မေ့မယ် မေ့မယ် မေ့မယ်
ကြက်တူရွေးနှုတ်တိုက်သလို ရွတ်ရင်း
မင်းအလင်းမှာ မိနေတဲ့သူဟာ ငါပေါ့
ကြယ်စင်
မင်းက မှော်ဆရာပါ
ငါ့ကို ကြိုက်သလို စေခိုင်းဖို့ အခွင့်ရှိတယ်
အလင်းနဲ့ ညှို့သူလို့ မစွပ်စွဲရက်ဘူး
အလင်းမှော်မှာ မိခဲ့သူလို့ပဲ
ကိုယ့်ကိုယ်ကို အပြစ်တင်မိရဲ့
ကြယ်စင်
တခါတလေမှ ကြားရတဲ့အသံမှာ
ကြယ်စင့်ရယ်သံမှာ
ကြယ်စင့်ငိုသံမှာ
ကြယ်စင့်စကားပြောသံမှာ
ငါဟာ လှိုက်လှိုက်မောာမော
မရည်ရွယ်ပဲ တွယ်တာခြင်းတွေ တူးမိပြန်ပေါ့
ကြယ်စင်
ကောင်းကင်ကနေ ခဏခဏပြုံးမပြနဲ့
ငါ ရင်နာတယ်
အဲဒီအပြုံးလေးကို လက်ကလေးနဲ့ တို့ထိချင်မိခဲ့တာ
ဘယ်အချိန်က စဖြစ်တည်ခဲ့တဲ့ ဝေဒနာလည်း
ငါ မင်းအပြုံးလေးနားမှာ ခဏလောက်
ရပ်ကြည့်နေချင်လိုက်တာ..
ကြယ်စင်
အိပ်မက်ချင်း ချည်နှောင်ခွင့်ရချင်တယ်