ကမ္ဘာကတော့
လည်မြဲလည်နေမှာပဲ။သူ့တိမ်းစောင်းမှုကို တကူးတကရှာဖွေသူအတွက်
လမ်းပြပေးလိမ့်မယ်။ ရှင်သန်မှုဟာ မဖြစ်မနေလိုအပ်သူဆီပဲ ရောက်လိမ့်မယ်။
ဒါကိုက နိယာမ မဟုတ်ဘူးလား။
ကျွန်တော်တို့ ကလေးဆန်ခဲ့ကြသလား။ ပုစ္ဆာတွေဟာ မထုတ်ပါဘဲ တစ်ပုဒ်ပြီးတစ်ပုဒ် အဖြေမှန်ကို စောင့်နေကြ။ ဘယ်ဆီက မြစ်ဖျားခံလာသလဲ။ ကိုယ်တိုင် မသိလိုက်မိသေးခင် အနားယူညနေခင်းလေး ပျက်စီးသွားတယ်။ မင်း၊ ငါ၊ ဘယ်လို ရှင်သန်မှုမျိုး ရွေးချယ်ခဲ့ကြသလဲ။
ဖျတ်ခနဲလင်းလာတဲ့ ကောက်ရိုးမျှင်ကို ဆွဲသူမှာ အပြစ်ရှိသလား။ နွံနစ်ခဲ့တာကြာပြီမို့ ဖြစ်ကြောင်း ရှင်းပြချင်ပါသေးရဲ့။ ကိုယ့်နှလုံးသားနဲ့ ကိုယ့်ရွေးချယ်မှု၊ ကိုယ်ပိုင်တရားစီရင်မှုတွေနဲ့ ငါတို့ ကိုယ်စီ လမ်းရွေးခဲ့ကြ။ ဘယ်သူ့လမ်းကြောင်းကိုမှ အပြစ်မတင်ကြေး။ မျက်စိမှိတ်အတိတ်ကို ခဏလောက်လျှောက်ကြည့်မလား။
ဘယ်သူ့အမှား စပါခဲ့သလဲ။
အေး။ ငါတို့ ကလေးဆန်ခဲ့ကြတယ်။ ကျွန်တော် တို့ ကလေးဆန်ခဲ့ကြတယ်။
အမြင်ချွတ်ယွင်းသူတွေကိုပဲ အနားမှာ ထားတတ်ခဲ့သူ။ ကျော်လွှားသွားခဲ့တဲ့ ခလုတ်တွေတိုင်းမှာ အသဲက ဆတ်ဆတ်ခါအောင် နာတယ်။ ငါ မဖျက်ပစ်တဲ့ ဖုန်းနံပါတ်ရယ်၊ နင်နဲ့ငါ့ သံယောဇဉ်ရယ် အားလုံးဟာ အတိတ်လား၊ အရိပ်လား။ ငါကိုယ်တိုင် ဝေခွဲမရတော့။
ကိုယ့်ဘဝတိုးတက်ရေးတွေအပြည့်နဲ့ မျှော်လင့်ချက်အိပ်မက်တွေ တသီကြီးပြည့်နေသူက သူတပါးဆုပ်ကိုင်ထားတဲ့ ကောက်ရိုးမျှင်ကိုပဲ လာလာခလုတ်တိုက်နေ။ ရှက်တတ်ရင် လဲသေလိုက်တော့ ဆိုတဲ့ သီချင်းကိုပဲ ငါ ရွတ်ချင်နေမိတော့တယ်။ ကျွန်တော် ရွတ်ချင်နေမိတော့တယ်။
တစ်ခုတော့ မေးခွင့်ပြုပါ။ ငါ့အမှား ပါခဲ့သလား။ ကျွန်တော့်အမှားပါခဲ့သလား။
ပြောဖြစ်ခဲ့တဲ့ စကားအေးစက်စက်တွေရယ်၊ ဖုန်းသံအေးစက်စက်တွေရယ်နဲ့ နေ့တွေကို ဖြတ်သန်းခဲ့ဖူးတယ်။ အချိန်မအားခြင်းနိယာမကို လက်ခံပေးလိုက်တယ်။ အေး ငါ့အချိန်အားခြင်းနိယာမမှာ အဖွဲ့အစည်းထက် သံယောဇဉ်ကို အခြေပြုတွက်ချက်ပေးထားတယ်ဆိုတာ ဘယ်သူသိခဲ့သလဲ။ ငါရင်းခဲ့တဲ့ အရင်းအနှီးတွေမှာ ငါ့သက်မွေးဝမ်းကျောင်းကိုတောင် ပစ်ချထားတဲ့အထိ မိုက်မဲခဲ့တယ်။ ဘယ်သူ ငါ့လောက် ရူးမိုက်ခဲ့ဖူးသလဲ။
မပြောဖြစ်ခဲ့တဲ့ အခက်အခဲတွေနဲ့ မြို့ထဲတစ်ခေါက်သွားဖို့ ငါရင်ဆိုင်ရတဲ့အကြောင်းအရာ ငါ့နေရာကို ဘယ်သူဝင်တွေးကြည့်ခဲံ့ဖူးသလဲ။မြင်နေရတဲ့ စိတ်ဓါတိအပိုင်းအစတွေမှာ ငါ လေးစားခင်မင်ခဲ့ရတဲ့ အပြာရောင်တွေ ပျောက်ကွယ်နေတယ်။
တဖြည်းဖြည်းကြီးရင့်လာတဲ့ မကျေနပ်မှုအပိုင်းအစတွေမှာ မနာလိုမှုနဲ့ သိမ်ငယ်စိတ်တွေ ကဲနေတယ်လို့ ရဲရဲဝံ့ဝံ့ စွပ်စွဲခွင့်ပြုမလား။ ဒါဆို ကျွန်တော် နည်းနည်းတော့ ပျော်မိမယ်ထင်တယ်။ ပျော်ခွင့်ပေးဗျာ။
ကလေးဆန်တယ်ဆိုဆို ကျွန်တော် ပျော်ချင်နေသား။ ဖျတ်ခနဲ မမြင်ချင်ယောင်ဆောင်ခဲ့တ့ စကားစများစွာမှာ ငါ့ကြိုးစားမှု၊ ငါ့သိက္ခာကို လှောင်ရိပ်တွေ တစွန်းစွန်းနဲ့။ အိုးနဲ့ စလောင်းဖုံးက ခပ်ရွဲ့ရွဲ့။
အမြင်မရှင်းတာရှိရင် ခပ်ရှင်းရှင်းမေး၊ အဖြေရှာခဲ့တဲ့နေ့တွေဘယ်ရောက်သွားလဲ။ အဖြေကို အတူတူရှာဖွေခဲ့တဲ့နေ့တွေ ဘယ်ရောက်သွားလဲ။
မှတ်မှတ်ရရ ငါလှမ်းခေါ်လိုက်တဲ့နေ့တိုင်းမှာ မင်းစကားသံက အရင်လိုမနွေးထွေးတော့ဘူး။ မင်းကိုယ်တိုင်အသိဆုံး။ မှတ်မှတ်ရရ ငါ ပြောသမျှစကားအခွန်းတိုင်းကို လိုက်ရွဲ့ချင်နေခဲ့တာ နင်ကိုယ်တိုင် အသိဆုံး။ မှတ်မှတ်ရရ ကျွန်တော်ကိုယ်တိုင်တောင် စည်းအပြင်ကလူဖြစ်သွားပလား အလန့်တကြားတွေးမိခဲ့ရ။
သံယောဇဉ်ဆိုတာဘယ်တော့မှ လုပ်ယူလို့မရဘူး။ သံယောဇဉ်ဆိုတာ ဘယ်တော့မှ ညာလို့မရဘူး။ သံယောဇဉ်ဆိုတာ..။
စိတ်ဓါတ်အမှန်အမှားနောက် လိုက်တွက်စစ်နေတဲ့ မင်းကို ငါ မေးချင်တယ်။ ရိုးသားခဲ့ရဲ့လား။ မင်း ငါ့အပေါ် ရိုးသားခဲ့ရဲ့လား။ နင် ငါ့အပေါ်ရိုးသားခဲ့ရဲံလား။ ငါ အားလုံးအပေါ် ရိုးသားခဲ့တယ်။ ငါလျှောက်နေတဲ့လမ်း ဒီတစ်လမ်းပဲရှိတယ်။ ဒါ အရိုးသားဆုံးဝန်ခံခြင်းပဲ။ ငါ ရိုးသားခဲ့တယ်။
သူတော်ချင်းချင်းသတင်းလွေ့လွေ့ ဆိုတဲ့စကားနောက်ကိုလိုက်ဖို့ ခုထိ ငါမရဲဝံ့သေးဘူး။ ငါ့သံယောဇဉ်နဲ့စေခိုင်းမှုနဲ့ ငါ့ကိုယ်ငါ အရူးထမှုတွေမှာ ခုထိ ဘီယာတစ်ခွက်ကို မသောက်နိုင်သေးဘူး။ လက်နှစ်လုံးလောက်သောက်ရုံနဲ့ မူးတတ်ခဲ့သူ။ ဝိုင်ပုလင်းဖေါက်ရင်း စကားတွေ ဆိုမိမှားမိခဲ့သူ။ နားလည်မှု မရှိရင် အလကားပဲ။
ငါ့နားလည်ပေးမှုတိုင်းမှာ တန်ပြန်က ဘာလဲ။ ကျွန်တော့်နားလည်ပေးမှုမှာ တန်ပြန်က ဘာလြဲ။
ဘာကိုမှ မသိချင်ခဲ့သူ၊ ခုထိလည်း ဘာကိုမှ မသိချင်တော့ဘူး။ အရိုးသားဆုံးပဲဝန်ခံလိုက်မယ်။ ငါ ရွေးချယ်ခဲ့တဲ့ လမ်းဟာ တစ်လမ်းပဲရှိတယ်။ ဒီတစ်လမ်းပေါ်ရောက်ဖို့ အစွမ်းရှိသမျှ သမ္မာအာဇီဝကျကျကြိုးစားမှာပဲ။
ကမ္ဘာကတော့ လည်မြဲလည်နေမှာ။ သူ့တိမ်းစောင်းမှုကို တကူးတကရှာဖွေသူအတွက် လမ်းပြပေးလိမ့်မယ်။ ရှင်သန်မှုဟာ မဖြစ်မနေလိုအပ်သူဆီပဲ ရောက်လိမ့်မယ်။ ဒါကိုက နိယာမ။
တပါးသူရဲ့ ကောက်ရိုးမျှင်ရှင်သန်မှုကို လက်ညိုးထိုးနေမယ့်အစား ကိုယ့်လမ်းကြောင်းကိုယ်ပဲ ဆက်လျှောက်လိုက်စမ်းပါ။ တွေ့လား။ မြင်နေရတဲ့ မြင်ကွင်းတွေမှာ အမှားကိုယ်စီပါတယ်။ ဘယ်သူစမှားတယ် ဆက်မရှာဖွေတော့ဘူး။ ဘယ်သူ့အမှန်လဲ ဆက်မငြင်းခုန်တော့ဘူး။ ငါရွေးထားတဲ့လမ်းဟာ စာရေးဖို့ ဆိုတဲ့ လမ်းကြောင်းတစ်ခုတည်း။ မင်းကိုယ်မင်း သေချာရင် ဒီဘဝထဲ ဆင်းလာခဲ့။ တိုးတက်အောင်မြင်မှုတွေ လွှင့်ပစ်ခဲ့ကြေး။ ဘယ်လိုလဲ။
ရည်ဝေ(လင်းရောင်ခြည်)

No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်