူ၍ တကယ်ပင် ရှားလှသည်။ တကယ့်ချစ်ခြင်းကို သဘောပေါက်သူ၊ ခံစားဖူးသူအစစ်မှ နားလည်ပေးနိုင်သည်ဟုဆိုလျှင် ကျွန်မအဆိုမှားမည်မထင်ပါ။
(-)
ပန်းတစ်ပွင့်အကြောင်း ဆက်လက်ဆိုချင်ပါသေးသည်။ ထိုပန်းလေးတစ်ပွင့်သည် ကျွန်မနှင့် မလှမ်းမကမ်းတွင်ရှိနေသည်။ သို့သော် ကျွန်မ ဆွတ်လို့မရသေး။ သူညွတ်ချင်သူထံသို့သာ ညွတ်နိုင်ပါသည်။ ကျွန်မကတော့ ငေးကြည့်နေရုံသာ။
မြန်မာမိန်းကလေးတစ်ယောက်အနေဖြင့် ချစ်ခြင်းကို ဖွင့်ဟခွင့်မရှိခြင်းသည် အကြီးမားဆုံးသော ဆုံးရှုံးမှုဖြစ်သည်။ ထို့အတူ မိန်းကလေးတစ်ယောက်၏ အကြီးမားဆုံးဂုဏ်သိက္ခာတစ်ခုဖြစ်သည်ဟု ဆိုလျှင်လည်း မှားမည်မထင်ပါ။ တကယ်ဆို ချစ်ခြင်းတစ်ခုကို ဖွင့်ဟခွင့်မရလိုက်ခြင်းကြောင့်ငိုကြွေးနေရသူ မိန်းမသားများ မည်မျှထိ များနေလိမ့်မည်လဲ။ ထို့အတူ ချစ်ခြင်းကို ဖွင့်ဟမိ၍ ကိုယ့်သိက္ခာကို ပြန်လည်အောက်ကျို့နေရသသည့် မိန်းမသားများ မည်မျှထိ များနေလိမ့်မည်လဲ။
မြန်မာမိန်းကလေးတို့သည် ဟိုးယခင်ခေတ်တုန်းကတော့ဖြင့် ချစ်သူကို
ချစ်တယ်ဟုပင်မပြောရဲ။ မည်မျှပင် အခြေကြီးသည့် ရွှေမင်းသမီးဖြစ်နေစေကာမူ။ ချစ်သူထံမှ ပြောလာမည့် ချစ်တယ် ဟူသည့်စကားကိုသာ မျှော်လင့်ခွင့်ရှိသည်။
ယနေ့ခေတ်မှာတော့ အတန်ငယ်ရဲတင်းသောမိန်းကလေးတို့က ဖွင့်ပြောနေကြပြီဖြစ်သော်လည်း ထိုအပြုအမှုသည်
မြန်မာမိန်းကလေးတို့ စောင့်ထိန်းအပ်သောကျင့်ဝတ်ကို ချိုးဖေါက်ခြင်းဟု ကျွန်မယူဆမိသည်။
နိုင်ငံခြားဇာတ်လမ်းတွဲများတွင်ပါလာတတ်သော အချစ်သည် အရာရာထက် တန်းဖိုးကြီးမားသည် ဆိုသည့်အဆိုကို
မျက်လုံးစုံမှိတ်ယုံတတ်သူတွေ ပေါ်လာသည်။ အချစ်တွင် တပ်မက်ခြင်းတဏှာ(လိင်)ဟု ယူဆသူ များပြားလာသည်။
ထိုအခါ အချစ်သည် ဖြူစင်မှုလျော့လာသည်။
အချစ်သည် ဟိုတယ်၌ တစ်ခဏတာ တည်းသည့်အဆင့် ရောက်လာသည်။ အချစ်သည်
အလိုမတူပဲ ဈေးချခံလိုက်ရပြီဖြစ်၏။ အချစ်သည် အတွေ့အထိဖြစ်လာသည်။ အချစ်သည် အနမ်းဖြစ်လာသည်။
အချစ်သည် တွေ့ထိပွေ့ဖက်ခြင်းနှင့် ကာမဆက်ဆံခြင်းတရားဖြစ်လာသည်။ အချစ်သည် အချစ်သက်သက် သာ ဖြစ်သည် ဟူသည့်အဆိုကို နားလည်လက်ခံပေးမည့်သူ
ရှားလာသည်။
ထိုအကြောင်းအရာတို့ ဖြစ်လာသည်မှာ မိန်းမသားထုကြောင့် ဖြစ်သည်ဟု
ပြောနိုင်သည်။ မှန်သည်။ ဆန်ရင်းနာနာသာ ဖွပ်ရပါမည်။ အတွေ့အထိကိုသာလိုချင်လိုအပ်သော မိန်းမသားထုကြောင့်
စိတ်ဓါတ်မခိုင်မာသော ယောက်ျားတချို့သည် မိန်းမသားမှန်လျှင် အိပ်ယာပေါ်ရောက်ရမည် ဟူသည့်ဝါဒကို
အချင်းချင်း ဖြန့်ဝေကြ၏။ အချစ်သက်သက်ကိုမှ မျှော်ကိုးမိသည့် မိန်းမသားထုတို့သည် အချစ်သက်သက်နောက်လိုက်ရင်း
အချစ်ယောင်နောက်သို့ ပါသွားကြ၏။ လမ်းမှားမှ ရုန်းထွက်ဖို့ ကြိုးစားဖို့လည်း အမေ့မေ့အလျော့လျော့။
ကိုယ်သည် တစ်ဖက်ယောက်ျားသား၏ ပါးစပ်တွင် တန်ဖိုး မည်မျှရှိသနည်း ဟု သာမန်မျှဆန်းစစ်ဖို့ကိုပင်
မေ့လျော့လာကြ၏။ ထို့ကြောင့် ဖြစ်နိုင်မည်ဆိုလျှင်ဖြင့် ကျွန်မတို့ မိန်းမသားထုကြီးအား
တစ်ခုတော့ သတိပေးချင်ပါသည်။
“မိန်းမဆိုသည်မှာ နှာခေါင်းသာမပါလျှင် ချီးကျွေးတောင် စားသည်”
ဆိုသည့်စကားကို ထာဝရ ဖျက်သိမ်းစေရန်အတွက် ကိုယ့်သိက္ခာကိုယ်၊ ကိုယ့်စိတ်ကိုယ် ကြီးရင့်အောင်ကြိုးစားကြပါစို့
ဟုပင်။ မိန်းမသားတစ်ဦးအနေနှင့်ပြောရလျှင် စိတ် ပျော့ညံ့လွန်းသည်၊ နားယောင်လွယ်သည်၊
ဆုံးဖြတ်ချက် မခိုင်မာတတ်၊ စသည့်အကြောင်းအရာတို့သည် ယေဘုယျမြင်တွေ့နေကျ မိန်းမသားတို့၏
အချင်းဖြစ်သည်။ ထို့ကြောင့်ပင် ထိုစကား ပေါ်ထွက်လာခြင်းဖြစ်မည်ဟုထင်သည်။ ထို့ကြောင့်ပင်
ကျွန်မတို့ မိန်းမသားများအနေဖြင့် ကိုယ်၏ ကြီးရင့်သောစိတ်ကို ထပ်မံကြီးရင့်အောင် ဆက်လက်ကြိုးစားရင်း
ဦးနှောက်နှင့်နှလုံးသားကို မျှသုံးကာ ဘဝလက်တွဲဖေါ်ရှာသင့်သည်။ သို့မှသာ အချစ်ယောင်
ဝါဒဖြန့်သမားတို့နှင့်လည်း ကင်းဝေးပေမည်။
ထပ်မံဝန်ခံလိုက်ချင်ပါသည်။ ကျွန်မ အချစ်သက်သက်ကိုသာ လိုချင်ပါသည်။
ပန်းပွင့်ပိုင်ရှင်လေး၏ ကျော်ကြားမှုကို အလိုမရှိပါ။ ပန်းပွင့်ပိုင်ရှင်လေး၏ စည်းစိမ်ချမ်းသာကို
အလိုမရှိပါ။ ကျွန်မ အတွေ့အထိကို စိတ်ကျေနပ်ရုံကစားနေသော မိန်းမသားမဖြစ်လိုပါ။
(-)
ကျွန်မအတွက်တော့ ပန်းပွင့်ပိုင်ရှင်လေးသည် စိတ်မရှည်စွာ
မေ့ထားသော ပန်းပင်တစ်ပင်သာ ဖြစ်သည်။ ဘယ်အချိန်က ပွင့်ဖူးသွားသလဲ မသိလိုက်ရ။ သိလိုက်မိချိန်မှာတော့
ပန်းပွင့်လေးကို ကျွန်မ ချစ်ခြင်းတရားတွေ သွန်ဖြိုးမိနေပြီဖြစ်သည်။ ဟုတ်သည်။ ချစ်ခြင်းတရားတို့
ရပ်တန့်ဖို့ မေ့လျော့စွာ သွန်ဖြိုးမိနေပါသည်။
သို့သော်…။
ထိုအရာသည် ထာဝရ ပျောက်ကွယ်သွားမည့်အရာဖြစ်သည်။ ထိုအရာသည်
ဖွင့်ဟဖေါ်ထုတ်ခွင့်မရှိသောအရာဖြစ်သည်။ ထိုအရာသည် ကိုယ့်ဘက်က ငေးမောကြည့်နေရုံမျှသာ
တတ်နိုင်သောအရာဖြစ်သည်။
ကျွန်မ၏ ချစ်ခြင်းကို သိရုံမျှဖြင့် ကျွန်မ ၏ သိက္ခာကို
အဆင့်လျော့ တွက်ဆစေမည့်အနေအထားမျိုး ကျွန်မမဖန်တီးလိုပါ။ ကျွန်မကိုယ်တိုင်လည်း ကိုယ့်သိက္ခာကို
ပြန်အောက်မကျို့လိုပါ။ ထို့ကြောင့် ကျွန်မတွင် ရှိသည့်အခွင့်အရေးမှာ ပန်းပွင့်လေးကို
ငေးကြည့်ဖို့တစ်ခုသာဖြစ်သည်။
ဟုတ်၏။ ကျွန်မ ပန်းပွင့်လေးကို ငေးကြည့်နေပါသည်။ သေချာပါသည်။
ပန်းပွင့်ပိုင်ရှင်လေးသည် ဝါဒဖြန့်သူတစ်ဦးမဟုတ်သည်ကိုတော့ ကျွန်မ၏ နှလုံးသားမှ သေချာနေပါသည်။
ပန်းလေးတစ်ပွင့် ကျွန်မအနားသို့ တရွေ့ရွေ့ တိုးကပ်လာနေပါသည်။
ရည်ဝေ(လင်းရောင်ခြည်)
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်