“အမယ်လေး ကြောက်ပါပြီဗျ နောက်ဆို မသုံးရဲတော့ပါဘူးဗျ”။
အဲ့လို အော်ရင်း ကျော်ကော့အောင်ပြေးနေတာက ငညိုပေါ့။ နောက်ကနေ
ငညို့ကို ဝါးရင်းတုတ်နဲ့ လိုက်ရိုက်နေတာက ငညို့အမေမုဆိုးမဒေါ်မိထော်။ ငညို့ညီ အောင်ဝေဦးကတော့
ဘေးနားကနေ လက်ခုပ်လက်ဝါးတီးလို့။ ငညိုကတော့ ကိုယ့်ဇာတ်ထုပ်ကိုယ်မကနိုင်တော့ ပြေးရပြီ။
ဇာတ်လမ်းရဲ့ အစက ဒီလိုဒီလို။
ဒီငဆင် ဆိုတဲ့ ရွာက မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ ရှိတဲ့
ရွာလေးတစ်ရွာလို့ပဲ အကြမ်းဖျဉ်း မှတ်ထားလိုက်ပါလေ။ အဓိက ပြောချင်တာက ရွာအကြောင်းမဟုတ်ဘူး။
ရွာထဲက ဟက်ပီးဘက်သ်ဒေး ဗိုင်းရပ်စ် အကိုက်ခံလိုက်ရတဲ့ အကြောင်းလေးကို ပြောပြချင်တာ။
ရွာမှာ စုစုပေါင်း လူဘယ်လောက်ရှိလဲ ဆိုတာတွေ မပြောတော့ဘူး။
(၁)
ပထမဦး ငဆင်ရွာတောင်ပိုင်းက ငညို့အကြောင်း ပြောပြမယ်။ ငညိုက
အတန်းကျောင်း လေးတန်းထိ နေခဲ့ဖူးတယ်။ ဒီတော့ သူက သူနဲ့ရွယ်တူတွေထဲမှာ၊ အင်း ပြောမယ်ဆို
သူလို ပုလင်းတူဗူးဆို့တွေထဲမှာလို့ ပြောရမှာပေါ့။ ဘာပဲဖြစ်ဖြစ် သူ့အပေါင်းအသင်းတွေထက်
တမူးပိုသာတယ်။ ဟက်ပီးဘက်သ်ဒေး ဆိုတဲ့ ဗိုင်းရပ်စ်ကို စသယ်လာတဲ့သူက အဲ့ဒီ့ငညိုပဲ။ လွန်ခဲ့သော
နှစ်လခန့်က လို့ ဆိုရမယ်ထင်ပါရဲ့။ ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်လလောက်က ငညို မြို့ပေါ်ကနေ
ပစ္စည်းတစ်ခုဝယ်လာခဲ့တယ်။ ရေဒီယို ဆိုတာလေး။
ရေဒီယိုက ဘာထူးဆန်းမှာလဲ။ အဲ့ရေဒီယိုက ရွာက အိမ်တိုင်းနီးပါးမှာ
ရှိတာပဲကို။ ရွာက အိမ်တိုင်းနီးပါးမှာ ရှိတာတော့ ဟုတ်တယ်။ ဒါပေမယ့် ဒီရွာလေးခမျာလည်း
အက်ဖ်အမ် နားထောင်ချင်ရင် အတော်ဒုက္ခရောက်သဗျာ။ ဘယ်လိုလုပ်၇တုန်းဆို ရေဒီယိုမှာ ပါတဲ့
တိုင်ကိုမှ ကြေးနန်းကြိုးနဲ့ ဆက်ပြီးတော့ ထပ်သွယ်၊ ပြီးရင် အိမ်ခေါင်မိုးပေါ် ရောက်အောင်တင်ထား။
အဲ့ဒါမှ လိုင်းမိတာဗျ။ ဒါပေမယ့်လည်း သူတို့ခမျာမှာ ညမှ နားထောင်ရရှာတာပါ။ တနေကုန် အလုပ်တွေ
ကိုယ်စီနဲ့ ရှုပ်နေကြရတာ။ ထားပါတော့။ ဟက်ပီးဘက်သ်ဒေးအကြောင်းဆက်ကြစို့။ ပြောမယ်ဆို ရေဒီယိုက မထူးဆန်းဘူး။ ထူးဆန်းတာက သူပြောလာတဲ့ ဟက်ပီးဘက်သ်ဒေး။
ငညိုက ဘယ်သူ့ကို ပြောလည်းဆိုတော့ သူကြိုက်နေတဲ့ ကောင်မလေး၊
ရွာတောင်ပိုင်းက မိကြွက်ကို ပြောတာ။ ပြောတော့လည်း
နှစ်ကိုယ်ကြားမဟုတ်ဘူး။ ရွာက အပျိုတွေ စုစကားပြောနေတဲ့ ညနေခင်းဝိုင်းမှာမှ အော်ကြီးဟစ်ကျယ်နဲ့သွားပြောတာ။
ဘာတဲ့။
“မိကြွက်ရေ နင့်မွေးနေ့အတွက် ငါ ရွှေအက်ဖ်အမ်မှာ ဆုတောင်းလာခဲ့တယ်”
တဲ့လေ။
ဒါနဲ့ မိကြွက် က မေးတာပေါ့။ “တော့် ကိုရင် ငညိုရဲ့ ရှင်က
ဘာတွေများ သွားဆုတောင်းထားတာတုန်း” လို့။
“အော် နင်ကလည်း ဟိုလေဟာ ဇာတ်လမ်းတွေထဲမှာပါသလိုလေ နင့်အတွက်
ဟက်ပီးဘက်သ်ဒေး ဆိုပြီး တောင်းလာခဲ့တာ သဘက်ခါ သေချာနားထောင်ဖြစ်အောင်နားထောင်နော်”
လို့ပြောပြီး ရှက်တဲ့ မျက်နှာကြီးနဲ့လှည့်ထွက်သွားပါလေရော။(တကယ်တော့ မရှက်လို့ လာပြောတာပေါ့
ဟုတ်ဖူးလား)
အဲ့ဒီ့အချိန်ကစပြီး အပျိုမတစ်သိုက်ကြား ဟက်ပီးဘက်သ်ဒေး
ဆုတောင်း ဆိုတာကြီးက ခေတ်စားနေတော့တယ်။ ဘာကြီးလဲ။ ဘာများလဲ ပေါ့။
(၂)
မျှော်လင့်နေတဲ့ သဘက်ခါလည်း ရောက်ကရော။ ဘာပြောကောင်းမလဲ။
အပျိုမတွေအကုန်လုံးဟာ ကိုင်းထဲကို အလုပ်လုပ်ဖို့သာ သွားကြရရှာတယ်။ စိတ်တွေက ဒီရေဒီယိုဆီမှာပဲ
စိတ်ရောက်နေကြရှာတာ။ ကိုင်းထဲကနေလည်း ပြန်လာပြီးရော ဘာပြောကောင်းမလဲ။ အပျိုကြီးမအေးနွဲ့ဆီ
သွားကြတယ်။ အပျိုမတွေ စုကုန်ပြီလေ။ ရေဒီယိုတစ်လုံးဘေးမှာ နားထောင်နေကြလေရဲ့ပေါ့။
သူတို့တင်ပဲလား ဆိုတော့မဟုတ်သေးဘူး။ ကာလသားလေးတွေကော၊ အသိုးတွေကော
စောင့်နေကြတယ်။ ဘာ့လို့ဆို အဲ့ဒီ့နေ့က မိကြွက်က ပြောလိုက်တာကိုး။ “ဟယ် ကိုရင်ငညိုက
ကိုရီးယားမင်းသားလေးအတိုင်းပဲတော့” တဲ့လေ။ ဘာဆိုင်လည်းတော့ သူပဲသိမှာပဲ။ ဘာ့လို့ဆို
သူက ကိုရီးယားကားဆို အသည်းစွဲကိုး။ တခါတလေ ထိုင်ရာမထ ကြည့်တတ်လွန်းလို့ သူ့အမေကြီးက
သူ့ကို ခေါ်လို့ပြုလို့မရရင် ဒီအရွယ်ကြီးကိုတောင် ထင်းစည်းနဲ့ ကောက်ချနေကြ။ ခြေသလုံးသားကို
ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ရွာက ကာလသားတွေလည်း သူတို့ကြိုက်တဲ့ ကောင်မလေးရဲ့ စိတ်ထဲမှာ
ကိုရီးယားမင်းသား အဖြစ် မြင်စေချင်ကြတော့ စိတ်ဝင်တစားနဲ့ စောင့်နေကြလေရဲ့။
ဒါပေမယ့် သူတို့ စောင့်လို့သာ စောင့်နေတာ။ ဟက်ပီးဘက်သ်ဒေးက
မလာနိုင်သေးဘူး။ စောင့်ရင်းစောင့်ရင်းနဲ့ မွန်းတည့်၁၁နာရီ
တောင်ကျော်သွားပြီ။ ဒီတော့ ဆက်ပြီး အကြောရှည်နေလို့ မရတော့ အပျိုမတွေတစ်သိုက်လည်း ရေဘူးကိုယ်စီ
ယူပြီး ချောင်းကို ရေခပ်သွားဖို့ ပြင်လိုက်ရတော့တာပေါ့။ ကာလသားအပျိုတွေ၊ အသိုးတွေလည်း
ပေါက်တူးကိုယ်စီ ထမ်းပြီး ယာခင်းသွားဖို့ ခြေလှမ်း စလိုက်တဲ့ အချိန်။ အဲ့ဒီ့အချိန်မှာပဲ
“ရွှေအက်ဖ်အမ် ပရိတ်သတ်များ စောင့်စားမျှော်လင့်နေကြတဲ့
မွေးနေ့မင်္ဂလာ ရွှေတေးသဝဏ်လွှာ အစီအစဉ်စတင်ပါပြီရှင်” ဆိုတဲ့ စကားသံက ရေဒီယိုလေးကနေ ပေါ်လာလေရဲ့။
မွေးနေ့ ဆိုတဲ့ အသံလေးကြောင့် ဒီအစီအစဉ်များလား ဆိုတဲ့အတွေးနဲ့ အားလုံးဟာ ခြေလှမ်းကို
ဆက်ရင်ကောင်းမလား၊ အိမ်ထဲကိုပြန်ဝင်ရင်ကောင်းမလား ဆိုပြီး ခြေလှမ်းတွေက တုန့်ကုန်ကြတယ်။
အိမ်ထဲပြန်ဝင်ရင်လည်း လူကြီးမိဘတွေက ပြောတော့မယ်။ အပြင်ထွက်သွားရအောင်ကလည်း မျှော်လင့်စောင့်စားနေတဲ့
အစီအစဉ်က ရောက်လာပြီဆိုတော့ အားလုံးဟာ နေရာမှာပဲ ငူငူကြီး ရပ်နေကြရရှာတယ်ဗျာ။ မိကြွက်
နဲ့ ငညိုက အဆိုးဆုံးပေါ့။ မိကြွက်ကလည်း သူ့မွေးနေ့ကိုဘယ်လို ဆုတောင်းပေးထားလည်း သိချင်တယ်။
ငညိုကလည်း မိကြွက်အတွက် သူအားထုတ်ထားတဲ့ အရာတစ်ခုကို သူကိုယ်တိုင်ကြားချင်တယ်။ ကျန်အပျိုလေးတွေကလည်း
ငါ့အတွက် ဒီလိုဆုတောင်းပေးရင်ကောင်းမှာပဲ လို့တွေးနေကြသလို ကျန်လူပျိုတွေကလည်း အတုယူရအောင်လို့
နားထောင်ချင်နေကြတာပေါ့။ ဒီလိုနဲ့ အားလုံးက ဆူခံထိလည်း ထိစေတော့ဆိုပြီး မယောင်မလည်နဲ့
ကိုယ်စီအိမ်ထဲ ပြန်ဝင်သွားကြတယ် ဆိုပါစို့။ ဖြတ်ပြောရဦးမယ်။ လူကြီးတွေကတော့ တော်တော်မျက်စိစပါးမွှေးစူးနေကြပြီ။
ဒါပေမယ့် လူငယ်တွေကို မဆူသေးဘူး။ စောင့်ကြည့်နေကြတုန်းရှိသေးတယ်။
(၃)
လူကြီးတွေဆိုလို့ ပြောရဦးမယ်။ ဒီရွာမှာ အထင်ကရ လူကြီး
နှစ်ဦး ရှိတယ်။ တစ်ယောက်က ဦးဖိုးသီး။ သူ့အဖေအမေက ဘယ်လိုနာမည်ပေးလဲတော့မသိဘူး။ ဒီရွာမှာ
လက်ရှိသူ့ကို ခေါ်နေကြတာက ဦးဖိုးသီးပဲ။ ဦးဖိုးသီးက လူအိုကြီးလို့ ခေါ်ရလောက်အောင်ထိ
အသက်မကြီးသေးပါဘူး။ ဒါပေမယ့် ပြောမယ်ဆို သားသမီးမရှိတဲ့ မုဆိုးဖိုကြီးပေါ့လေ။ ရုပ်ကလည်း
ခုထိ မပျက်သေးဘူး။ ရိုးတိုးရိပ်တိတ်ကြည့်လိုက်ရင် ဦးညွန့်ဝင်းနဲ့ ဆင်သလိုလိုရှိသား။
သူကလည်း သမိုင်းလေးနဲ့ဗျ။ သူ့သမိုင်းကို ခေတ်ဟောင်းက သူနဲ့ရွယ်တူ လူတွေလောက်ပဲ သိတာ။
ဒါပေမယ့်လည်း ဦးဖိုးသီးက လျှို့ဝှက်လွန်းတော့ သူတို့လည်း ရိုးတိုးရိပ်တိတ်လောက်ပဲ
သိခဲ့ကြတာပါ။ ဦးဖိုးသီးနဲ့ သူ့မိန်းမက ချစ်လို့ ယူခဲ့ကြတာ မဟုတ်ဘူးတဲ့ဗျ။ မိဘပေးစားတာကို
မပယ်ရှားဝံ့လို့တဲ့။ ခုတော့ ဦးဖိုးသီး မိဘတွေလည်း ဆုံးရှာပါပြီ။ ဦးဖိုးသီးမိန်းမလည်း
တမြန်နှစ်ကပဲ ပိုးထိလို့ ဆုံးရှာပြီ။ ဒီတော့လည်း တစ်ယောက်တည်းဖြစ်နေတဲ့ ဦးဖိုးသီးကစိတ်သွားတိုင်းကိုယ်ပါနေတာပေါ့လေ။
စိတ်သွားတိုင်းကိုယ်ပါတယ်ဆိုလို့ တမျိုးမထင်နဲ့ဦး။ ကာလသားတွေနဲ့ အတူတူ နောက်နောက်ပြောင်ပြောင်နေတတ်သလို
ဒီအက်ဖ်အမ် အစီအစဉ်ကို စိတ်ဝင်စားပြီး စောင့်နေတဲ့သူထဲမှာ သူလည်း ပါတယ်ပြောတာ။
နောက်လူကြီးတစ်ယောက်ကတော့ ကိုပန်ကာ ။ အင်း သူကလည်း တစ်မျိုးတော့
တစ်မျိုးပဲဗျ။ သူ့အိမ်မှာ သူက လူကြီးလို့ပြောရမှာပေါ့။ သူ့အိမ်မှာက သူနဲ့ သူ့အမေပဲ
နေတာကိုး။ ကျန်တဲ့ သူ့အစ်မမိသားစု က သူ့အိမ်ကနေ ထွက်သွားတာကြာလှပြီ။ သူ့အစ်မယောင်္ကျားက
ရန်ကုန်မှာသွားအလုပ်လုပ်မယ်ဆိုပြီး တစ်မိသားစုလုံးထွက်သွားကြတာ။ အဲ့ဒီ့ကတည်းက ကိုပန်ကာလည်း
နည်းနည်းအထီးကျန်ဆန်လာတယ်ပြောရမယ်ထင်ရဲ့။ အရင်လောက်စကားတွေ သိပ်မပြောဖြစ်တော့ဘူး။ တိတ်တိတ်ဆိတ်ဆိတ်
တစ်ယောက်တည်း နေတတ်လာပြီ။ နောက် သူလည်းပဲ ရေဒီယိုလေး တစ်လုံးနားမှာအမြဲလိုလို ထိုင်နားထောင်ဖြစ်တတ်ခဲ့ပြီ
ပေါ့ဗျာ။
သူတို့နှစ်ယောက်က ဘာလို့ အထင်ကရအဖြစ်ဆုံးလဲဆိုတော့ လူငယ်တွေနဲ့
ဒိုးတူပေါင်ဖက် စကားပြောပြီး လူငယ်တွေကို အဖက်လုပ်ပေးတာမျိုးမို့ တခြားလူကြီးတွေထက်စာရင်
သူတို့နှစ်ယောက်က အထင်ကရဖြစ်တာ။
(၄)
လမ်းကြောင်းတွေ တောင် ချော်ကုန်တော့မယ်။ ဟက်ပီးဘက်သ်ဒေးအကြောင်း
ပြန်စမယ်ဗျာ။ တစ်ယောက်ပြီးတစ်ယောက် ကြေငြာသွားကြတာ မိကြွက်နဲ့ မောင်ညိုကတော့ ရင်တွေ
ခုန်နေပြီ။ သူတို့အလှည့်များ ကျလေမလားလို့ ပေါ့လေ။
“နောက်ဆုံးစာလွှာလေးကတော့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငဆင်ရွာက
မိကြွက်အတွက် မွေးနေ့သဝဏ်လွှာလေးပါ”
အဲ့ဒီစကားသံ စတာနဲ့ မိကြွက်၊ ငညို၊ ကာလသားသမီးတွေ အစုံ
ခေါင်းထောင်သွားကြပြီ။
“မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ
ငဆင်ရွာမှ ချစ်ညီမလေး မိကြွက်ရဲ့ ၁၅ နှစ်ပြည့်မွေးနေ့လေးမှနောင်နှစ်ပေါင်းတစ်ရာ တိုင်
ချမ်းမြေ့ပျော်ရွှင်ပါစေလို့ ချစ်ကိုကိုကြီး ကိုရင်ငညိုက ဆုတောင်းပေးလိုက်ပါတယ်နော်”
အဲ့ဒီ့စကားသံမှာပဲ မိကြွက်ဟာ ပီတိတွေ ဖြာနေတယ်။ သူ့အသက်မကိုက်တာလည်း
မသိလိုက်ဘူး။ သတိမထားလိုက်ဘူး။ ချစ်ညီမလေးမိကြွက် ဆိုတဲ့ စကားလေးရယ်၊ ချစ်ကိုကိုကြီး
ကိုရင်ငညို ဆိုတာရယ်ကိုပဲ တသသ ကြားယောင်နေမိတော့တာ။ နောက် သူပြောလိုက်တဲ့ စကားကြောင့်
ကာလသားတွေလည်း အဲ့ဒီ့အစီအစဉ်မှာပါဝင်ဖို့ တော်တော်ကြီးကို စိတ်ဝင်စားသွားကြပြီ။ စိတ်ဝင်စားတာထက်ကိုပိုပါတယ်။
ချစ်တဲ့အပျိုမတွေရဲ့ မွေးနေ့နီးနေတဲ့ ကာလသားတွေကတော့ မဖြစ်မနေကို အဲ့ဒီ့အစီအစဉ်မှာပါဝင်မှ
ဖြစ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ကြလေရဲ့။ မိကြွက်က
ဘာပြောလိုက်လည်းဆို “အို ကိုရင်ငညိုရယ် ကိုရီးယားမင်းသားတွေအတိုင်းပဲ ဂိုမန့် ဖြစ်လိုက်တာနော်
မိကြွက်ကတော့ ကိုရင်ငညို့ကို ခေါင်းညိတ်ပြလိုက်တော့မယ်”တဲ့လေ။ ကာလသားတွေကြားလောက်တဲ့ထိ
ပြောတာမဟုတ်ပါဘူး။ အပျိုမတွေကြားထဲပဲ ပြောတာပါ။ ဒါပေမယ့်လည်း သိတဲ့အတိုင်းပဲလေ။ ပန်းသတင်းလေညှင်းဆောင်၊
လူသတင်း လူချင်းဆောင် မဟုတ်လား။
နောက် သူတို့တွေ ကိုယ်စီကိုယ်စီလုပ်ငန်းခွင်ဆင်းကြတာ ညနေမှ
ရေဒီယိုနားလေးကို ပြန်ရောက်လာကြတော့တယ်။ အခါတိုင်းဆို အပျိုမတွေ ကိုယ်စီစကားပြောနေကြတဲ့
အချိန်၊ ကာလသားတွေ ကိုယ်စီစုပြီး ထန်းရည်သောက်သူနဲ့ ကပေါက်တိကပေါက်ချာပြောသူနဲ့ စုရုံးကြတဲ့အချိန်။
ဒီနေ့မှာတော့ နှစ်ခုလုံးရဲ့ စုဝေးပွဲမှာ ရေဒီယိုလေးတစ်လုံးစီပါလေရဲ့။
“ဟဲ့ဟဲ့ ရွှေအက်ဖ်အမ်
လေးဖွင့်ပါဟဲ့ ဘာတွေလာမလည်း နားထောင်ရအောင်”
အဲ့လို ဆော်အော်လိုက်တာက ရွာထဲက လော်စပီကာကတောင် အမေခေါ်ရလောက်တဲ့ အပျိုကြီး မအေးနွဲ့။ ဘာ့ကြောင့်လော်စပီကာလို့ခေါ်ရသလဲဆို
သူ့ရှေ့မှာ သတင်းတစ်ပုဒ် မရောက်သွားလေနဲ့။ ရောက်သွားလို့ကတော့ အနည်းဆုံး ငဆင်ရွာရဲ့
ပတ်ပတ်လည်မှာရှိတဲ့ ရွာတွေအကုန်သိပြီးသားပဲ။ သူက တစ်နေ့တစ်ခေါက် ကို အဲ့ရွာတွေဘက်သွားတာကိုး။
ထားပါတော့ မအေးနွဲ့ အကြောင်းကို။ ရွှေအက်ဖ်အမ်အကြောင်းပဲ ဆက်မယ်။
သူ့ပြောစကားနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကာလသားကော၊ အပျိုအဖွဲ့ကပါဖွင့်လိုက်တဲ့အချိန်
ရွှေအက်ဖ်အမ်မှာ လာနေတာက…….။
(၅)
“ချစ်သူ့စကားသံ အစီအစဉ်လေး စတင်ပါပြီ”
ဆိုတဲ့ အသံလေးထွက်လာတော့တယ်။ သိကြတဲ့အတိုင်းအကုန်လုံးက
လူလွတ်တွေကိုယ်စီဖြစ်နေကြလေတော့ ချစ်သူဆိုတဲ့စကားနဲ့တင် ရင်တွေခုန်ပြီဘယ်လိုအစီအစဉ်ပါလိမ့်လို့
သိချင်နေကြတာပေါ့။ ဒါပေမယ့်လည်း အရေးကောင်းဒိန်းဒေါင်းဖျက်ဆိုသလိုပဲ TOP သီဟိုဠ်ဆံ
ဆိုတဲ့ကြေငြာကိုတော့စိတ်ရှည်သည်းခံလမ်းကြောင်းမှန်စွာ စောင့်နေလိုက်ကြရသေးတယ်။ ကြေငြာပြီးတယ်ဆိုရင်ပဲ
“ကိုချမ်းမြေ့ အချစ်ကို ဘယ်လိုမြင်လဲဟင်”
“အင်း.. အချစ်ကို ဘယ်လိုမြင်လည်းဆို လူတိုင်းဆုပ်ကိုင်ထားချင်ကြတဲ့
ပူလောင်ပြင်းပြလွန်းတဲ့ မီးလို့ မြင်တယ်”
ကြေငြာတဲ့သူတွေရဲ့ အကြောင်းကို မသိပေမယ့် အဲ့စကားကိုတော့
နားထောင်နေတဲ့ လူတိုင်း ထောက်ခံဖြစ်လိုက်တယ်။ ဟုတ်တယ်လေ။ အိမ်ထောင်သည်တွေဟာတဒိန်းဒိန်းရန်ဖြစ်ပြီး
ချစ်ကြတော့လည်း ဒီကမ္ဘာမှာ ချစ်တတ်တဲ့သူဟာ သူတို့အပြင် တခြားလူမရှိတော့တဲ့အတိုင်းပဲ။
ရွာထဲက တချို့ အိမ်ထောင်ရှင်တွေ ပြောတာပါ။ ထားပါတော့။ ဆက်နားထောင်လိုက်ကြရအောင်။
“နေရီရဲ့ ပထမဆုံးစာလွှာလေးက မိန်းကလေးဆီက နေရီရဲ့”
“လာတဲ့စာတွေက မိန်းကလေးတွေဘက်ကပဲ များတယ်နော် ကြည့်ရတာ
မိန်းကလေးတွေက ပိုခံစားတတ်တဲ့ပုံပေါ်တယ်”
သြော် အဲ့လိုလည်း မဟုတ်ပါဘူး နေရီရယ် စာလေးအကြောင်းပဲ ဆက်ပြောမယ်နော်
စာလေးက မန္တလေးတိုင်းဒေသကြီး ငဆင်ရွာက တဲ့”
အဲ့ဒီအသံအကြားမှာ နားထောင်နေကြတဲ့ သူတွေ အားလုံးရဲ့ စိတ်ထဲ
ဟင်ခနဲ၊ ဟာခနဲ ဖြစ်သွားပြီ။ အထူးသဖြင့် အပျိုမတွေပေါ့။ ဒီလိုစာပို့တာ၊ ဆုတောင်းတာဆိုလို့
ငညိုတစ်ယောက်ပဲရှိမယ်ထင်ထားတာ။ခုတော့ သူတို့ရွာက မိန်းကလေးတစ်ယောက်ကလည်း ပို့ထားတယ်ဆိုပါ့လား။
ဘယ်သူများပါလိမ့် ဆိုတဲ့ အတွေးတွေနဲ့ အားလုံးဟာစိတ်ဝင်တစားနဲ့ နားပြန်စွင့်လိုက်ကြတယယ်။
“နေရီရေ မှတ်မိသေးလား တစ်ခါတုန်းကလည်း ငဆင်ရွာကဆိုပြီး
စာလာဖူးသေးတယ်နော် အစ်ကိုဖိုးသီး ဆိုလားပဲ မစံပယ်အတွက် တဲ့လေ ”
“အင်းဟုတ်တယ်နော် ဒီစာလေးကလည်း ဘယ်သူ့အတွက်လည်းမသိဘူး နားထောင်နေတဲ့
ပရိသတ်တွေအတွက် ဒီစာလေးကို နှင်းပွင့် အသံနဲ့ ဖတ်ပြလိုက်ရအောင်နော်” ဆိုတဲ့စကားလေးအဆုံး
တီးလုံးလေးနဲ့ လာတော့ အားလုံးရဲ့ စိတ်ထဲမှာ တယ်မိုက်ပါ့လားဟ ဆိုပြီး ကိုယ်စီတွေးလိုက်မိကြသေး။
ငဆင်ရွာကမိန်းကလေးဆီက စာ ဆိုတဲ့ အသံအကြားမှာ သူတို့လိုမအံ့သြပေမယ့် ရင်တုန်ပန်းတုန်နဲ့
စာဆက်ဖတ်မှာကို စောင့်နေတဲ့သူတစ်ယောက်ရှိသေးတယ်။ အဲ့ဒါကတော့ ဘယ်သူလဲဆိုတာ ပြီးမှ ပြောပြမယ်။
“မန္တလေးတိုင်း ငဆင်ရွာမှ ကိုရင်ဖိုးသီးအတွက် ပါ”
ဘာ.. ဘကြီးဖိုးသီးအတွက် စာ။
အဲ့ဒီ့အာမေဋိတ်သံဟာ အပျိုမလေးတွေ၊ အပျိုသိုးလေးတွေရော၊
နောက်ကာလသားလေးတွေ၊ ကာလသားအသိုးကြီးတွေရော အားလုံးရဲ့ စိတ်ထဲမှာ အလန့်တကြားနဲ့ ထအော်လိုက်မိတဲ့
အသံပါပဲ။ တစ်ဖက်မှာ နားထောင်နေတဲ့ ဦးဖိုးသီးလည်း လန့်ဖြန့်သွားတယ်ဆိုတာ မယုံမရှိပါနဲ့။
သိချင်ပါတယ်ဆိုမှ စာဖတ်တဲ့ ကောင်မလေးက ခေတ္တတိတ်နေပြန်သေးတယ်။
“ချစ်သူ့စကားသံအစီအစဉ်ကနေ အစ်ကိုဖိုးသီး ပို့လိုက်တဲ့စာကို
စံပယ်လည်း ကြားလိုက်ရတယ်ကိုရင်ဖိုးသီးရေ စံပယ်ကလည်း မဆွတ်ခင်က ညွတ်ချင်နေသူပါလို့ အကြောင်းပြန်လိုက်တယ်နော်”
အဲ့ဒီ့အသံအဆုံး သီချင်းတွေလွှင့်တာနဲ့၊ အစီအစဉ်ကြေငြာသူတွေ
ဘာတွေ ပြောလည်းဆိုတာ သူတို့ မသိတော့ဘူး။ သူတို့အပြင်းအထန်စဉ်းစားနေတာ မစံပယ် ဆိုတာကိုပဲ။
(၆)
“မစံပယ်.. မစံပယ် ငါရင်းရင်းနှီးနှီး သိပါတယ်”
အဲ့ဒီ့လိုပြောရင်း ခေါက်တုန့်ခေါက်ပြန်လျှောက်နေတာက လော်စပီကာ
မအေးနွဲ့။ ခုဆို သူတို့ဝိုင်းမှာ မစံပယ်အကြောင်းရှာဖွေချင်လို့ ကာလသားတွေရော၊ အပျိုတွေပါစုံနေပြီ။
မစံပယ် ဘယ်သူလဲ ဆိုတာ အားလုံးက သိချင်နေကြပြီ။
ရုတ်တရက်အပျိုကြီ မအေးနွဲ့ဟာ လမ်းလျှောက်ရာကနေ ရပ်လိုက်တယ်ဆိုရင်ပဲ
အားလုံးဟာ မျှော်လင့်တကြီးနဲ့ ငေးကြည့်နေတုန်း။
“ပန်ကာ ဟုတ်တယ် ပန်ကာရဲ့ ငယ်နာမည်က စံပယ်ပဲ ကြီးတော့မှသာ
ယောင်္ကျားရှာအဖြစ်ပြောင်း၇င်းပန်ကာဖြစ်သွားတာ”
“ဒါဆို အဘဦးဖိုးသီးနဲ့ ကိုပန်ကာက..”
အားလုံးဟာ တီးတိုးရေရွတ်ရင်း အဲ့ဒီ့စကားကို မဆက်ကြတော့ဘူး။
ဒါပေမယ့်လည်း မအေးနွဲ့ကတော့ ရုတ်ခနဲ ထပြေးလေရဲ့။ အိမ်ပေါက်စေ့လိုက်ပြီးတော့ ရလာတဲ့
သတင်းအသစ်ကို ဖြန့်ချီပေးရဦးမယ်မဟုတ်လား။
ခုမှ ငညိုပတ်ပြေးနေရတဲ့ အကြောင်းရင်းလာပြီ။
“ဘာ ကိုရင်ငညိုက နင့်အတွက် ၁၅၀၀၀ တောင် သုံးလိုက်တယ်ဟုတ်လား
နှမြောစရာဟယ်”။ လို့ ပြောလိုက်တာက အပျိုမတစ်သိုက်။ မိကြွက်ဝံ့ဝံ့စားစား ပြုံးလိုက်တယ်။
ပြီးတော့ “ဟုတ်တယ်” ဆိုပြီး မျက်နှာကို ချီထားလိုက်တာမင်းသမီး ရှုံးရလုထိအောင်ပဲ။ အဲ့ဒါကို
ကြားသွားတာက ငညို့ညီ အောင်ဝေဦး။ ကြားရသမျှကို နားထောင်ပြီးတာနဲ့ သူ့အစ်ကို ဆီသွားတာပဲ။
အဲ့ဒီ့အချိန်မှာ သူ့အစ်ကို ငညိုကို ကာလသားတွေက ဝိုင်းမေးနော။
မွေးနေ့သဝဏ်လွှာတောင်းဖို့ ဘာတွေလိုလည်း လို့ပေါ့လေ။ ငညိုက ခပ်ကြွားကြွားလေး ပြောလိုက်တယ်။“ဟ
ကောင်တွေရကလေးသာ အလကားပြောပေးတာ မိကြွက်တို့အသက်အရွယ်ဆို ၁၅၀၀၀ သွင်းရတယ်ဟ” လို့လေ။သူလည်း
အဲ့လိုပြောလိုက်ေ၇ာ အောင်ဝေဦးရယ်ပြေးပါတော့တယ်။ သူတို့အမေဒေါ်မိထော်ဆီကို။
“ကိုကြီးရယ် အစ်မမိကြွက်အတွက် ၁၅၀၀၀ ကြီးများတောင် သုံးပစ်တယ်”
လို့ပြေးပြောပါလေရော။ ဒေါ်မိထော်ကလည်း မနက်ကတည်းက နားစွင့်နေတာမသေချာသေးလို့ကိုး။ ခု
သေလည်း သေချာပြီဆိုတော့ကာဝါးရင်းတုတ်ကိုင်ပြီး ငညို့နောက်က လိုက်တော့တာပဲ။
ငညို့ခမျာလည်း သနားစရာ။ ပြန်ဖြေရှင်းရင် မိကြွက်သိမှာကြောက်ရတော့
မရှင်းရဲဘူး။ သူ့အမေနဲ့ သူ့ညီ ပါးစပ်မလုံတာကတော့ လော်စပီကာ မအေးနွဲ့နဲ့ အပြိုင် နင်လားငါလားပဲလေ။
မိကြွက်အသက်ကို လိမ်ပြီး မွေးနေ့ဆုတောင်း ထည့်ခဲ့တာပါ လို့ မပြောရဲတော့ ပြေးလေရောပေါ့။
သူနဲ့အပြိုင် ရွာထဲမှာ ဟိန်းနေတဲ့ အသံချဲ့စက်အသံကတော့ ဦးဖိုးသီးနဲ့ ကိုပန်ကာနဲ့မင်္ဂလာဆောင်။
အဲလေ ယောင်လို့ပါ။ ဦးဖိုးသီးနဲ့ မစံပယ် တို့ရဲ့ မင်္ဂလာဆောင်။ လော်စပီကာမအေးနွဲ့ကျေးဇူးကြောင့်
ကိုပန်ကာ့အမေက ရွာလူကြီးတွေနဲ့ တိုင်ပင်ပြီး သူတို့နှစ်ယောက်ကို ပေးစားလိုက်လေရဲ့။
အဲ့ဒါပေါ့။ ဟက်ပီဘက်သ်ဒေး ဗိုင်းရပ်စ်ကြောင့် ငညိုတစ်ယောက်
ခြေသလုံးအရှိုးရာထင်ပြီး ဦးဖိုးသီးနဲ့ ဒေါ်ပန်ကာ အဲလေ ဦးဖိုးသီးနဲ့ မစံပယ်တို့ အဆင်ပြေသွားလေရဲ့။
သြော် ငဆင်ရွာလေးမှာ ဟက်ပီဘက်သ်ဒေးဗိုင်းရပ်စ်အကိုက်ခံခဲ့ရတာ အဲ့ဒီလို အဲ့ဒီလို။
ရည်ဝေ
2 comments:
ဟားဟားးးးးးးးးးးးးးးးးးးးး
တကယ်ရယ်ရတယ် မ
အဲလိုတွေရေးတော့လဲ ပိုင်တာပဲနော် မ က:)
ပိုင်ဖူးလေ အစမ်းရေးကြည့်ထားတာ
အက်ဖ်အမ်ကို တနေ့တနေ့ နားထောင်နေဖြစ်တော့ တွေးမိသွားလို့
နောက်တစ်ခေါက်ကျ city fmပြောင်းမယ် အဟေး :D
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်