(-)
“သော်နဲ့ မော်က အရမ်းခင်ကြတာပဲနော် အချစ်တော်တွေတော့
မဟုတ်ဘူးမလား”
မော့်ကို စိတ်ဝင်စားနေသည့် ကိုအောင်နိုင့်အမေးကြောင့်
မော်ကော သော်ပါ ဆတ်ခနဲ ကိုယ်တွေ မတ်သွားကြရင်း ကိုအောင်နိုင့်ကို အထူးတဆန်းကြည့်လိုက်မိသည်။
နှစ်ယောက်သားစိတ်ထဲလည်း စားလက်စ အကြော်ပင် အရသာ မရှိတော့သယောင်ဖြစ်သွားရချေပြီ။
“ကိုအောင်နိုင်ကော အချစ်တော် ထားဖူးလားဟင်
သော်နဲ့ မော် ခင်ကြတယ်ဆိုတာက နှစ်ယောက်လုံးက စရိုက်တူ အကြိုက်တူတွေ ဖြစ်နေလို့ပါ နောက်တစ်ခုက
သော်နဲ့မော်က ငယ်သူငယ်ချင်းတွေပါ ကိုအောင်နိုင် ၈ တန်းကတည်းက သူငယ်ချင်းတွေပါ နောက်ဆိုရင်တော့
စကားတစ်ခွန်းမပြောခင် သေချာစဉ်းစားစေချင်ပါတယ် နောက်တစ်ခါဆိုရင် ကျွန်မဘက်က ဒီလိုယဉ်ယဉ်ယဉ်ကျေးကျေးပြန်မေးနေမှာမဟုတ်လို့ပါ”
သော့် ပြောစကားကို မော်ကလည်း ထောက်ခံဟန်နှင့်
ခေါင်းညိတ်ပြတော့ ကိုအောင်နိုင် မျက်နှာညိုသွားသည်။ သော်ကော၊ မော်ပါဂရုမစိုက်ကြပါ။
သူ့ဘာသာ မော့်ကို လာလည်း ရှိတ်သေး၊ မမေးအပ်တဲ့ မေးခွန်းလည်း မေးသေးသည်။ တကယ်ဆို ဒီလိုစကားမျိုးသည်
စ သည်ဆိုဦးတော့။ သည်လိုစကားမျိုးနှင့် စ ဖို့ရာ မော်နှင့်ကော၊ သော်နှင့် ကော ရင်းနှီးမှု
မရှိဘူးမဟုတ်လား။ ကိုယ့် မေဂျာတူချင်းမို့ တစ်ခုံတည်း ထိုင်ပါရစေ၊ နေရာလွတ်မရှိလို့ပါ
ဟု ဆိုလာသောကြောင့် ထိုင်ဖို့ခွင့်ပြုထားခြင်းမျှသာ မဟုတ်ပါလား။ သော်ကော မော်ကော မကျေမနပ်နှင့်
တွေးရင်း ကိုအောင်နိုင့်ကို မျက်စောင်းသာ ပိတ်ထိုးနေကြတော့သည်။
အချစ်တော် ဆိုသည့် စကားကို သော်ကော မော်ပါ
ရင်းနှီးခဲ့ဖူးသည်။ ကိုယ်တွေ့တော့မဟုတ်။ အထက်တန်းတက်တုန်းက သူမတို့အခန်းထဲဝယ် ယောင်္ကျားလျှာလေးတစ်ယောက်ရှိခဲ့ဖူးသည်။
ရုပ်လေးက မိန်းမချောလေး ချောပါလျှက် ယောင်္ကျားစိတ်ပေါက်နေရှာသည်။ မိန်းကလေးတိုင်းနှင့်လည်း
မခေါ်။ သူ စိတ်ဝင်စားမှုရှိသည့် မိန်းကလေးနှင့်သာ စကားပြောပြီး ထိုမိန်းကလေးနှင့် သွားအတူ၊
လာအတူ နေသည်။ ထိုမိန်းကလေးကို စသည့် ကောင်လေးရှိလို့ကတော့ ဆရာမနှင့်မတွေ့ခင်သူ့လက်သီးနှင့်
အရင်ကြုံရမည်ဖြစ်၏။ တချို့ အန္တရာယ်ရှင်းချင်သော ကျောင်းသူချောလေးတွေက ထိုယောင်္ကျားလျှာလေးကို
ခင်အောင်ပေါင်းကြရင်း ထိုယောင်္ကျားလျှာ၏ အချစ်တော်အဖြစ် နေကြသည်မဟုတ်ပါလား။
ထိုအချင်းအရာကို မြင်စဉ်ကတည်းက သူမကော၊
သော်ပါ နှာခေါင်းရှုံ့ခဲ့ဖူးသည်။ သို့သော် ယောင်္ကျားလျှာလေးက ချောလွန်းတော့ သူမတို့လည်း
ခင်ခဲ့ဖူးသည်။ အခုတော့ ထိုယောင်္ကျားလျှာလေးလည်း ဘယ်ဆီရောက်နေလေပြီ့မသိ။ မိန်းမပဲ ယူလေသလား၊
ယောင်္ကျားပဲ ယူလေသလားဟုတွေးရင်း မော်ပြုံးမိလိုက်သည်။
“ဘာပြုံးတာလဲမော်နင် ဟိုကောင့်ကို သတိရနေတာမဟုတ်လား
မေခကို”
“အဟား ဟုတ်တယ် ကိုအောင်နိုင့်ကို မေခနဲ့
ပေးတွေ့လိုက်ရမှာ အဟင်း”
နှစ်ယောက်သား တီးတိုးစကားဆိုရင်း ဟက်ဟက်ပက်ပက်ရယ်မိလိုက်တော့
ကိုအောင်နိုင့်စိတ်ဝယ် အတွေးတမျိုးဝင်သွားသည်ထင်၏။ ရုတ်တရက် ကင်တင်းန်မှ ထထွက်သွားသည်။
သော်နှင့်မော်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ်မိလိုက်ပြန်သည်။
…
သော်တာမေ ဆိုသည့် နာမည်ကို သော် ဟု တစ်လုံးတည်း
ဖြတ်ခေါ်လိုက်သည့် မော့်ကို သော် က စိတ်မဆိုးခဲ့သလို မော်မော်ဆိုသည့် သူမနာမည်ကို သော်ကလည်း
မော်ဟု ပင်ပြန်ခေါ်ခဲ့သည်။ ဒါသည်ကား ရှစ်တန်းနှစ် စတင် တွေ့ဆုံစဉ်က ဖြစ်သည်။
သူမ အိမ်နှင့် သော့်အိမ်မှာ ထောင့်မှန်သဖွယ်ရှိသည်။
လမ်းမီးတိုင် လေးတိုင်စာလောက်လျှောက်ရသည်။ သော်နှင့်သူမ အိမ်မှ အချိန်တူတူထွက်ကာ လမ်းဆုံတွင်
ဆုံကြသည်။ ထိုမှတဆင့်ကျောင်းသို့ ဆက်သွားကြသည်။ ကျောင်းက သူမတို့အိမ်နှင့် တစ်လမ်းတည်းတွင်ရှိ၏။
နှစ်မှတ်တိုင်စာလောက်တော့ လျှောက်ရသည်။ ကျောင်းပိတ်ရက်ဆိုလျှင် မော့်အိမ်သို့ သူမ လိုက်လည်သလို
သူမ အိမ်သို့လည်း သော်လိုက်လည်လေ့ရှိသည်။ ထို့ကြောင့် မိသားစုနှစ်ခုက မရင်းနှီးသော်ငြား
သော့်အိမ်မှ သူမကို သိသလို သူမအိမ်မှလည်း သော့်ကို သိကြသည်။ ခင်ကြသည်။ သော့်မိဘများက
သူမကို ချစ်ကြသလို သူမ မိဘများကလည်း သော့်ကို ချစ်ကြသည်သာ။ တခါတရံ ကျောင်းမှသူငယ်ချင်းများစုကာ
သော့်အိမ်တွင်ဖြစ်စေ၊ သူမ အိမ်တွင်ဖြစ်စေ စုကာ လက်ဖက်သုပ်စားကြသည်။ ဘယ်သူက ဘာယူလာခဲ့၊ဘယ်သူကတော့ ဘာယူလာခဲ့ဟု တစ်ယောက်နှင့်တစ်ယောက် မှာကြားရင်း၊
မေ့ခဲ့သူကို ပစ္စည်းပါလာသူတို့က ဟောက်စားလုပ်ရင်း ပျော်ပွဲစားထွက်ကြသည်မှာ အခါခါ။
ဆယ်တန်းသို့ရောက်သည့်အချိန်မှာတော့ သူမဘေးဝယ်
သော်တစ်ယောက်သာ ကျန်တော့သည်။ ကျန်သည့် အခင်ဆုံး မိန်းကလေးသူငယ်ချင်းများ၊ ယောင်္ကျားလေးသူငယ်ချင်းများမှာ
ပြောင်းရွှေ့သွားကြသလို တချို့ကလည်း အီကိုဘက်၊ ဝိဇ္ဇာဘက်ခန်းများသို့ပြောင်းသွားသည့်အခါ
သိပ္ပံတန်းတွင် ကျန်နေခဲ့သော သော့်အတွက် သူမ သာ သူငယ်ချင်းဖြစ်သလို သူမအတွက်လည်း သော်သာ
သူငယ်ချင်းအဖြစ်ပိုပေါင်းစည်းလာတော့သည်။
တက္ကသိုလ်ရောက်တော့ ပိုဆိုးတော့သည်။ သူငယ်ချင်းများကြားဝယ် ရူပဗေဒမေဂျာယူသူဟူ၍
သော်နှင့် မော်သာရှိသလို ဒေးတက်သူဟူ၍လည်း သော်နှင့်မော်သာ ရှိတော့သည် မဟုတ်ပါလား။ သော်နှင့်မော်သည်ညီအစ်မအရင်းဟု
ထင်မှတ်မှားရလောက်အောင်ပင် အိင်္ကျီဆင်တူချုပ်ဝတ်သည်။ ပုံစံတူအိင်္ကျီ၊ လုံချည်ဖြင့်
ကျောင်းသို့သွားသည်။ ဆံပင်ကို ပုံစံတူထားသည်။ သော်မော်ဆိုသည့်အတွဲသည် တက္ကသိုလ်ဝယ် ယောင်္ကျားလေးများ
ပစ်မှတ်ထားမရသော ခွဲမရသည့် အတွဲဖြစ်နေသည်မို့ ပိုနာမည်ကြီးနေလားမသိပါ။ ဒုတိယနှစ်ရောက်လာတော့ပိုကြားရပြီ။
သော်သည် မော့်အချစ်တော်ဖြစ်၍ မော်သည်သော့် အချစ်တော် ဖြစ်သည်တဲ့။ ထိုစကားကြားခါစက သော်ကော
မော်ပါ အီလည်လည် ဖြစ်ရသည်။ ခု ကိုအောင်နိုင်က မေးလာတော့ ပိုဆိုးတော့သည်ပေါ့။
သော်နှင့် မော်ရဲ့ သံယောဇဉ်က ခိုင်ကျည်ခဲ့ပါသည်။
နေ့တစ်နေ့မရောက်ခင်ထိပေါ့။
သော်ကော မော်ပါ တတိယနှစ်ရောက်သည်ထိ ချစ်သူရည်းစားမရှိခဲ့။
ထားဖို့ရာလည်း စိတ်မဝင်စားခဲ့ပြန်။ ခေတ်ရေစီးကြောင်းအရ ဘောင်းဘီရှည်နှင့် ရှပ်အိင်္ကျ
ီလေးပါ တွဲဖက်ဝတ်ဆင်တတ်လာသည်ဆိုတော့ ပတ်ဝန်းကျင်မှပြောသည့် အချစ်တော်ဆိုသည့်စကားက ပိုမိုလျှံကျလာသည်။
သော်ကော၊
မော်ပါ ဂရုမစိုက်ခဲ့။ ကိုယ်မှန်လျှင် ဘယ်ကိုမှမရွေ့ ဟု တွေးထင်ထားခဲ့ကြသည်။သို့သော်
ကိုကို ဆိုသည် ကောင်လေးတစ်ယောက်နှင့်အတွေ့မှာတော့ သော်နှင့် မော့်အတွက် အရေးကြီးသည့်
အချစ်ဆိုသည့် အရာကို တွေ့ထိခဲ့ရတော့သည်။
ကိုကိုက
သော့်ကို တကယ်ပင် ချစ်မြတ်နိုးခဲ့သော ဇွဲကြီးလွန်းသည့် လူငယ်လေးဖြစ်သည်။ ထိုလူငယ်လေး၏
ဇွဲကြီးမှုကြောင့်ပင် သော်နှင့် မော့်ကြား နားလည်မှုတို့ ဖြစ်ထွန်းသွားရသည်ဟု ဆိုရင်လည်းမမှား။
(-)
“သော်
ကျွန်တော် သော့်အိမ်လာလည်လို့ရလားဟင်”
ကိုကိုရဲ့
အမေးစကားအဆုံးမှာ သော်က သူမကို ဘာ့ကြောင့်များကြည့်လိုက်ပါသလဲ။ သူမ နားမလည်ပါ။ သို့သော်
ထိုနားမလည်ခြင်းထက် သူမရင်ဝယ် တင်းတင်းကျပ်ကျပ်ဖြစ်သွားသောခံစားချက်ကို ဖြေလျော့ဖို့
ဦးဆုံးကြိုးစားလိုက်ရသည်။ သော်နှင့် ကိုကို၏အမေးအဖြေစကားသံတို့ကိုလည်း မကြားချင်၊
မကြားချင်တော့။
“သော်
စာကူးပေးရဦးမလား”့
“သော့်အတွက်
မွေးနေ့လက်ဆောင်”
“သော်
ပရက်တီကယ်ချိန် နီးနေပြီ အတန်းတက်ရအောင်လေ”
“သော်
ဒီနေ့ နောက်ကျတယ်နော် သော့်ကို ကျွန်တော် မျှော်နေတာကြာလှပြီ”
သော်နှင့်
သူမ၏ နှစ်ယောက်တစ်ဘဝကိုဓါးဖြင့် ခွဲထိုးဝင်လာသူဟု ကိုကို့ကို အမည်ပေးလိုက်ချင်သည်။သော်နှင့်
မော်ရှိစဉ်အခိုက် သော့်ကိုစကားတွေလာလာဆိုသော သူ့ကို သော်က စကားတို့ ပြန်ဆိုနေသည့်အခါတိုင်း
မော့်မှာ အလိုလို ဘေးရောက်ရတော့သည်။ ကိုယ်တိုင်ကိုယ်ကျ ကျတော့လည်း ချစ်သူမထားချင်။
ကိုကို့ကို သော်က ပြန်မချစ်သေးသော်လည်း လက်ရှိအနေအထားကပင်လျှင် သော်နှင့်မော်၏ နှစ်ယောက်တစ်ကမ္ဘာကို
ဖျက်ဆီးနေပြီဟု ခံစားမိနေသည်။ မော့်ကို အထီးကျန်ခြင်းတို့က
နှိပ်စက်နေပြီဖြစ်၏။ သော်နှင့်အတူရှိစဉ်အခိုက်ဝယ် နွေးထွေးလုံခြုံနေသည့် ခံစားချက်တို့သည်
ကိုကိုဆိုသည့် ကောင်လေးရောက်လာတိုင်း တံခါးမရှိသည့် အခန်းကျဉ်းသဖွယ် မလုံခြုံခြင်းနှင့်အတူ
သိမ်ငယ်ခြင်းတို့ပါ ရောက်ရှိလာသည်။
ထိုနေ့ကတော့
သည်းညည်းခံလိုစိတ်တို့ ကင်းမဲ့ခဲ့သောနေ့ပင်။ သည်းထန်စွာရွာနေသော မိုးစက်တို့ကိုကြည့်ရင်း
သော်နှင့် မော်တို့ ရောက်တတ်ရာရာ စကားဆိုနေခဲ့တာဖြစ်သည်။ အကြောင်းပြချက်မရှိပဲ ပျော်နေကြပြန်သေးသည်။
ထိုအချိန်တွင်ပင် ကိုကို ရောက်ရှိလာခဲ့ခြင်းပင်။
“သော်”
ခေါ်သံနှင့်အတူ
အနားသို့ရောက်လာသော ကိုကို့ကိုကြည့်ရင်း သူမ စိတ်တို့ညစ်ထွေးသွားရသည်။ ထို့အတူ အကြောင်းပြချက်မရှိပါပဲ
ရင်ထဲဝယ် ဝမ်းနည်းနာကျင်လာသည်။ သော် သူမကိုမေ့ပြီးထိုသူနှင့်ပင် စကားဆိုတော့မည်ဟူသည့်အသိကြီးကို
ဖျောက်ဖျက်ဖို့ရာ မည်သို့မျှ မတတ်နိုင်ခဲ့။
သည်းကြီးမည်းကြီးရွာနေသောမိုးရေစက်များထဲသို့ဘာ့ကြောင့်များ
ပြေးထွက်ခဲ့မိပါသလဲလေ။ မော့်ကိုယ်မော်ပင် မသိလိုက်ပါ။ သတိထားလိုက်မိချိန်မှာတော့ မော်သည်
မိုးရေစက်များနှင့်အတူ လမ်းလျှောက်ထွက်မိနေခဲ့ပြီဖြစ်သည်။ ကုက္ကိုလ်ပင် တစ်ပင်အောက်အရောက်မှာတော့
မော် ထိုင်ချလိုက်ရင်း သည်းကြီးမည်းကြီးငိုမိတော့သည်။ ဘာ့ကြောင့်လဲ၊ ရင်တစ်ခုလုံးတင်းကျပ်နေတာ
ဘာ့ကြောင့်လဲလေ ဟုလည်း အဆက်မပြတ်တွေးနေမိရင်း။
ရုတ်တရတ်
ခြေလှမ်းလေးတစ်စုံက သူမ ရှေ့သို့ လာရပ်သည်။ မော့မကြည့်ပဲနှင့် ကြည်နူးစွာသိလိုက်ရသည်က
သော် ဖြစ်သည်ဟု။
“မော်
ကိုကို့ကို နင် စိတ်ဝင်စားနေလားဟင်”
“မဟုတ်ဘူး”
“ဒါဆို
ဘာလို့ စိတ်ဆိုးတဲ့ ပုံနဲ့ ထွက်သွားတာလဲ”
သူမ
တွင် ဖြေစရာစကားမရှိပြန်။
“မော် ငါ ငါပြောစရာရှိတယ်”
“ပြောလေ သော် ဘာပြောမလို့လဲ”
“မော် ငါ ငါ နင့်ကို စိတ်ဝင်စားနေမိတယ်ထင်တယ်”
သော့်စကားဝယ်
မော့်စိတ်တို့ လှိုက်ခနဲ ဖြစ်သွားရသည်။သော့်ကို မော့်ကြည့်လိုက်တော့
“စိတ်ဝင်စားတယ်ဆိုတာ သူငယ်ချင်းတစ်ယောက်လိုမဟုတ်ဘူး
၁၅၀၀ မေတ္တာမျိုး”
နီမြန်းနေသော သော့်မျက်နှာလေးကိုကြည့်ရင်း
မော်သည်လည်း မျက်နှာလေးနီမြန်းလာပြီမှန်း ကိုယ့်ကိုယ်ကို သိနေချေပြီ။
“မော် ငါ ခံစားမိနေတာ ကြာလှပြီ ဒုတိယနှစ်ကတည်းက”
“မဖြစ်သင့်ဘူး”
“မဟုတ်ဘူး
မော်”
“ဆက်မပြောတော့နဲ့သော် မဖြစ်သင့်ဘူးဆိုတာကို
နင်ကောငါကော အသိဆုံး ဒီကိစ္စကိုပဲ နင် ဆက်ပြောနေမယ်ဆိုရင် ငါ နင့်ကို သူငယ်ချင်းအဖြစ်က
စွန့်လွှတ်လိုက်ရလိမ့်မယ်”
နီမြန်းခက်ထန်သွားသော သော့်မျက်နှာကိုကြည့်ရင်း
သူမ ပြောမိတာ မှားသွားပြီလားဟု တွေးလိုက်မိသည်။ သို့သော် ပြောသင့်သည်။ ပြောသင့်သည်ဟု
ထင်ပါသည်။
“နင် နင့်ကိုယ်နင် ညာနေတယ်“
သော်၏ စွပ်စွဲမှုကို မော် ခေါင်းမခါမိ။
မိုးစက်များကြားဝယ်
သော်ကော မော်ပါရွှဲရွှဲစိုကုန်ပြီဖြစ်၏။ သို့သော် မော့်ရင်ထဲမှာ မငြိမ်းချမ်းနိုင်သေး။
ဘာ့ကြောင့်များလဲ၊ ဘာ့ကြောင့်များလဲ ဟုသာ ရေရွတ်နေမိရင်း။ တိုက်တိုက်ဆိုင်ဆိုင် အငှားကားတစ်စီးလာချိန်မှာတော့
နှစ်ဦးသား အိမ်ပြန်ခဲ့ကြသည်။ သို့သော် အရင်နေ့များလို့ စကားတို့ ဖေါင်ဖွဲ့ဖို့ဝေးစွ။
တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြသည်မှာ ကျောက်ရုပ်များလို။
စာမေးပွဲနောက်ဆုံးနေ့ထိ
သော်နှင့်မော်တို့ အကြား တိတ်ဆိတ်ခြင်းကနေရာယူခဲ့သည်။ တွေ့တိုင်းလည်း ယခင်လို စကားဆိုဖို့
သတိမရမိခဲ့။ ထိုနောက်ဆုံးနေ့မှာတော့
“မော် ငါငါးလလောက် အညာကို သွားနေရမယ် အမေက
သူ့ အစ်မဆီ ငါးလလောက်သွားနေမလို့တဲ့ ငါ့ကိုပါလိုက်ခဲ့တဲ့ ပြန်လာတဲ့အချိန်မှာ ဒို့နှစ်ယောက်လုံး
စိတ်ပြောင်းသွားရင်တော့ ကောင်းတာပေါ့ မော် အဲဒီအချိန်ထိစောင့်ကြည့်ကြတာပေါ့ နော်”
ကားပေါ်မှအဆင်းတွက်
သော်ပြောလိုက်သည့်စကားကို မော်ပြန်လည်စကားမဆိုမိ။ အိမ်အပြန်လမ်းကိုသာ ဆက်လျှောက်နေမိခဲ့သည်။
(-)
ထိုနေ့နောက်ပိုင်းမှစ၍ သော့်ကို သူမ လွမ်းလိုက်ရသည်မှာ
ရင်ကွဲမတက်။ ထို့အတူကိုယ့်ကိုယ်ကိုလည်း ပိုမို၍ သိလာရသည်။ သော့်ကိုသူမ ချစ်နေပြီဟုပင်။
အပြင်ထွက်တိုင်း ဘဝကံမကောင်းရှာသော ဂေးတို့ကို
သူမ သတိထားလိုက်ကြည့်မိသည်။ သူတကာ၏ အထင်သေးရှုတ်ချမှုကို
ခံယူနေရသော သူတို့၏ ဘဝလိုမျိုး သူမ နေနိုင်ပါမည်လားဟုပင်။ မနေနိုင်။ မနေနိုင်ပါလေ။
ကိုယ်ကပဲ သံစဉ်မှားနေသော ဘဝဖြစ်၍လားဟု
မိန်းမလှလေးများကို သေချာဆန်းစစ်ကြည့်မိသည်။ ထိုအခါ သူမ ရင်ဝယ် သော့်တစ်ဦးတည်းကိုသာ
နင့်နင့်နဲနဲ ချစ်နေမိကြောင်း ပို၍ပို၍ပင် သေချာလာချေပြီ။ သူမနှင့်သော်သည် ကမ္ဘာဦးမှ
နှစ်ခြမ်းကွဲသွားသော ကိုယ်တစ်ခြမ်းစီဆိုလျှင် တစ်ယောက်ယောက်ကတော့ ဘဝမှား၍ ဖြစ်တည်လာပြီဖြစ်သည်။
မြန်မာ့လူမှုဝန်းကျင်အသိုင်းအဝိုင်း၌ သူမနှင့်သော်၏ ချစ်ခြင်းဆိုတာကြီးကိုသူမ ချပြရဲပါမည်လား။
မေမေနှင့် ဖေဖေသိလျှင်ရင်ကျိုးမတက် ခံစားရမှာအမှန်ဖြစ်သည်။
…
မျက်ရည်တို့ကို မော် သုတ်လိုက်မိသည်။
ထိုအချိန်မှာပင် ကို့မိဘနှင့် သူမ မိဘများ၏
တွေ့ဆုံပေးမှုကြောင့်ကိုနှင့်သူမ ဆုံခဲ့ရသည်မဟုတ်ပါလား။ ကို့ဖေဖေနှင့် သူမ၏ ဖေဖေတို့က
အစိုးရရုံးတစ်ရုံးတည်းတွင် အလုပ်လုပ်နေကြသော အရာရှိများဖြစ်သည်မို့ သူတို့ အချင်းချင်း
လက်ဝါးရိုက်ထားကြသော သားပေးသမီးယူမင်္ဂလာပွဲကြီးကို သူမကော ကိုပါ ခေါင်းညိတ်လက်ခံခဲ့ကြသည်လေ။
“မော် နင်ရက်စက်တယ်ဟာ”
ဖုန်းထဲက ကြားနေရသည့် သော့်အသံကို နားထောင်မိရင်း
မော် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သော် ငါရက်စက်တာမဟုတ်ဘူး၊ အားလုံးအတွက် စဉ်းစားပြီး
ဆုံးဖြတ်ခဲ့တာ ဟုလည်း တီးတိုးရေရွတ်မိရင်း။
ဒီလိုအချိန်ရောက်တိုင်း သော့်ဆီက ထိုအသံကို
ကြားရစမြဲပင်။ ဘာလိုလိုနှင့် သူမပင်လက်ထပ်ခဲ့တာ ၃ နှစ်နီးပါးရှိပြီ။ သော်ကတော့ ဒီချိန်ထိ
တစ်ယောက်တည်း၊ တစ်ကိုယ်တည်းရှိနေဆဲပင်။ ၃ နှစ်ကြာတာတောင် သော် သူမကို မမေ့နိုင်ဘူးလား
ဟုတွေးလိုက်မိတော့ ကို့ကို ရုတ်ချည်း အားနာသွားရသည်။ ခြောက်လတစ်ခါတိုင်း သော့်ဆီမှဖုန်းက
ရောက်လာနေကျဖြစ်သလိုထိုအချိန်တိုင်းတွင်လည်း ကို့ကို အားနာရစမြဲပင်။
ကိုနှင့် လက်ထပ်၍ ယခု ကို့သွေးသားလေးပင်
လွယ်ထားရပြီ။ သို့သော် သူမ ၏ ချစ်ခြင်းတို့သည် သော့်အပေါ်၌ တည်ရှိနေဆဲလား၊ သို့မဟုတ်
ကွယ်ပျောက်သွားလေပြီလား သူမကိုယ်တိုင်ပင် မသေချာ။ ကို့အပေါ်တွင်မူ ချစ်ခြင်းတို့ တိုးဖွဲ့လာသည်ကတော့
သေချာပါသည်။ သူမနှင့် ကို၏ အိမ်ထောင်သည်ဘဝဝယ် ကို့ချစ်ခြင်းများက သူမ အတွက် လုံလောက်ခဲ့ပါသည်။
သာမန်အိမ်ထောင်ရှင်ယောင်္ကျားတစ်ဦး၊ မိသားစုအပေါ်တွင် တာဝန်ကျေသော အိမ်ဦးနတ်တစ်ပါး။
သူမ၊ သူမကတော့ ကို၏ အိမ်ရှင်မ ဖြစ်နေသော်လည်း အတိတ်ကို မေ့ဖို့ခက်နေသော ချစ်ခြင်း၏
ကျွန်တစ်ယောက်ဖြစ်နေသေးသည်လား။
သော်နှင့် မော်၏ အကြောင်းစုံကို သိဖို့
ကို့အတွက် ကံက ဖန်မလာခဲ့။ သော် နယ်သိ့ပြန်သည့်အခိုက်လေးတွင်ပင် သူမ နှင့် ကို့ကို မိဘများက
လက်ထပ်ပေးလိုက်ခြင်းပင်ဖြစ်သည်။ သူမ ကလည်း ဖြစ်လာလတံ့သော အမှားတို့ကို ရှောင်ဖယ်ချင်ဇောနှင့်
ကို့ကို လက်ထပ်ဖို့ လက်ခံခဲ့သည်။ ကို့ကို လေ့လာကြည့်သည့်အခါတွင်လည်း ကိုက လူကောင်းတစ်ဦးဖြစ်သည့်အပြင်
သူမကိုပါမြင်မြင်ချင်စ ချစ်သည်ဟု ဖွင့်ပြောခဲ့သည် မဟုတ်ပါလား။ ကို့မိဘအသိုင်းအဝိုင်းကလည်း
စိတ်သဘောထား ကောင်းမွန်ဖြူစင်သူများမို့ သူမ အတွက် အနေမကျပ်ခဲ့ပါ။
သူမ အနေကျပ်ခဲ့ရတာကတော့ နယ်မှ သော်ပြန်လာသည့်နေ့ပဲ
ဖြစ်သည်။ ထိုနေ့က ကို့မိဘမှ လက်ဖွဲ့သော အိမ်လေးဝယ် သူမနှင့်ကိုတို့ အတူရှိနေခဲ့သည်။
အသစ်စက်စက် ကြိုးဖုန်းလေးမှ ကလင်ကလင် ထမြည်သောအခါ သူမ ကော ကိုပါရုတ်တရက် အံ့သြရင်း
ဖုန်းနံပါတ်ကို ကြည့်မိတော့ သူမတို့နှစ်ယောက်လုံးမသိသည့် ဖုန်းနံပါတ်ဖြစ်နေသည်။ ကို
က ဖုန်းကိုင်လိုက်သောအခါတိုင်း ချသွားသော ထိုဖုန်းသည် ကို အပြင်သို့ ထွက်ကာ စားစရာဝယ်သည့်အချိန်တွင်ပင်
နောက်တစ်ခေါက်ထပ်လာပြန်သည်။ သူမ ကိုင်လိုက်သည့်အချိန်မှာတော့ သော်၏ နာကျင်ရှတနေသော
စကားတို့ကို ကြားရင်း ကို့ကို အားနာစိတ်နှင့်အတူ သူမကိုယ်တိုင်ပါ ရင်ကွဲမတက်ခံစားခဲ့ရ၏။
သော်ကတော့ ထိုအကြောင်းများကို သိနိုင်မည် မထင်။ မထင်ပါ။
“နင် အရမ်း ရက်စက်တယ် မော် ငါ့အတွက်ကျ
ထည့်စဉ်းစားမပေးဘူး”
သော်၏ အက်ကွဲရှတနေသော အသံတို့ကို ပြန်ချေဖျက်ဖို့ရာ
စကားမရှိခဲ့သလို သော်၏ ဆက်လက်ပြောဆိုနေသော ကြေကွဲစကားများကိုလည်း သူမ မကြားနိုင်ခဲ့။
သူမ ကိုယ်တိုင် ရင်ကွဲနေခဲ့ရသည်မို့
“တောင်းပန်ပါတယ် သော်ရယ်” ဟုသာ တဖွဖွ ရေရွတ်မိခဲ့ရသည်
မဟုတ်လား။
ဟော
အခုလည်း နင်ရက်စက်တယ်ဟာ ဆိုသည့်စကားတစ်ခွန်းနှင့်ပင် သော်ဖုန်းချသွားပြန်ပြီ။ ကိုတစ်ယောက်
ရုံးသွားနေ၍သာ တော်တော့သည်။ ကိုသာရှိလျှင် ဖုန်းကိုင်သူသည် ကိုသာ ဖြစ်မည်ဖြစ်၍ သော်သည်လည်း
ဒီနေ့အတွက် မကျေမချမ်းနှင့် ဖုန်းဆက်ဖို့ ပြင်နေဦးမည် မဟုတ်ပါလား။
မော် သက်ပြင်းတစ်ချက်ရှိုက်လိုက်မိရင်း
စတိုခန်းထဲသို့ဝင်လာလိုက်သည်။ နောက် ကို တစ်ယောက်ပင်မသိသော ၊ သူမ လျှို့ဝှက်စွာ သိမ်းဆည်းထားမိသော
သေတ္တာလေးဆီသို့ လက်လှမ်းလိုက်မိတော့၏။ ထိုသေတ္တာလေးထဲဝယ် သော်နှင့် မော်တို့၏ အမှတ်တရများစွာ
ရှိသည်။ အမှတ်တရ များစွာ ရှိသည်လေ။
(-)
“မော်ရေ မော်”
ဟော ကိုတောင် ပြန်လာပြီပဲ။ သော်နှင့်သူမဓါတ်ပုံတွေကို
အလျှင်အမြန်သိမ်းဆည်းရင်း သေတ္တာလေးကို သော့ခတ်ပစ်လိုက်သည်။ နောက် လျှို့ဝှက်နေရာလေးဆီသို့
သေတ္တာလေးကို တွန်းပို့လိုက်ရင်း စတိုခန်းအပြင်ဘက်သို့ ထွက်ခဲ့တော့ ကိုနှင့် ဆံပင်ရှည်ရှည်
အမျိုးသမီးတစ်ယောက်ကိုတွေ့ရသည်။ အမျိုးသမီးက ခေါင်းငုံကာ စာရွက်တစ်ရွက်ကို ငုံ့ကြည့်နေတော့
မျက်နှာက ဆံပင်ရှည်တို့နှင့် ဖုံးကွယ်နေသည်။
“ဧည့်သည် ပါလာတယ် မော်ရဲ့ ကိုယ်တို့ရုံးကလေ
အစ်ကို့ဇနီး မော်ဘယ်လောက်ချောကြောင်း ကြွားထားလို့ အိမ်တိုင်ယာရောက် လိုက်ကြည့်တာတဲ့”
“သြော် ဆရာကလည်း ဆရာကတော် ရှက်နေပါဦးမယ်
ဆရာ့ကားပျက်နေတာတွေ့လို့ လိုက်ပို့ရင်း ဝင်လည်တာပါ အစ်မ”
သူမ နှလုံးခုန်ရပ်တန့်မတက် လန့်သွားရသည်။
ဒီအသံ။ ဒီအသံက သော့်အသံ မဟုတ်လား။ ရုတ်တရက် အမျိုးသမီး၏ မျက်နှာကို မော့ကြည့်လိုက်တော့
သော် သူမကို ပြုံးပြနေသည်။ ဟုတ်သည်။ သော်တာမေ ဆိုသည့် သော်။ သော် ပိုလှလာသည်။ မဟာဆန်ဆန်လှနေသည့်
သော့်ကိုကြည့်ရင်း မော့်ရင်ထဲ ဝမ်းနည်းအားငယ်စိတ်တို့ လှိုင်တက်လာပြန်ပြီဖြစ်၏။
“ ကို ခဏ အဝတ်သွားလဲလိုက်ဦးမယ် သော်တာ့ကို
အအေးတိုက်လိုက်ဦးနော်”
အိမ်ခန်းတွင်းဝင်သွားသည့် ကို့ကို သူမ
ငေးကြည့်နေမိသည်။
“ပျော်ရဲ့လား မော်”
“သော်… ငါ”
“ငါတော့ ခုထိ မပျော်သေးဘူး ဒါပေမဲ့ စိတ်ချပါ
ငါ ပျော်အောင်နေဖို့ ကြိုးစားနေပါတယ် ဒို့နှစ်ယောက်မှာ တစ်ယောက်ယောက်ကတော့ ဘဝမှားပြီး
ဖြစ်လာတဲ့ အာဒံပဲဆိုတော့ ဖြစ်သမျှ အကြောင်း အကောင်းချည်းပေါ့ စကားမစပ် ငါ လက်ထပ်တော့မယ်
မော် အမေနဲ့ အဖေ စိတ်ချမ်းသာအောင်လေ နင့်လိုပေါ့ အဟား”
မပြောနဲ့။သော် မပြောနဲ့။ ဖြစ်နိုင်လျှင်
သူမ နားတို့ ပိတ်ထားချင်မိသည်။ သော်၏ အက်ကွဲလွန်းသော အသံကို မကြားချင် မကြားချင်တော့။
“ဆရာ သွားတော့မယ် နောက်နေ့မှ ဖိတ်စာလာပို့တော့မယ်နော်
ဆရာ”
သော့်စကားကြောင့်
ကျလုလု မျက်ရည်တို့ကို မသိမသာသုတ်လိုက်ရင်း နောက်သို့ လှည့်ကြည့်လိုက်တော့ ကို က အဝတ်အစားလဲပြီး
အိမ်ခန်းထဲမှ ထွက်လာပြီဖြစ်၏။
“အော် မော်ကလဲ အအေးဖျော်တိုက်ပါဆို”
“သော်က တားထားလို့ပါဆရာ ဆရာကတော် သွားပြီနော်”
ကျော့ကျော့မော့မော့လေးထွက်သွားသော သော့်ကို
သူမ ငေးကြည့်နေမိသည်။ ဒီချိန်ထိ ကိုယ့်ကိုယ်ကို သော်လို့ သုံးနေတုန်းပဲလား။ ငါကတော့
ငါ့ကိုငါ မော်လို့ သုံးတာ ကိုတစ်ယောက်ပဲရှိတော့တယ် သော် ဟုလည်း စိတ်တွင်းမှ ဆိုလိုက်မိရင်း။
(-)
နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသည့် ကို့ကိုစောင်ခြုံပေးခဲ့ပြီး
သူမကတော့ စတိုခန်းဘက်သာ ထွက်လာလိုက်မိတော့သည်။ မီးမဖွင့်ပါပဲ စတိုခန်း၏ အမှောင်ဆုံးနေရာတွင်
ထိုင်ချလိုက်၏။ လက်ရှိ သူမ၏ စိတ်ဝယ် အရာရာကို မှောင်မိုက်နေစေချင်သည်မဟုတ်ပါလား။
ထို့နောက် မျက်လုံးအစုံကို မှိတ်လိုက်မိတော့
သော်။ သော် သူမကို ပြုံးပြနေသည်။
“သော်
နင်နိုင်ပါတယ်၊ ငါနင့်ကို ချစ်တုန်းပဲ သော်”
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>ရည်ဝေ(လင်းရောင်ခြည်)
1 comment:
ဒီလို သံယောဇဉ်မျိုး တကယ်ရှိ / မရှိ သိချင်၏
^ ^
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်