Wednesday, 12 June 2013

ငှက်ကလေးတစ်ကောင်အတွက်-၁၀

ငှက်ကလေးတစ်ကောင်အတွက်-၁၀

သူ ကျွန်တော် အိပ်မက်တွေ မပျောက်ဆုံးချင်။ ပျောက်ဆုံးလုလု အိပ်မက်များစွာကို ကမူးရှုးထိုး သိမ်းရင်းနှင့်ပင် ကျွန်တော့် အိပ်မက် အိတ်ကြီးထဲဝယ် သူနှင့် ကျွန်တော့် အိပ်မက်ဟောင်းလေးများ အတော်ပင် သိမ်းဆည်းရမိနေပြီဖြစ်၏။
သစ်ပင်တစ်ကောင်နှင့် ငှက်ကလေးသာ ပါဝင်သော အိပ်မက်သည် အနည်းငယ်တော့ ခြောက်ကပ်နေနိုင်ပါသည်။ သို့သော် ငှက်ကလေး၏ အပြုံးများစွာကြောင့် ကမ္ဘာကြီး လှနေသည်ကတော့ အမှန်ပင်ဖြစ်သည်။
ငှက်ကလေး၏ အိပ်မက်သည် တခမ်းတနားနိုင်လွန်းသလောက် ကျွန်တော်၏ အိပ်မက်သည် ငှက်ကလေးတစ်ကောင်သာ လိုအပ်ခဲ့သည်။ ငှက်ကလေးနှင့် ကျွန်တော့်အိပ်မက်တွင် လက်နှစ်ဖက်အတူတွဲနိုင်လျှင် အရာရာကို ကျော်ဖြတ်နိုင်သည်ဟု ကျွန်တော် ယူဆမိသည်။ ကျွန်တော် မှားကောင်းမှားနိုင်ပါသည်။ အချစ်ကိုမှ ရူးသွပ်လေခြင်းဟု ထင်ကောင်းထင်နိုင်ပါသည်။ သို့သော် အမှန်တကယ်လိုအပ်နေသည်ကတော့ ငှက်ကလေး၏ လက်တစ်ဖက်သာဖြစ်သည်။

ငှက်ကလေးနှင့် တွေ့ဆုံဖို့သည် သစ်ပင်တစ်ပင်၏ အိပ်မက်မဟုတ်ပါ။ ငှက်ကလေးနှင့် တွေ့ဆုံဖို့သည် နှလုံးသား၏ အလိုဆန္ဒသာဖြစ်သည်။ ထိုဆန္ဒကို အိပ်မက်အဖြစ်အသက်သွင်းရင်း ငှက်ကလေးမသိပါပဲ စွဲလမ်းစိတ်နှင့် ငှက်ကလေးပါဝင်သော အိပ်မက်တို့ ဖြစ်ထွန်းလာရသည်။ ထိုအိပ်မက်များစွာကို ကျွန်တော့်အိပ်မက်အိတ်ကြီးထဲဝယ် သိမ်းဆည်းထားလျှက်ရှိကြောင်း ငှက်ကလေး သိစေချင်ပါသည်။အခွင့်မရှိပဲ လွမ်းလျှင် ခိုးသူဟု ယိုးစွပ်နိုင်ပါသလား။ ကျွန်တော် အယိုးစွပ်မခံချင်ပါ။ သို့သော် ငှက်ကလေးကို အခွင့်မရှိပါပဲ လွမ်းမိနေသည်ကတော့ အမှန်ပင်ဖြစ်၏။ သူဆိုနေကျ တေးလေးတွေကို လွမ်းသည်။ သူပြောနေကျ စကားလေးတွေကို လွမ်းသည်။ သူပြုံးနေကျ အပြုံးလေးတွေကို လွမ်းသည်။
ငှက်တစ်ကောင်၏ အပြုံးသည် သာမန်ထက် မထူးခြားခဲ့။ ထူးခြားခဲ့သည်က ကျွန်တော့်တစ်ယောက်တည်းအတွက်သာဖြစ်သည်။ ဟုတ်၏။ ကျွန်တော့်တစ်ယောက်တည်းအတွက်သာ သီးသန့်ဖြစ်တည်သော ငှက်ကလေး၏ အပြုံးကို လိုချင်ပါသည်။ ဝမ်းနည်းစရာကောင်းသည်က ယနေ့အချိန်ထိ ငှက်ကလေးထံမှ ကျွန်တော့်အတွက် သီးသန့်ဖြစ်တည်သော အပြုံး၊ စကားတို့ကို မရရှိသေးခြင်းပင်ဖြစ်သည်။သူ့ ကို ကြည့်ရင်း ရင်မောရသည်တို့ကိုတော့ ငှက်ကလေးသိနိုငမည်မထင်။
သူဆိုချင်သောစကားတို့ကို မြိုသိပ်နေရသော သူ့ကိုကြည့်ရင်း ငိုချင်သည်။ သူသည်ငှက်ကလေးတစ်ကောင်မျှသာဖြစ်ကြောင်း သူ့ကိုယ်သူ မေ့နေသည်ကို ကြည့်ရင်း ငိုချင်သည်။
ဟုတ်သည်။ သူသည် ငှက်ကလေးတစ်ကောင်မျှသာဖြစ်ပါသည်။ သူများတကာလို ဆိုးခွင့်ရှိပါသည်။ မဆိုးမိုက်ဘူးဆိုလျှင်တောင်မှ လွတ်လပ်စွာ စကားပြောဆိုခွင့်ရှိပါသည်။ လွတ်လပ်စွာ နေထိုင်ခွင့်ရှိပါသည်။ လွတ်လပ်စွာ လူငယ်ဆန်ခွင့်ရှိပါသည်။ ယခုတော့ သူ့ကို အထပ်ထပ်ဝန်းရံထားသော စည်းမျဉ်းများကြားဝယ် မလူးသာမလွန့်သာနှင့် သူ ပိတ်မိနေရှာသည်။ ဖဲ့ပေး၍ ရလျှင် ကျွန်တော့်လွတ်လပ်ခြင်းတို့ကို ဖဲ့ပေးချင်ပါသည်။ သို့သော်ကျွန်တော်ကိုယ်တိုင်ကိုက သစ်ပင်ဖြစ်နေသည်မဟုတ်ပါလား။သို့သော် ထိုစည်းမျဉ်းများကြားမှပင် တခါတရံလွတ်ထွက်လာတတ်သော သူ့ဆိုးဟန်လေးတွေက ချစ်ဖို့ကောင်းစွာ ကလေးဆန်နေသည်။ ထိုမျှလောက်ဆိုးရသည်ကိုပင် တကယ့်ဝါရင့်လူမိုက်ကြီးဟန် ဖမ်းပြနေပုံက ရယ်ချင်စရာပင်ဖြစ်၏။ သစ်ပင်တစ်ကောင် မဆိုးဖူးပါ။ ထို့အတူ ကိုယ့်စိတ်ကိုယ် မထိန်းချုပ်ဖူးပါ။ သူ့ကိုကြည့်ရင်း ကိုယ့်စိတ်ကိုယ် ထိန်းချုပ်တတ်အောင် လေ့ကျင့်သော်လည်း မအောင်မြင်ခဲ့။ ပြောချင်ရာဆို ပက်ခနဲပြန်ပြောတတ်သော၊ လုပ်ချင်ရာကို မဆိုင်းမတွ လုပ်တတ်သောသစ်ပင်တစ်ကောင်ကတော့ ယနေ့ထိ ကိုယ့်အကျင့်အတိုင်းနေထိုင်လျှက်ရှိဆဲဖြစ်သည်။ငှက်ကလေးနှင့် သစ်ပင်၏ စကားပြောဆိုပုံကို ပြန်စဉ်းစားမိတိုင်းရယ်ချင်သည်။ ထိုအချိန်မျိုးများဝယ်ငှက်ကလေးသည် ငှက်ကလေးမဟုတ်တော့သည့်အတိုင်း သာမန်တစ်တီတူးလေးတစ်ကောင်လိုပင်။ သစ်ပင်ကတော့ သစ်ပင်၏ အကျင့်အတိုင်း ပြောချင်ရာကို ပြောတတ်သူသာ ဖြ်၏။ ငှက်ကလေး ကိုယ်နှင့်စကားဆိုတိုင်း အဘယ့်ကြောင့် တစ်တီတူးသဏ္ဍန်ဖြစ်နေသည်ကို မသိပါ။ သို့သော် တစ်ခုတော့ သိထားစေချင်မိသည်။ သစ်ပင်တစ်ကောင်၏ လွတ်လပ်မှုသည် မည်မျှပင်ရှိစေ၊ သစ်ပင်သည် မြန်မာနိုင်ငံ၌ ရှင်သန်လျှက်ရှိသော သစ်ပင်တစ်ပင်သာ ဖြစ်သည်ဟုပင်သစ်ပင်တစ်ကောင်၏အတွေးထဲ၌ ငှက်ကလေးကို ပိုင်ဆိုင်ဖို့ရာ မရှိပါ။ သို့သော် စိတ်ချမ်းသာစေချင်သည်။ ပျော်ရွှင်စေချင်သည်။ ငှက်ကလေး၏ ပျော်ရွှင်မှုသည် ကိုယ့်ပျော်ရွှင်မှုနှင့်တိုက်ရိုက်အချိုးကျနေသည်ကိုတော့သစ်ပင်လည်း မတက်နိုင်ပါ။ ချစ်ခြင်းကို မချစ်ဟု မငြင်းလို၊ မညာလိုပါ။ ပိုင်ဆိုင်ခွင့်ရမှဟူသည့် အခြေအနေမျိုးကြီးလည်း မရှိတာအမှန်ပင်။ ငှက်ကလေး၏ အပြုံးကို မြင်နေရလျှင် သစ်ပင်စိတ်ချမ်းသာပြီဖြစ်၏။ ငှက်ကလေး၏ ဘဝဝယ် အပျော်တို့နှင့် ပြည့်နေအောင် ဖြည့်ဆည်းပေးချင်မိသည်။ ဒီလောက်သာ..။ သစ်ပင်တစ်ပင်၏ အတွေးသည် ထိုမျှထိ ရိုးရှင်းပါ၏။အချစ်=ရမ္မက် ဟု ဆိုကြသူတွေကို ရယ်ချင်မိသည်။ ချစ်ခြင်းဝယ် ရမ္မက်သာ အဓိကမဟုတ်ပဲ ရမ္မက်သည် သာမန်ဖြည့်ဆည်းမှုမျှသာဖြစ်ကြောင်း ချစ်ခြင်းသီးသန့်ဖြင့် ချစ်ဖူးသူတို့ကတော့ ကိုယ်ချင်းစာလိမ့်မည်ထင်သည်။
ကျွန်တော် ငှက်ကလေးကို ချစ်ခြင်းသီးသန့်ဖြင့် ချစ်မိပါသည်။ ဟုတ်၏။ ချစ်ခြင်းသီးသန့်ဖြင့် ချစ်မိပါသည်။
ရမ္မက်ကင်းကင်း.....နှင့်။
သစ်ပင်

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်