Sunday, 10 March 2013

၁၀-၃-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ

(၁)
ကောင်းကင်က
ကြယ်ကိုလိုအပ်တယ်
နေကိုလိုအပ်တယ်
လမင်းကို လိုအပ်တယ်
လိုအပ်တယ်လို့
စကားတွေမဆိုမိဘူး
ကောင်းကင်ခမျာ
ကမ္ဘာကြီးကို မိုးပေးဖို့ လုံးပမ်းနေမိလို့ပါ

ငှက်ကလေးရေ
ကိုယ်လည်း ငှက်ကလေးကိုလိုအပ်တယ်
ဒါပေမယ့်
လိုအပ်တယ်မဆိုမိဘူး
ငှက်ကလေးစိတ်ရှုပ်သွားမှာ စိုးရိမ်မိလို့ပါ



ငှက်ကလေးက တေးဆိုရင်
တေးဆိုသံထဲက
ခံစားချက်တွေကို ကိုယ်က ဖမ်းယူနေကျ
ငှက်ကလေးက ပြုံးနေရင်
အပြုံးထဲက
ခံစားချက်အငွေ့အသက်တွေကို ကိုယ်က ခွဲဝေနေကျ
ဘာ့ကြောင့်ဘာ့အတွက်
ပျော်ရွှင်မှု လွမ်းဆွေးမှု ဝတ်ကျေတမ်းကျေ
အရာရာကို ကိုယ် ဖမ်းယူတတ်ခဲ့တယ်

တကယ်ဆို ငှက်ကလေးရယ်
ကိုယ်က သစ်ပင်ဖြစ်နေခဲ့တယ်
ဖွင့်ဟပြောစရာစကားလုံးမရှိဘူး
တိုးတိတ်ဆွံ့အ နာခံရုံသတ်သတ် ဖြစ်တည်ခဲ့ရတဲ့ ဘဝ
သစ်ပင်ဘဝက ခေတ္တလွတ်မြောက်ချင်တယ်

ငှက်ကလေးရေ
အခွင့်ရှိရင်
ငှက်ကလေးရဲ့ ချစ်ခြင်းကို လိုအပ်ကြောင်း
တေးဆိုခွင့်ရချင်တယ်

(၂)
အတိတ်က အတိတ်ကိုလိုအပ်ကြောင်းညည်းနေတယ်
အတိတ်တွေမှာ ပျော်စရာတွေရှိခဲ့သတဲ့
အတိတ်တွေမှာ... ဝေဒနာတွေ ရှိခဲ့သတဲ့
အတိတ်တွေမှာ ခံစားချက်တနင့်တပိုးကြီးသီကျူးမိခဲ့သတဲ့

ငှက်ကလေးကော အတိတ်ကိုလွမ်းနေလေမလား
ကိုယ်တွေးနေမိတယ်
တကယ်..
ကိုယ့်အတိတ်ကတော့ အတိတ်ကိုလွမ်းနေတယ်
အတိတ်မှာ..
အတိတ်ဆို...တာ
အတိတ်..ဟာ
သစ်ပင်ငယ်တစ်ပင်အဖြစ် ဖူးပွင့်ခွင့်ရခဲ့တဲ့ ကာလတွေပါပဲ
ချစ်ခြင်းကို သီကျူးဖို့ မေ့လျော့ခဲ့တဲ့ ကာလတွေ
အရာရာမှာခံစားချက်တွေဗလာဖြစ်နေခဲ့
ကိုယ့်.. လက်ရှိ..အဖြစ်လောက် ကျေနပ်စရာမကောင်းဘူး
လက်ရှိအချိန်လောက်ကြည်နူးစရာမကောင်းဘူး
လက်ရှိအချိန်လောက် ကြေကွဲစရာမကောင်းဘူး

ဗလာအတိတ်ကို ချစ်ခြင်းရနံ့ရှိတဲ့ အတိတ်ကိုကြွားချင်လို့
အတိတ်က အတိတ်ကို ပြန်လွမ်းတယ်

(၃)
ငှက်ကလေးက
ဒဏ်ရာတွေအများကြီးရှိခဲ့သူ
ကိုယ်က
ငှက်ကလေးအတွက်
ဒဏ်ရာတွေအများကြီးရချင်ခဲ့သူ

ပေးဆပ်ခွင့်မရတဲ့ အချစ်ဟာ
ပေးဆပ်ချင်သူအတွက် ရင်နင့်စရာတွေ ပေးတယ်
တကယ် ငှက်ကလေးအတွက်
ပျော်ရွှင်စရာ ဖန်တီးပေးချင်တယ်
ဘဝရဲ့ ရသကို ရှာဖွေပေးချင်တယ်
ငိုစရာ အဖြစ်အပျက်တွေ့တိုင်းမှာ
သစ်ခက်တွေနဲ့ ငှက်ကလေးကို ထွေးပွေ့လို့ နှစ်သိမ့်ပေးချင်တယ်

ဒါမှမဟုတ်
ငှက်ကလေးရဲ့ အရိပ်လေးဖြစ်ချင်တယ်
ငှက်ကလေးလိုအင်ရှိတာမှန်သမျှ
ဖြည့်ဆည်းပေးခွင့်ရှိချင်တယ်

ငှက်ကလေးရေ..လို့ အော်ခေါ်မိလိုက်တိုင်းမှာ
ကိုယ့်အသံက ဆွံ့အ
တကယ်ဆို ကိုယ်ဟာ
ခံစားချက်ကို ဖွင့်ဟခွင့်မရှိတဲ့သူမဟုတ်လား

ငှက်ကလေးက ....
...........တေးဆိုခွင့်ရှိတဲ့သူ
ကိုယ်
ငှက်ကလေးရဲ့ တေးသံကိုပဲ နားစွင့်ခဲ့ရတယ်
နားစွင့်ခွင့်ရှိခဲ့တယ်
တကယ်ဆို
ကိုယ်က သစ်ပင်မဟုတ်လား.......။

(၄)
ငှက်ကလေးက
စိတ်ရှုပ်တတ်တယ်
ငှက်ကလေးက
ရီတတ်တယ်
ငှက်ကလေးက
လှောင်တတ်တယ်
ငှက်ကလေးက
အားနာတတ်တယ်
ငှက်ကလေးက
အသံအက်တယ်
ငှက်ကလေးက
ရှက်တတ်တယ်
ငှက်ကလေးက
ငှက်ငယ်ဆန်တယ်
ငှက်ကလေးက
ငှက်ကြီးငှက်ကောင်းဆန်တယ်
ငှက်ကလေးက
ဂျစ်တစ်တစ်ငှက်ပေငှက်တေ ဆန်တယ်
ငှက်ကလေးက
မလိမ္မာချင်ယောင်ဆောင်တတ်တယ်
ငှက်ကလေးက
ရိုးသားပေမယ့်
မရိုးသားတဲ့ ငှက်မိုက်ပုံစံဟန်ဆောင်တတ်တယ်
ငှက်ကလေးက
ငှက်ကလေးက
ငှက်ကလေးက
.......................
ကျွန်တော့်ကို သံယောဇဉ်ရှိမှာပါ
ငှက်ကလေးက
ကျွန်တော့်အတွက် အိပ်မက်တွေ မက်ပေးလိမ့်မယ်
ငှက်ကလေးက ကျွန်တော့်အတွက်နူးညံ့တဲ့ ချစ်ခြင်းတွေ ပေးလိမ့်မယ်
အဲ့ဒါ ကျွန်တော့် အိပ်မက်ထဲမှာ
ငှက်ကလေးဆီကလိုချင်တဲ့ အရာတွေ
အရေးအကြီးဆုံးက
ငှက်ကလေး ကျွန်တော့်ကို ချစ်မှာပါ

(၅)
ငှက်ကလေးလို့ ကျွန်တော် ပြောတော့
ငှက်ကလေးက ပြုံးတယ်
သူမှမကြားပဲလေ
ခပ်သဲ့သဲ့ လှုပ်ခတ်သွားတဲ့ သစ်ခတ်တွေကိုကြည့်ပြီး
သူ ပြုံးမှာပေါ့
သူပြုံးတာကိုကြည့်ပြီး
ကျွန်တော်ရယ်မိတယ်
ဘာပဲဖြစ်ဖြစ်
သူပြုံးတတ်အောင် ကျွန်တော်လုပ်ခဲ့တယ်
ဒီအတွေးနဲ့ ကျွန်တော် ပျော်တယ်

ငှက်ကလေးရေ လို့ အော်ခေါ်မိတော့
ငှက်ကလေးက ရယ်တယ်
သူမှ မကြားပဲလေ
ယိမ်းထိုးလှုပ်ခါသွားတဲံ သစ်ပင်ကို ကြည့်ပြီး ရယ်မိမှာပေါ့
ကျေနပ်တယ်
ဘာပဲဖြစ်ဖြစ်
ငှက်ကလေး ကျွန်တော့်အတွက်နဲ့ ရယ်ခဲ့တယ်

(၆)
ငှက်ကလေးရဲ့ စိတ်ကူးယဉ်ဆန်မှုမှာ ကိုယ်ခေတ္တ သေဆုံးသွားတယ်
ငှက်ကလေးရဲ့ ငှက်ကလေးကို မနာလိုလိုက်တာ
ငှက်ကလေးရဲ့ ချစ်ခြင်းတွေကို သူအပိုင်စီးထားလိုက်ပုံများ
ကိုယ်.......ဒီနေ့မှာ
ခေတ္တအသက်ရှုရပ်သွားချင်တယ်
ဒါဆို ပြန်နိုးလာတဲ့ပခါ
ကိုယ် အားလုံးမေ့သွားမယ်ထင်တယ်
 

ငှက်ကလေးရေ
အကြောင်းပြချက်မရှိပါပဲ ကိုယ်ငိုနေမိ    
တကယ်ဆို
စချစ်မိသူက အရှုံးမှန်းသိပါလျှက်
သိခဲ့ပါရဲ့နဲ့
ငှက်ကလေးနဲ့ ငှက်ကလေးအကြောင်းကိုသိရတာ
ကိုယ် ရင်နာတယ်
ငှက်ကလေးရဲ့ ငှက်ကလေးအပေါ်ချစ်ခြင်းကို
ကိုယ် မျက်မုန်းကျိုးတယ်
ငှက်ကလေးရေ....
ကိုယ် ဒီနေ့ ငှက်ကလေးကို ခေတ္တမေ့ချင်တယ်

ခဏတော့ကိုယ့်စိတ်တွေကို လွတ်လပ်ခွင့်ပေးစမ်းကွယ်
အားပါးတရ ကြေကွဲမိချင်လို့
ကြေကွဲမှုနဲ့အတူ အလွမ်းပါ ရောပါလာတဲ့အခါ
ငှက်ကလေးကို လွမ်းချင်းက ပိုဆိုးတယ်
တစ်ခါလောက် သီးသန့်လေး ကြေကွဲပါရစေ။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်