“စိတ်ရဲ့အနားသတ်”
ဟောဒီရင်ဘက်ထဲက အောင့်သက်နေတာပဲ။ ကိုကို့အတွက် ကျွန်မ
တစ်စုံတစ်ရာအရေးပါခဲ့သလားဟင်။ သိချင်လိုက်တာ ကိုကို။
မိန်းမသားတဲ့။ ချစ်သူကို ချစ်တယ် ဟု ဖွင့်ပြောခွင့်မရခြင်းမှာ
သိက္ခာတရားပါသည်။ အစဉ်အလာပါသည်။ လူတစ်ယောက်ကို မည်မျှပင် မြတ်နိုးခဲ့စေကာမူ ကိုယ်ကစ၍
ချစ်ပါတယ် လို့တော့ ဖွင့်ပြောခွင့်မရ။ ဖွင့်ပြောခဲ့လျှင်လည်း ထိုမိန်းကလေးသည် မိန်းမသားတို့စောင့်ထိန်းအပ်သည့်
အစဉ်အလာကို ချိုးဖျက်ခြင်းဖြစ်သည်။ ထိုမိန်းကလေးအပေါ်မှာလည်း တဖက်ယောက်ျားသားက အထင်သေးသွားနိုင်ပါသည်။
သိသည်။ ဦးနှောက်ကြီးက သိသည်။ နှလုံးသားက ထိန်းရခက်နေသည်။ ကဲ ဘယ်လိုလုပ်မလဲလေ။
“သူနဲ့ ငါက အရင်က ညီအစ်မလို နေလာတာ ငါနဲ့ကိုအောင်နဲ့ ချစ်သူဖြစ်တာ
ဖွင့်မပြောပြပေမယ့် သူသိတာပဲ သူသိသိကြီးနဲ့ ကိုအောင့်ကို…”
စကားဆက်မဆိုတော့သော သူငယ်ချင်းကို ငေးကြည့်နေမိသည်။ အိုး
ကျွန်မကော ကိုကို့မှာ ချစ်သူရှိမရှိ သေချာမသိပဲနဲ့များ မျက်ကန်းမြတ်နိုးနေဖြစ်ခဲ့တာလား။
သို့ဆိုလျှင်တော့ မဖြစ်သေး။ ကျွန်မ အချစ်ဓါးမြ မဖြစ်ချင်ပါ။ ကိုကို့ကို ဘယ်လောက်လွမ်းလွမ်း၊
ကိုကို့ကို လွမ်းပါသည် ဟု သတိတရထုတ်မပြောတတ်ခဲ့ပါ။ ကိုကိုရှိရာနေရာသို့သွား၊ ကိုကို့မျက်နှာလေးမြင်ခွင့်ရလျှင်ပင်
ကျေနပ်တတ်ခဲ့တာဖြစ်သည်။ ကိုကို့ဆီက ချစ်တယ်ဆိုသည့်စကားတစ်ခွန်းကို သေလုအောင် မျှော်လင့်ရပါသည်။
သို့သော် ကိုကိုပြောတတ်သည့် စကားလေးကဲ့သို့ပင်။ ကျွန်မစိတ်ကို အဖြူရောင်ဆိုးထားပါသည်။
“အလိုလောဘဆိုတာ သံယောဇဉ်လည်းဟုတ်တယ်
အချစ်လည်းပါလာတယ် မချစ်လို့မခင်လို့ မုန်းလို့ဆိုရင်
ကြေကွဲရရော ခံစားနေရရရော လိုချင်တာမရရင်
ဖြစ်နေတဲ့လူ့စိတ်တွေဆိုတာ ပြာမှုန့်လေးတွေလိုပဲ
ဖြူတယ်လို့ထင်ရပေမယ့် အပြာဖက်လုပြီးအထိမခံဘူး လွှင့်မြောနေတတ်ကြတာ”
တဲ့။ ကိုကိုက စိတ်ခံစားမှုအား ကောင်းသည်။ ထိရှလွယ်တတ်သည်။ ကိုကို့နှင့် ကျွန်မ
ခင်မင်ခဲ့ကြသည်မှာ ပြင်ပလူနေမှုဘဝတွင်မဟုတ်ပဲ မဂ္ဂဇင်းတစ်စောင်၏ စာပေးစာယူကဏ္ဍမှာ သိကျွမ်းခဲ့ရခြင်းဖြစ်သည်။
စာပေဝါသနာပါသူချင်းမို့ ပိုလို့ပင်ရင်းနှီးခဲ့ကြသည်။ နေရပ်ဌာနချင်းလှဲလှယ်ကြတော့မှ
ကိုကိုနှင့် ကျွန်မက ရန်ကုန်မြို့ကြီးထဲတွင်နေထိုင်ကြကြောင်း သိရတော့သည်။ ကိုကိုဘာအလုပ်လုပ်လဲ
ကျွန်မ မသိသလို ကျွန်မ ဘာအလုပ်လုပ်လည်း မပြောဖူးပါ။ ကျွန်မသိသည်က ကိုကို ဆိုသည့် ကလောင်အမည်ဖြင့်
ကဗျာရေးသည့် ကိုကို။ ကိုကိုသည်က ဝေ ဆိုသည့် နာမည်ဖြင့် ကဗျာရေးသည့် ဝေ။
အို သူငယ်ချင်း မျက်ရည်တွေ ကျနေပါပေါ့ကော။ အချစ်ကြောင့်
မျက်ရည် ကျခဲ့ဖူးသလား ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ချင်လာသည်။
“ငါ ဘာလုပ်ရမလဲဟင်”
“သူ ငါ့အပြင်တွဲတာ ဒီတစ်ယောက်တည်းမဟုတ်ဘူး ဒီတစ်ယောက်ရှေ့မှာကို
လေးငါးခြောက်ယောက်လောက်ရှိတယ်”
ဘာဖြေရမလဲ မသိတတ်စွာနှင့် သူငယ်ချင်းနှင်း ကို ငေးကြည့်နေမိသည်။
“သူက ငါ့ကိုသစ္စာဖေါက်ချင်တာမဟုတ်မှန်းသိတယ် ခက်တာက သူက
ကောင်မလေးတွေ ရောလာရင် ပြန်ရောတတ်တာ တစ်ဖက်ကကောင်မလေးက သူ့ကို ကြွေနေပြီဆိုတော့လည်း
သူနောက်မဆုတ်ဘူး အလကားရတဲ့နွား သွားဖြဲကြည့်စရာလားဆိုပြီး သူတွဲတာပဲ သူ အမြဲပြောလေ့ရှိတယ်
သူ တကယ်ချစ်တာက နှင်းတစ်ယောက်တည်းပါတဲ့ ငါ ….ငါ သည်းမခံနိုင်ဘူးဟာ”
အိုး။ ကြောက်ဖို့ကောင်းလိုက်တာ။ ကိုကိုကော ဝေက ပြုံးပြနေတယ်ဆိုရင်
ဝေ့ကို ဒီလိုအတွေးမျိုးတွေးမှာလားဟင်။ သူ့ကို လာကြွေပြနေတဲ့ ကောင်မလေးဆိုပြီး တွေးမှာလား။
ခက်လိုက်တာ။ ရှက်ဖို့ကောင်းလိုက်တာနော်။ တကယ်သာ အဲဒီလိုဆို ကျွန်မ သိက္ခာက မြောင်းပေါ်မှာတဲတဲလေးပဲ
ကျန်တော့မှာပေါ့။ မြောင်းထဲရောက်မသွားအောင် ပြန်ဆယ်ရမည်။ ပြန်ဆယ်ရပါမည်။
မှတ်မိသေးသည်။ ကိုကိုနှင့် အတူတူခင်ခဲ့ရသော စာပေးစာယူစာပေသမားများနှင့်တွေ့ဆုံတော့
ဝေဆိုသည့် ကျွန်မကို ကိုကို သိပ်မခင်မင်ခဲ့ပါ။ သို့သော် တဖြည်းဖြည်းခင်မင်မှုသက်တမ်းရင့်လာချိန်မှာတော့ ကိုကိုနှင့်ကျွန်မ အကြား ခင်မင်မှုတို့တိုးလာသည်သာဖြစ်၏။
ထို့အတူ ကျွန်မက မိန်းကလေးတန်မဲ့ အို ဆက်မတွေးချင်တော့။
သို့သော် အမြင်မှာပေါ်လာသည်က ကိုကို။ ခု ကျွန်မရဲ့သူငယ်ချင်းလိုမျိုး သူ့မှာ မိန်းကလေးတစ်ယောက်သာ
ရှိနေခဲ့မယ်ဆိုရင်……….။
“ငါ သွားတော့မယ်ဟာ ဒီအကြောင်းတွေ ဘယ်သူ့မှမပြောနဲ့နော်
မခံစားနိုင်လွန်းလို့ နင့်ဆီမှာရင်ဖွင့်ရတာ”
မျက်ရည်စက်လက်နှင့် ထွက်ခွာသွားသော သူငယ်ချင်းကို ခေါင်းညိတ်ပြရုံကလွဲ၍
မတတ်နိုင်ခဲ့။ ကျွန်မ ကော အချစ်ဓါးပြ ဖြစ်လုဖြစ်ခင်လား ဆိုသည်ကိုတော့ သေချာစွာ ဆန်းစစ်ရပါဦးမည်။
---------------+++++++++++++++++++++++++++---------------------------
ကိုကို့နှုတ်ခမ်းလေးတွေ ပြုံးနေသည်။ ကိုကို့မျက်ဝန်းလေးတွေ
ပြုံးနေသည်။ ကိုကို့စကားသံလေးတွေ ပြုံးနေသည်။ သို့သော် ကျွန်မအတွက်တော့ မဟုတ်ခဲ့။ ကိုကို့အာရုံတစ်ခုလုံး
သူကိုင်ထားသည့် ဖုန်းပေါ်မှာသာ ရှိသည်။ ရေသနှ်ုဗူးထဲမှ ရေကိုဖန်ခွက်ထဲထည့်ရင်း ကိုကို့ရှေ့တိုးပေးတော့
ကိုကိုက မော့ကြည့်လာသည်။ သို့သော် ခဏသာ။
“ဟိတ် ရောက်တာကြာပြီလား ဒီနေ့မှဟာ အိမ်မှာ နည်းနည်းရှုပ်နေလို့
နောက်ကျသွားတာ ဆောတီးသူငယ်ချင်းရယ် တောင်းပန်တယ်နော် ကိုကို”
နှင်းကိုတောင် ခေါင်းလေးသာ ဆတ်ပြသော ကိုကို့ကိုကြည့်ရင်း
ဘာရယ်မဟုတ်ပါပဲ ဝမ်းနည်းလာမိသည်။ ဖုန်းလေးတစ်လုံးဆီကတောင် အာရုံမလွှဲပြောင်းနိုင်တဲ့
ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းစွာ အချစ်ဓါးပြဖြစ်လေမလား တွေးကြောက်နေသေးသည်။
တကယ်ဆိုကိုကို့အတွက် ကျွန်မသည် ခင်မင်မှုပြယုဂ်တစ်ခုသာ ရရှိထားသည်ဖြစ်သည်မဟုတ်လား။
“ဒီလို ကိုကိုရဲ့ ကျွန်မနဲ့ဝေနဲ့ ကဗျာစာအုပ် ထုတ်ချင်တာ
အဲဒါ ကဗျာလေးတွေ ရွေးပေးပါ့လား လို့ အကူအညီတောင်းချင်လို့ ချိန်းလိုက်တာ ကိုကိုက ကျွန်မတို့ထက်
ရွေးချယ်နိုင်စွမ်းရှိတယ်လေ”
ဘာရယ်။ နှင်း…. နှင်း ရက်စက်ပြီဖြစ်သည်။ ကဗျာတွေမှာ ကို့ကို့အငွေ့အသက်တွေပါသည်။
ကိုကို့အရိပ်တွေ ပါသည်။ တစ်ပုဒ်တည်းကြည့်လျှင်မသေချာသော်လည်း ထပ်ခါထပ်ခါတွေ့ပါများသည့်အခါ
သည်ချစ်ခြင်းဖွဲ့ကဗျာတွေမှာ ကိုကို့အရိပ်အယောင်တွေပါတာ ကိုကိုသိသွားနိုင်လေမလား။
ကိုကို ခေါင်းမညိတ်ပါနဲ့၊ အလုပ်များတယ်ဆိုပြီးခေါင်းခါပေးပါ။
ကိုကို့ဆီ အလန့်တကြားကြည့်ရင်း မျက်ဝန်းများဖြင့်တောင်းဆိုနေမိသည်။ ကိုကို နားလည်မှာလားဟင်။
“အိုခေ ကူညီရတာပေါ့ ကဗျာတွေ ရွေးပေးရုံပဲ မဟုတ်လား ကဗျာတွေ
ပေးထားလေ တစ်ယောက်ကို ဘယ်နှစ်ပုဒ်လဲဆိုတာလဲ ပြောဦး”
“ရော့ ဒီမှာ စတစ် ယူလာတယ် ကွန်ပျူတာနဲ့ ဖွင့်ကြည့်လိုက် တစ်ယောက်ကို ၁၅ ပုဒ်စီသုံးမယ်လို့
စဉ်းစားထားတာပဲ အဲဒီမှာ စိတ်ကြိုက်ရွေးပေးပေတော့ ”
ဘုရားရေ ကျွန်မ တားလို့ မရတော့ဘူးလား။ ဇွတ်ဖြတ်လိုက်ရင်တော့
ကိုကိုက ကျွန်မကို တမျိုးမြင်သွားနိုင်ပါသည်။။
“ကဲ မိရွှေချော ဘယ်ထိ ထိုင်နေဦးမှာလဲ ကိုကိုတောင် ပြန်သွားပြီ
သူ အလုပ်ရှိလို့ဆိုလားပဲ ညည်းက ခုထိ ထိုင်နေတုန်း ပြီးရင် ဒို့တွေ တစ်နေရာရာလစ်အောင်လေ”
နှင်းစကားကို ခေါင်းညိတ်ပြလိုက်မိသော်လည်း ရင်မှာ တထိတ်ထိတ်။
မှတ်မှတ်ရရ မေးလိုက်မိသည်ကိုက ကျွန်မအမှားလား။ စိတ်မှာတော့ ဆတ်ခနဲ ဖြစ်သွားသည်မှာ သေချာပါသည်။
“နင်နဲ့ နင့်ချစ်သူအခြေအနေ ဘယ်လိုလဲ”
“ငါက တစ်ခုခုကို ပြတ်အောင်လုပ် လို့ ပြောလိုက်တာကို အင်းမလှုပ်အဲမလှုပ်နဲ့ တစ်ဖက်ကောင်မလေးကိုလည်း မဖြတ်ရက်ဘူး
ငါ့ကိုလည်း မဖြတ်ချင်ဘူးတဲ့ဒါဆိုလည်း ငါက ဖြတ်မယ်ဆိုတော့ လည်း မရပြန်ဘူး စိတ်ညစ်တယ်ဟာ
အဲဒီကောင်မလေးတွေ တစ်နေ့ဝဋ်ပြန်လည်လိမ့်မယ်သိလား တပါးသူချစ်ခြင်းကို ဖြိုခွဲတဲ့ မိန်းကလေးတွေ
သူတို့ကိုကြည့်ပြီးတွေးမိတယ်သိလား ဘာ့ကြောင့်များ သူတပါးအိမ်ထောင်ရေးကို လိုက်ဖျက်ဆီးနေကြတာလဲလို့
သူတို့ငရဲမကြောက်ဖူးလားမသိ”
ကိုကို့မှာ ချစ်သူရှိခဲ့ရင် ထိုသူမလည်း ဒီလိုအတွေးမျိုးတွေးနေပါလိမ့်မည်။
ကျွန်မ ခြေလှမ်းတို့ တဖြည်းဖြည်းလေးလံလာသည်ကို ကိုယ့်ဘာသာသိ၏။ နှလုံးသားကတော့ ဝုန်းဒိုင်းဆန်ဆူညံတုန်း။
ကျွန်မကော မသိလိုက်မသိဘာသာငရဲတောထဲများ ဆင်းမိခဲ့ပြီလား ……။
--------------------+++++++++++++++++++++++++++++++++---------------------
“တိုးဖွဖွ
ဆိုပြခဲ့သော သီချင်းများ နှလုံးသားဖြင့်ကြားနာခဲ့ အချစ်ပင်လယ်ကို သူခွင့်မပြုလည်း ခြေစုံပစ်ပြီးခုန်ဝင်ပစ်လိုက်တယ်
တစ်ဘက်သတ်အချစ်ဟာလည်းရိုးသားမှုနဲ့ဖြစ်တည်လာတဲ့ ချစ်ခြင်းပဲ မဟုတ်လား...။”
ဒီကဗျာလေးရောက်ရင် ကိုကို
သိလောက်မလား။ ဒါမှမဟုတ်ဟိုကဗျာလေးရောက်ရင် သိလောက်မလားဆိုသည့် အတွေးမျိုးစုံနှိပ်စက်လျှက်
ပူလောင်လွန်းလှသည်။
“လှည့်မကြည့်မိချင်သော
နှုတ်ဆက်စကားများ လက်မပြချင်သော လမ်းခွဲများ ငှက်ကလေးရေ ခင်ဗျားနဲ့ပတ်သတ်ရင် ကျွန်တော်ဟာ
အဲဒီလောက်ထိ ရူးတဲ့သူပေါ့ နှုတ်ဆက်ခြင်းကို မုန်းတယ်”
ကိုကို့ကို
ငှက်ကလေးဟု အမည်တပ်၊ ကိုကို့အတွက်စာတွေ ရေးခဲ့မိတာ မှားလေပြီလား။ နှင်း ကျွန်မကို
ဘာ့ကြောင့်များအသိမပေးခဲ့ပါသလဲ။ သိမ်ငယ်စိတ်တို့ဖြင့် ပူလောင်လွန်းလှသည်။ သိက္ခာတရား၏
အဆိပ်ဆိုသည်မှာ ဒါကို ခေါ်လေသလား။ ကိုကိုများသိသွားခဲ့လျှင်ဆိုသည့်အတွေးများးဖြင့်
“ငှက်ကလေးက
လူကြီးဆန်ပါ
ရင့်ကျက်ပါ ကျွန်တော့်ရဲ့ ဒိသာပါမောက္ခ သင်ပြပေးပါ ကျွန်တော် လူငယ်ဆန်လွန်းသွားရင်
ကျွန်တော့်ကို ဆူပါငေါက်ပါ။
သစ်ပင်က မရင့်ကျက်သေးဘူး ဟိုလူးဒီလူး ဆယ်ကျော်သက်အရူးလေးပါ
ဒါပေမယ့်လည်း အကြီးကြီး ချစ်တတ်တယ် ခိုင်ခိုင်မြဲမြဲ။
ငှက်ကလေးရေ ကျွန်တော်က
သစ်ပင်ငယ် စိတ်လည်းငယ်တယ် ကျွန်တော့်စိတ်ရဲ့
ကြီးမြတ်မှုဟာ ဝလုံးလေးတွေ မြင်မိတိုင်းသိမ်ငယ်သွားရ ဝန်တိုမှုမဟုတ်ဘူး အားလျော့မှုပါ။
ငှက်ကလေးရေ မပြီးသေးတဲ့ဒီကဗျာတွေကို အစကနေ သေချာဖတ်ကြည့်လာခဲ့
ကဗျာထဲက စကားတွေနားလည်ရဲ့လား
နားမလည်ရင် တစ်ခေါက်ထပ်ပြောမယ် ကျွန်တော်က ဆယ်ကျော်သက်အရူးလေးပါ
ဒါပေမယ့် စိတ်ကူးမယဉ်ဘူး
အချစ်တစ်ခုကို ရူးရူးမိုက်မိုက် ဖူးပွင့်မိယုံတင်။”
ကဗျာနဲ့ပက်သတ်လာရင် ကိုကိုက
ကျွန်မအတွက်တော့ ဆရာသာ ဖြစ်သည်။ ကိုကိုသင်ပေးသည့် စကားအသုံးအနှုန်းတွေကို လေ့လာသင်ယူရင်း
ကိုယ်ရေးသည့်ကဗျာလေးတွေ တစ်နေ့တစ်ခြားလှလာတာကိုကြည့်၍ ကြည်နူးရတာဖြစ်သည်။ ခုတော့ ကဗျာရေးခြင်း၏
အနှစ်သာရကိုလည်း မေ့ပြီဖြစ်သည်။ ကိုကို ကျေးဇူးပြုပြီး ကျွန်မရဲ့ ချစ်ခြင်းကဗျာတို့ကို
မျက်ကွယ်ပြုနိုင်ပါစေဟုသာ ဆုတောင်းနိုင်တော့သည်။
“ဟိတ် ဒေါ်ဝေ ကွန်ပျူတာကြီးရှေ့မှာချပြီး
ဘာတွေတွေးနေတာလဲ”
“ဟင့်အင်း ဘာမှမဟုတ်ပါဘူး
ဒါ့ထက် နှင်း ငါ ပြောစရာရှိတယ်”
“ပြောလေ ဘာပြောမလို့လဲ
”
“ငါနောက်ဆို မြို့ထဲကို
ခုလိုမလာနိုင်လောက်တော့ဘူး ငါ့အလုပ်စပြီလေ ဆိုင်ဖွင့်တော့မယ် ဒါကြိုပြောတာပါ တခြားသူတွေနဲ့
တွေ့ဆုံဖို့တော့မလွယ်လှတော့ဘူး နင်ကတော့ ငါနဲ့တွေ့ချင်ရင် အိမ်လာခဲ့လို့ရတာပဲ ဖြစ်တယ်မဟုတ်လား
ကဗျာစာအုပ်ကလည်း ကိုကို့ဆီက ကဗျာတွေ ပြန်ယူရင် ကိုယ့်ဘာသာယူလိုက်တော့နော် စာအုပ်အပ်တာဘာညာဖြစ်တယ်မဟုတ်လား”
ခေါင်းညိတ်ပြသော နှင်းကိုကြည့်ရင်း
ပြုံးလိုက်မိသည်။
“အရေးအကြီးဆုံးအချက်က ငါ့အိမ်ကို
နင်တစ်ယောက်ပဲ လာခဲ့နော် ကျန်တဲ့ ဘယ်သူ့မှ ခေါ်မလာနဲ့နော် ဟုတ်လား”
ဘာ့ကြောင့်လဲ မမေးလို့ ကျေးဇူးပါ
နှင်းရယ် ဟု ဖြေသိမ့်တွေးလိုက်ရင်း။
------+++++++++++++++++++++++++++--------------------
“ငှက်တစ်ကောင်ရဲ့အိပ်မက်
ပျံသန်းခြင်းဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သစ်ပင်တစ်ပင်ရဲ့အိပ်မက်ကတော့
ငှက်တစ်ကောင်ရဲ့ဘေးနားရှိနေချင်ခဲ့တယ် အဲသလောက်ထိ ရိုးစင်းခဲ့ပါတယ်။”
ကွန်ပျူတာစခရင်မ်မှာမြင်နေရသည့်
ကဗျာစာအုပ်မျက်နှာဖုံးမှစာသားကို အဓိပ္ပါယ်မဲ့ငေးကြည့်နေမိသည်။ ဒီစကား၊ ဒီစာသားကိုမှ
ရွေးရလားဟင်ဟုလည်း အပြစ်မဆိုဝံ့တော့ပြီ။ ကျွန်မကို မပြောမဆိုနှင့်ခေါ်လာသည့် နှင်းကိုသာ
ဒေါသထွက်နေမိတော့သည်။ ထို့နောက် ကျွန်မကို ငေးငေးရီရီကြည့်နေသည့် ကိုကို့မျက်ဝန်းများမှ
ရှောင်ထွက်လိုက်ရင်း
“စာအုပ်မျက်နှာဖုံးလေး လှသားပဲ
နှင်း ကိုကို့ဆီရွေးခိုင်းတာ တကယ်မှန်ပြီထင်တယ်။”
“အင်း ဟုတ်တယ် လှတယ်”
မျက်ဝန်းတို့ကို ကွန်ပျူတာဆီသာ
ပို့ထားရသည်။ ကိုကိုသိသလား၊ မသိဘူးလား ဆိုသည့် အဖြေကို ကျွန်မ တဒိတ်ဒိတ်ကြောက်ရွံ့နေခဲ့၏။
သိများသိခဲ့လျှင်ဟူသည့်အတွေးဖြင့် ထူပူရှိန်းတိန်းနေသော မျက်နှာသည် အနည်းငယ်တော့ နီရဲနေမည်မှာ
သေချာလှသည်။
“သြော် ဒါ့ထက် ပြောရဦးမယ်
တစ်ခါတည်း ကြိုနှုတ်ဆက်ထားတာ ကျွန်မ အရင်လို မြို့ထဲလာဖြစ်တော့မယ်မထင်ဘူး မုန့်ဝယ်ကျွေးခိုင်းချင်ခုထဲက
ဝယ်ကျွေးခိုင်းနော်”
ရယ်ဟဟပြောလိုက်သော ကိုယ့်အသံကိုယ်
အံ့သြချင်လှသည်။ ထို့အတူ ရုပ်ပျက်ဆင်းပျက်မနိုင်သည့်အတွက်လည်း ကျေနပ်သွားရသည်။
“ဒါဆိုလည်း စား၇ချည်သေးရဲ့”
ဟုဆို၍ မုန့်မှာနေသော ကိုကို့ကို ကြည့်ရင်း စိတ်အေးသွားရသည်။ နှင်းကတော့ မုန့်တွေ ပလုတ်ပလောင်းစားမြဲစားလျှက်။
သူ့ကောင်လေးနဲ့ အဆင်ပြေမပြေတောင်မမေးရသေးပါ့လား ဆိုသည့် အသိကြောင့် နှင်းအား အားနာသွားရသည်။
----------------+++++++++++++++++-------------------------
“ဒါဆို နောက်မှတွေ့မယ်နော်”
ဟု နှုတ်ဆက်သွားသော ကိုကို့နောက်ကျောကို ငေးကြည့်နေမိသည်။
ကိုကို့အတွက် ကျွန်မက တစ်စုံတစ်ရာ
အရေးပါခဲ့သလားဟင်။ ဘယ်လိုပဲ ကျောခိုင်းမယ်ပြောပြော ဒီမးခွန်းရဲ့ အဖြေကို သိချင်နေတုန်းပဲ။
ဖြေပါ လို့ မပြောရဲခဲ့ပါဘူး။ ငေးကြည့်ခွင့်လေး ဆုံးရှုံးပြီ ဆိုတဲ့ အသိနဲ့ပဲ ကျွန်မ
....။ ဟင့်အင်း။ ဝေ လို့ မခေါ်နဲ့တော့နော် ။ စိတ်ချလက်ချ နှုတ်ဆက်သွားပါရစေ။ လှည့်မကြည့်ကြေး။
လမ်းမှာတွေ့ရင်တောင် ပြုံးမပြနဲ့လို့ ဆုံးဖြတ်ပြီးသားမဟုတ်လား။ ဂွတ်ဘိုင် ကိုကို။
“ငါလည်း သွားဦးမယ် ကိုအောင်နဲ့
ချိန်းထားလို့”
နှင်းကို ခေါင်းညိတ်ပြလိုက်ရင်း
အငှားကားတစ်စီး တားလိုက်သည်။ ကျွန်မလည်း အိမ်ပြန်ရဦးမည်လေ။
တချို့က ဆိုကြသည်။ စိတ်ဆိုသည်မှာ
အနားသတ်မရှိတဲ့။ ကြီးမြင့်တဲ့ အလျဉ်နှင့် နေရာစုံရောက်အောင်သွားနိုင်သူ တဲ့။ တခြားအရာမှာတော့မသိ။
ချစ်ခြင်းတရားနှင့် ပတ်သတ်လာလျှင်တော့ စိတ်မှာ အနားသတ်ရှိပါသည်။ ဟုတ်သည်။ သိက္ခာတရား၊
အစဉ်အလာတို့ကို စိတ်၏ အနားသတ်ဟု ကျွန်မ ဆိုချင်လှသည်။ အချစ်နှင့်ပတ်သတ်သည့် သိမ်ငယ်ဆိပ်ကို
ကျွန်မဆက်လက်ထမ်းပိုးမထားလိုတော့။ တစ်ဖတ်သတ်ဆိုသည့်ချစ်ခြင်းက ကန့်သတ်နယ်အတွင်းသို့
ရောက် မရောက် ကျွန်မ မသိပါ။ မိန်းမသားတစ်ယောက်အတွက်တော့ ကန့်သတ်နယ်သို့ရောက်သွားပြီထင်မိ၏။
“နောက်ဆို ကျွန်မ အပြင်ထွက်ဖြစ်မယ်မထင်ဘူး
အိမ်ထဲပဲ အောင်းနေဖြစ်မှာ”
“နောက်ဆို ကျွန်မ ကိုကိုနဲ့
တွေ့ဖို့မလွယ်ဘူးထင်တယ် အလုပ်တွေ ရှုပ်တော့မှာ”
“နောက်ဆို ကျွန်မ ဘယ်မှသွားဖြစ်တော့မယ်မထင်ဘူး”
ကိုယ့်စကားသံကိုယ် ပြန်ကြားရသလိုရှိ၏။
ဟုတ်သည်။ ကိုကိုနှင့်တွေ့တိုင်း ထိုစကားတို့ကို ပြောခဲ့ဖူးသည်။ သို့သော် ကျွန်မ အလွမ်းတို့နှိပ်စက်လာတိုင်း
ကိုကို့ဆီကို နှင်းနဲ့အတူ သွားမိစမြဲ။ ကိုကို ဘာအလုပ်လုပ်သည် သေချာမသိရသော်ငြား ကျွန်မချစ်သည့်
ကဗျာဆရာလေးက တနင်္ဂနွေတိုင်းမှာ နေ့လယ်တစ်နာရီလောက်ဆို စာအုပ်ဆိုင်လေးတစ်ဆိုင်ကို ဝင်မွှေတတ်သည်တဲ့။
ထိုအသိလေးတစ်ခုဖြင့်ပင် တနင်္ဂနွေတိုင်း ထိုစာအုပ်ဆိုင်လေးကို သွားခဲ့ဖူးသည်။ ခုတော့
ကိုယ့်ခြေထောက်တို့ကို ကိုယ်ကိုယ်တိုင် ရိုက်ချိုးဖို့ကြိုးစားရပါဦးမည်။ ကြိုးစားရတော့မည်။ သိသည်။ သိပါသည်။ မြင်ခွင့်မရရှိသည့်
နေ့ရက်များနှင့်အတူ ကွန်ပျူတာလေးအတွင်းမှာလည်း မပြီးဆုံးသေးသည့် ချစ်ခြင်းဖွဲ့ကဗျာတွေ တစ်နေ့ပြီးတစ်နေ့
များလာဦးမည်မှာ သေချာလှသည်။ သိပါသည်လေ။ အချစ်ဆိုတာ မြင်ခွင့်မရရုံနဲ့ ပျောက်ပျက်သွားမည်မဟုတ်မှန်း။
သို့သော်ကိုယ့်သိက္ခာလေးကိုတော့ တန်ဖိုး မြှင့်ချင်လှသည်မဟုတ်ပါလား။
“အလွမ်း”
ကမ်းမဲ့မြစ်ပဲ
တက်လိုက်ကျလိုက် အရှိန်အဟုန်မညီဘူး
လေပြေလေးတိုက်ခတ်သလို
သိမ့်သိမ့်လေးဖြစ်လိုက်
မုန်တိုင်းထန်သလို ဝုန်းဒိုင်းကျဲလိုက်နဲ့
ကိုယ်တစ်ယောက်တည်း
အိပ်ပျက်နေတဲ့ ကမ္ဘာ။
(ဝေ)။
ဟောဒီရင်ဘက်ထဲက အောင့်သက်နေတာပဲ။ ကိုကို့အတွက် ကျွန်မ
တစ်စုံတစ်ရာအရေးပါခဲ့သလားဟင်။ သိချင်လိုက်တာ ကိုကို။
ရည်ဝေ(လင်းရောင်ခြည်)