သစ်ပင်အိုရဲ့ နေဝင်ချိန်
ညက ကျွန်တော့်ကို မုန်းနေသည်။ သို့မဟုတ် ကျွန်တော်က ညကို ကြောက်နေလေသည်လား။
ကျွန်တော် အိပ်စက်ခြင်းကို မုန်းခဲ့တာ ကြာပြီဖြစ်သည်။ တချိန်တုန်းကတော့ အိပ်စက်ခြင်းကို
နှစ်ခြိုက်ခဲ့မည်ဟု ထင်ပါသည်။ အခုတော့ မျက်လုံးမှိတ်ရမှာကိုပင် ကြောက်တတ်ပြီဖြစ်၏။
တဖျတ်ဖျတ်ခတ်နေသော မျက်တောင်တို့ကိုပင် အခွင့်ရှိလျှင် မမှိတ်အောင် တားမြစ်မိချင်သည်ထိပင်ဖြစ်သည်။
ညက ကျွန်တော့်ကို မုန်းနေသည်လား။ ကျွန်တော်က ညကို ကြောက်နေလေသည်လား။
ညအချိန်အခါရောက်တိုင်း ညသည် ကျွန်တော့်ကို အိပ်စက်ရန်မြူဆွယ်၏။ သို့သော် ကျွန်တော့်မျက်ဝန်းတို့က
ညကို အံတုပုန်ကန်၏။ ထိုအခါတွင်မတော့ ညသည် သူ့မြူဆွယ်မှုမှ ရုန်းထွက်မိသော ကျွန်တော့်ကို
နှိပ်စက်ကလူပြုလေတော့၏။ အပြုံးအေးအေးတို့ဖြင့် ကျွန်တော့်ကို လာရောက်ထိတွေ့၏။ အရယ်ခြောက်ကပ်ကပ်တို့ဖြင့်
ကျွန်တော့်ကို လာရောက် ဆော့ကစား၏။ ညတွင် ကျွန်တော့်ကို မအိပ်အောင် အပြုစားဆုံးသော အရာမှာ
တချောက်ချောက်မြည်နေသော နာရီသံဖြစ်၏။ အိပ်သင့်ပြီ၊ အိပ်သင့်ပြီဟု ကိုယ့်ကိုယ်ကို သတိပေးကာ
မျက်ဝန်းအစုံကို မှိတ်ဖို့ကြိုးစားတိုင်း အမှောင်တို့က ပို၍ ကြီးရင့်လာသလို နာရီသံ
တချောက်ချောက်ကလည်း တစ်စုံတစ်ခုရောက်လာတော့မည်ဟု အသိပေးနေဟန်ရှိ၏။
ဟုတ်သည်။ ကျွန်တော် တစ်စုံတစ်ခုကို မျှော်လင့်နေခဲ့သည်။ ညစဉ်ညတိုင်းတွင်
တစ်စုံတစ်ခုကို စောင့်မျှော်နေခဲ့သည်။ မျက်ဝန်းတို့ မှိတ်ဖို့ပြင်လိုက်တိုင်း ကျွန်တော်မျှော်လင့်နေမိသောတစ်စုံတစ်ရာသည်
ယခုပင်ရောက်လာမလိုဟန်နှင့် စိတ်ကိုမအိပ်မိစေရန် နှိုးဆွ၏။ ညသည် သူ၏ အေးစက်စက်အပြုံးတို့ဖြင့်
ကျွန်တော် မျှော်လင့်သောအရာသည် ဘယ်အခါမျှ မလာတော့ဟု လှောင်ပြောင်တတ်သည်။ သူ၏ ခြောက်ကပ်ကပ်ရယ်သံဖြင့်
ကျွန်တော်မျှော်လင့်သောအရာကို မုန်းတီးဟန်ပြ၏။ မတတ်နိုင်ပါ။ ကျွန်တော်ကတော့ မျှော်လင့်မြဲမျှော်လင့်ဆဲဖြစ်သည်။
တိတ်ဆိတ်နေတတ်သော ညအမှောင်ဝယ် ကျင့်သားရနေသော
မျက်လုံးတို့က ပြတင်းပေါက်မှနေ၍ ပြင်ပသို့ကြည့်တတ်မိဆဲဖြစ်သည်။ ပိန်းပိတ်အောင် မှောင်နေသော
ပြင်ပသို့ကြည့်မိတိုင်းလည်း မျှော်လင့်နေသောတစ်စုံတစ်ခုသည် ရောက်မှရောက်လာပါ့မလားဟု
သံသယ ဝင်မိဆဲဖြစ်သည်။ ထိုအခါဝယ် အိပ်ယာပေါ်သို့သွားကာ အိပ်ဖို့ပြင်မိပြန်သည်။ သို့သော်
နာရီသံ တချောက်ချောက်ကြောင့် မအိပ်နိုင်ဖြစ်ရပြန်သည်။ ခေါင်းအုံးအောက်တွင်တော့ တနေ့ထက်တနေ့များလာသော
ဆေးပြားလေးများက အိပ်ဖို့ရာ သောက်လိုက်ပါ့လားဟု တိုက်တွန်းနေသည်။ ကျွန်တော် မအိပ်ချင်။
မအိပ်ချင်ပါ။ ကျွန်တော် မျှော်လင့်နေသော တစ်စုံတစ်ခု ရောက်ရှိလာမှသာ ကျွန်တော် အိပ်စက်ဖို့ပြင်ပါ့မည်။
ညက လှည့်စားတတ်သည်။ ဟုတ်၏။ ညက လှည့်စားတတ်ပါသည်။
ညသည် ခြေသံတို့ကို ဖန်တီးတတ်၏။ မှိတ်လုဆဲဆဲ မျက်ဝန်းတို့ကို ခြေသံတို့နှင့်ပြုစားသည်။
ကျွန်တော့်အခန်းတံခါးဝသို့ ရောက်လာတတ်သော ခြေသံများသည် အခန်းတွင်းသို့ဝင်လာတော့မယောင်
ထင်ရ၏။ သို့သော် တစ်ခါတစ်ရံမျှ ဝင်ရောက်လာခြင်းမရှိကြ။ ကျွန်တော်မျှော်လင့်နေသည့် တစ်စုံတစ်ရာသည်
ဘယ်သောအခါမျှ ရောက်မလာလေတော့ပြီလောဟု တွေးရင်း မျက်ရည်ကျခဲ့ရသည်မှာလည်း အခါခါဖြစ်၏။
သို့သော် မျှော်လင့်မှုကို လျှော့မချနိုင်သေး။
တခါတရံည၏ အရောင်ကို သရုပ်ခွဲရင်း မျှော်လင့်နေကျခြေသံကို
မျှော်လင့်မိသည်။ သို့သော်ညက ကျွန်တော့်ကိုမုန်းမုန်းနှင့်လှည့်စားသည်။
ညက အထီးကျန်တတ်လေသလား။
ညသည်အေးစက်တိတ်ဆိတ်သလောက် ကျွန်တော့်အတွက်
အထီးကျန်စေသော ခံစားချက်များသာ ပေးသည်။ ညက ကျွန်တော့်ကို အိပ်စက်ဖို့ အခွင့်အရေးများဖေါဖေါသီသီပေးထားသည်။
သို့သော် ကျွန်တော်မအိပ်ဝံ့။ ညက ကျွန်တော့်ကို တစ်စုံတစ်ခုကို ပိုမို၍ လွမ်းဆွတ်စေသည်။
ညသည် ကျွန်တော့်ကို မုန်းနေသည်မှာ တဖြည်းဖြည်းသေချာလာခဲ့ပြီဖြစ်သည်။ သို့မဟုတ် ကျွန်တော်က
ညကို ကြောက်နေသည် ဟူသည့် ထင်မြင်ယူဆချက်သည် အသေချာဆုံး အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်၏။
ညဝယ် အိပ်ဖို့ပြင်လိုက်တိုင်း အိပ်မက်တို့ရောက်လာမည်ကို
ကြောက်သည်။ အိပ်မက်ဝယ် ကျွန်တော်မျှော်လင့်နေသော တစ်စုံတစ်ခု၏ ဥပက္ခာကို ရရှိလာခဲ့မှာ
ကြောက်သည်။ အိပ်မက်ဝယ် ကျွန်တော်မလိုချင်ဆုံးသော မျက်လုံးတစ်စုံ ပါရှိလာမှာကြောက်သည်။
မျက်လုံးတစ်စုံ။ ဟုတ်သည်။ ညကိုကြောက်ရွံ့နေသော
အကြောင်းတရားတွင် မျက်လုံးတစ်စုံပါဝင်ပါသည်။ စူးစူးရဲရဲကြည့်နေသော မျက်လုံးတစ်စုံပါဝင်သည်။
ထိုမျက်လုံးဝယ် အမုန်းတရားတို့ပါသည်။ ရွံရှာခြင်းတို့ပါသည်။ နိမ့်ကျသော သတ္တဝါတစ်ကောင်ကို
ကြည့်နေသော အသွင်သဏ္ဍန်နှင့် တူသည်။ ဟုတ်သည်။ ကျွန်တော်နှင့် တွေ့ဆုံသူအများစုက ထိုမျက်လုံးတစ်စုံကို
အသုံးပြုကြသည်။ ထိုမျက်လုံး၏ ထူးခြားချက်ကတော့ လင်းလက်နေ၏။
ကျွန်တော့်မျက်လုံးကို သူတို့ကြည့်မည်။
ပြီးနောက်တော့ သူတို့၏ မျက်လုံးများသည် ထိုသို့ အသွင်ပြောင်းသွားလိမ့်မည်။ ကျွန်တော်၏
ထင်မြင်ယူဆချက်မျှသာဟု ထင်ကောင်းထင်နိုင်သော်လည်း ကျွန်တော်ကတော့ မှန်ကန်သည်ဟု ယူဆပါသည်။
ညတိုင်းအိပ်စက်ဖို့ မေ့နေသော ကျွန်တော်သည်
တစ်စုံတစ်ခုကို မျှော်လင့်နေကြောင်း ထပ်ပြောချင်သေးသည်။ ထိုတစ်စုံတစ်ခု၏ ခြေသံကို နားစွင့်နေရခြင်းသည်ပင်
ကျွန်တော်၏ ပြုမြဲအကျင့်တစ်ခုဖြစ်သည်။ ထိုတစ်စုံတစ်ခုတွင် ခြေသံရှိသလား ကျွန်တော်မသိပါ။
သို့သော် ကျွန်တော်ကတော့ သူ့ခြေသံကို နားစွင့်နေမြဲဖြစ်သည်။ ထိုတစ်စုံတစ်ခု ကျွန်တော့်အနားရောက်လာကြောင်း
သိရဖို့ရာသည် အရိပ်တွင်ထိုင်နေရုံနှင့်မရပါ။ ကျွန်တော့်အသွေးအသားတို့ကို အသုံးပြုရ၏။
သူရောက်လာကြောင်းသိရန် ပြတင်းပေါက်နားကပ်ကာ ကျွန်တော့်လက်ကို ဆန့်ထုတ်ကြည့်ရ၏။ ကျွန်တော့်လက်မှ ခံစားရသော အထိအတွေ့ဖြင့် သူရောက်မရောက်
သိရှိ ခံစားရမည်ထင်မိ၏။
ညကို မုန်းနေသော၊ ညကို ကြောက်နေသောကျွန်တော်သည်
သူရောက်လာလျှင်တော့ ပျော်နိုင်မည်ထင်မိ၏။ သို့မဟုတ် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်စက်နိုင်မည်လား။
ကိုယ့်အသွေးအသားတို့ကို ပြန်လည်ဆန်းစစ်မိတော့
ပိန်လှီနေသော လက်ကောက်ဝတ်တို့က သတိပေး၏ အိပ်စက်ခြင်းဖြင့် ကောင်းကောင်းအနားယူသင့်သည်တဲ့။
ကျွန်တော်မျှော်လင့်နေသော ထိုတစ်စုံတစ်ရာ ကို မရမချင်း အစားအသောက်လည်း ကောင်းစွာ မစားသောက်နိုင်မည်မှာ
သေချာလှသည်။ ထို့ကြောင့် ဒီတစ်ညတော့ဖြင့် မရရအောင်အိပ်မည်ဟု စဉ်းစားဆုံးဖြတ်မိ၏။ထိုဆုံးဖြတ်ချက်ကြောင့်ပင်
အိပ်စက်ရန် ဆေးလုံးလို့၏အကူအညီကို ယူမိချေသည်။ ခေါင်းအုံးအောက်က စနစ်တကျသိမ်းထားသော
ဆေးလုံးများကို ယူရင်း ဘေးစားပွဲမှ အသင့်ရှိနေသော ရေဗူးဖြင့် ဆေးသောက်ရန်ပြင်လိုက်သည်။
ဒီတစ်ညတော့ ကောင်းစွာအိပ်စက်နိုင်မည်ထင်မိ၏။ ဟုတ်၏။ ဆေးလုံးလေးများသည် ကျွန်တော့်အတွက်
အိပ်စက်ခြင်းကို ယူဆောင်လာပေး၏။
ဝုန်းဒိုင်းကြဲ ဆူညံနေသော အသံများအကြားဝယ်
ကျွန်တော် ရုတ်တရက်သတိထားလိုက်မိသည်က တစ်စုံတစ်ခု ကျွန်တော့်အနားသို့ရောက်ရှိလာပြီဖြစ်၏။
ပူနွေးနေသော ထိုအရာသည် ကျွန်တော်မျှော်လင့်နေသော အရာပင်ဖြစ်သည်။ တချိန်က ဖေါဖေါသီသီရခဲ့ဖူးသော
အလင်း၏ အပူပင်ဖြစ်သည်။ အလင်းတွင် အသံရှိသလို အလင်းတွင် အပူရှိပြီဖြစ်ကြောင်း ကျွန်တော်အမှတ်ရပြီဖြစ်၏။
အလင်းတို့ကို ဖမ်းဆုပ်ရန် ထဖို့ပြင်လိုက်သည်။
သို့သော် မရ။ ကျွန်တော့်တစ်ကိုယ်လုံးသည် အားအင်ချိနဲ့နေသော ခွေးပိန်တစ်ကောင်ပမာ လှဲချနေချင်စိတ်သာရှိသည်။
လဲကျနေချင်စိတ်သာရှိသည်။ အမှောင်ထုကြီးကတော့ ကြီးစိုးဆဲဖြစ်၏။
“သူ့သားက အလုပ်သွားနေတာလေ ဖအေ မျက်မမြင်ကို
မိန်းမနဲ့ထားခဲ့တာ ဖအေကြီးက ဆေးသောက်လွန်သွားလို့တဲ့ သနားပါတယ် မိအိုဖအိုတွေ ကျွတ်
ကျွတ်..”
ကြားနေရသည့်အသံတို့ကြောင့် ကျွန်တော် ခေါင်းထောင်ကာ
ကြည့်ပစ်လိုက်ချင်သည်။ ဘယ်သူများလဲဟု။ ခုတော့ ကျွန်တော့်တစ်ကိုယ်လုံးသည် လှုပ်မရရှားမရ။
ရင်တွင်းမှာလည်းပူလောင်ခြောက်သွေ့နေသည်။ “ရေ.. ရေသောက်ချင်တယ်” ဟု အသားကုန်အော်ပြောလိုက်ချင်သော်လည်း
အသံက မထွက်။ ခုက နေ့လားညလား ဟု မသေချာမရေရာစွာ တွေးမိပြန်သေး၏။
အလင်းမရှိပဲ အမှောင်သာကြီးစိုးသည့် အချိန်တိုင်းကို
ည ဟု ခေါ်ဆိုလျှင် သေချာပါသည်။ ယခုအချိန်သည် ည ဖြစ်သည်။ ယခုအချိန်သည် ညဖြစ်ပါ၏။ ကျွန်တော့်ကို
မုန်းသော ညသည် ယခုတော့ ကျွန်တော့်ကို ချစ်တော့မည်ထင်သည်။ သူမြူဆွယ်သည့်အတိုင်းပင် အိပ်စက်ခြင်းကို
ကျွန်တော် အလိုရှိနေပြီဖြစ်၏။ ကျွန်တော်ကြောက်သော ညကို မေ့ကာ ကျွန်တော် အိပ်စက်ချင်ပါသည်။
ကျွန်တော်ကြောက်သည့်မျက်ဝန်းများ ကျွန်တော့်အိပ်မက်သို့ ရောက်မလာစေရန် မည်သူ့ဆီက အကူအညီ
တောင်းရမလဲ ကျွန်တော်မသိ။ သို့သော် ယခု အရာအားလုံးကို မေ့၍ ကျွန်တော် အိပ်စက်ချင်နေပါသည်။
ကျွန်တော့်လက်တစ်ဖက်ကို တစ်စုံတစ်ယောက်က
ဆွဲကိုင်ကာ ငိုနေသည်ကို အထိအတွေ့ဖြင့် သိနေရသော်လည်း ထိုသူ ဘယ်သူလဲ ကျွန်တော် မသိပါ။
“ဖေဖေ” ဟု အော် နေသည့် ထိုသူ့ကို အကူအညီတစ်ခုတော့ တောင်းချင်ပါသည်။ ကျွန်တော့်အိပ်မက်ဝယ်
ကျွန်တော်ကြောက်သော မျက်ဝန်းများကိုကူညီဖယ်ရှားပေးပါဟုပင်ဖြစ်သည်။ ရုတ်တရက် အလင်း၏
ခြေသံတို့ တိတ်ဆိတ်သွားသည်။ ခံစားသိဖြင့် သိနေခဲ့သော အလင်း၏ နွေးထွေးမှုတို့ ပျောက်ရှသွားသည်။
သို့သော် အိပ်စက်ချင်လွန်းနေပြီဖြစ်သည့် ကျွန်တော့် မျက်လုံးတို့သည် မျက်ခွံလွှာတို့ကို
တားမနိုင်စီးမရ ပိတ်သိမ်းလိုက်ပြီဖြစ်၏။
ကျွန်တော် အိပ်တော့မည်။ ကျွန်တော်ကြောက်သော
အမှောင်ထုကြီးမှာ ကျွန်တော်အိပ်တော့မည်။ ထူးခြားချက်ကတော့ နာရီသံတချောက်ချောက်ပျောက်ရှနေခြင်းပင်ဖြစ်သည်။
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်