သူလည်းလေ
လောကီသားပေမို့
ကွန်ကရစ်ခင်းထားသည့် သည်လမ်းမဘေးဝယ် အလျား ခြောက်ပေ၊ အနံ
ရှစ်ပေသာကျယ်သော အိမ်ခန်းငယ်လေးများတန်းစီနေသည်။ ထိုအိမ်ခန်းငယ်လေးများရှေ့တွင်တော့
ကလေးငယ်များဝိုင်းဖွဲ့ကာ ကစားလျက်။ တစ်သောင်းရှစ်ထောင်ဆိုသော ပမာဏက အတော်ပင် ဈေးသင့်သော်ငြား
သူတို့ မိသားစုလေးအတွက်တော့ အိပ်စရာနေရာသီးသန့်သာဖြစ်လိမ့်မည်။ မီးဖိုချောင်ရယ်လို့လည်း
သီးသီးသန့်သန့်ရှိမည်မဟုတ်။
“မအေးနဲ့ တိုင်ပင်လိုက်ဦးမယ် ကိုသန်း နည်းနည်းအခန်းကျယ်တာရှိရင်
ကျွန်တော့်ကို ပြောဦးနော်”
“အေးပါကွာ အခုက တွေ့တဲ့အခန်းပဲပြထားသေးတာ မင်း အချိန်ရသေးတယ်မလား
ငါ နည်းနည်းဆက်ရှာလိုက်မယ်”
ကိုသန်း ပြောစကားကို သူခေါင်းညိတ်ပြလိုက်ရင်း
“ရှေ့လ ဆယ့်ငါးရက်မှာတော့ မဖြစ်မနေ ပြောင်းရမှာဆိုတော့
ဒီလထဲမှာ နည်းနည်းကြိုးစားပြီး ရှာပေးပါဗျာနော် ဒီနားပါတ်ဝန်းကျင်နဲ့ နီးတာလေးပေါ့
ဒါမှ သားလည်း ကျောင်းတက်ရတာ လွယ်အောင်”
“အေးအေး ငါ သွားတော့မယ် ဒီနားလေး တစ်ချက်လှည့်ကြည့်လိုက်ဦးမယ်”
ပြောပြောဆိုဆိုနှင့်
ခပ်သုတ်သုတ်ထွက်သွားသော ကိုသန်းနောက်ကျောကို ကြည့်မိရင်း သူတို့ ဒီလို အလုပ်ကို ရှာဖွေနေလို့သာ
ပွဲခ မြိုးမြိုးမြတ်မြတ်ရတာပဲ ဟု တွေးလိုက်မိသည်။
……………………….
“မိအေးရေ အိမ်ခန်းက ရှိတော့ရှိတယ် ဒါပေမယ့် အရမ်းကျဉ်းနေတယ်ဟ”
“အခန်းလေးနှစ်ခန်းလောက်ရှိတာလေးများ ရှာလို့မရဘူးလား အစ်ကို
သားလေးကလည်း ဆယ့်သုံးနှစ်ရှိပြီဆိုတော့ လူပျိုပေါက်စဖြစ်နေပြီလေ သူ့ဟာသူ အခန်းခွဲအိပ်ချင်ပြီ”
“အေးပါဟာ” ဟုပြောရင်း ခေါင်းညိတ်ပြလိုက်သည်။
“ဟော အစ်ကို အိမ်ရှင်လာနေတယ်”
မိအေး သတိပေးစကားကြောင့် သူ စိတ်ဝယ် နွမ်းရိစွာဖြင့် ခေါင်းထောင်ရင်း
ကြိုဆိုလိုက်သည်။
“လာ အစ်မ လာ ကျွန်တော်နဲ့ မိအေးလည်း ခုပဲပြောနေတာ အိမ်ရှာဖို့ကို”
“ကျွန်မလည်း တကယ်အားနာပါတယ်ရှင် အညာကနေ လာမယ့် ကျွန်မညီမကလည်း
ဒီမှာ အခြေချနေဖို့ဆိုတော့…”
စကားကိုမဆက်ပဲ ရပ်ထားသော အိမ်ရှင်အမျိုးသမီးအား သူ ပြုံးပြလိုက်ရင်း
“ဟုတ် နားလည်ပါတယ် အစ်မ” ဟု ပြောရင်း ခေါင်းညိတ်ပြလိုက်မိရုံသာ။
တကယ်ဆို ဘာ့ကြောင့်ပဲဖြစ်ဖြစ် သူပိုင်တဲ့အိမ် သူ ငှားချင်မှ ငှားပေလိမ့်မည်။ အကြောင်းပြချက်ပေးစရာမလိုဘူး
ဟု သူ ထင်သည်။ အားနာ၍ပဲ အကြောင်းပြချက်ပေးနေသည်လား ဆိုသည်ကိုတော့ ထိုအမျိုးသမီးမှ သိပေလိမ့်မည်။
“အကြောင်းကိစ္စရှိလို့တော့မဟုတ်ပါဘူး လမ်းကြုံဝင်လာခဲ့တာပါ”
မမေးပါပဲနှင့် ဖြေသော ထိုမေးခွန်းအတွက် သူပြန်လှန်ပြောစရာ
စကားမရှိပါ။ ခေါင်းညိတ်ပြရုံလောက်သာ….။ သူနှင့်သာ စကားပြောနေသော်လည်း ထိုအမျိုးသမီး၏
မျက်လုံးက အိမ်အနှံ့ ကျီးကန်းတောင်းမှောက်ကြည့်နေသည်ကို ကြည့်ခြင်းအားဖြင့် သူ့အိမ်ဝယ်
ဘာလိုအပ်ချက်တွေ ရှိနေမလဲဟုလာလေ့လာခြင်း ဖြစ်ပေလိမ့်မည်။
“နောက်မှ တွေ့မယ်နော် ညီမ”
မိအေးနှင့် မိန်းမသားသဘာဝ စကားတချို့ပြောပြီး ပြန်သွားမှပင်
သူလည်း အေးချမ်းစွာနားခွင့်ရပေတော့သည်။
……………………………………………………….
“ဖေကြီး ဆရာမက သားကို ကျူရှင်ယူဖို့ပြောနေတယ် ဒီလလည်း သား
သင်္ချာကျတယ် ဖေကြီး”
“တိုင်လိုက်ရင်တော့ အဲ့ဒီဆရာမ ဒုက္ခရောက်ဦးမယ် ကွာ…တောက်”
သူ စိတ်ပျက်ခြင်း၊ ဒေါသထွက်ခြင်းတို့ ပေါင်းဆုံကာ တောက်ခေါက်လိုက်မိတော့
မိအေးက
“ဒေါသထွက်မနေနဲ့တော့ အစ်ကိုတို့ သမဌာနမှာတောင် ဆိုင်ငှားတဲ့သူက
ဆိုင်ခန်းငှားခလေးပေးဖို့တောင် ဝန်ထမ်းတွေကို လာဘ်ထိုးကြတာပဲဥစ္စာ.. ဆရာ၊ ဆရာမတွေ ကျူရှင်ယူခိုင်းတာတော့
စိတ်ဆိုးမနေပါနဲ့တော့”
“မဟုတ်ပါဘူးဟာ သားက သင်္ချာတော်ရဲ့သားနဲ့ စာမေးပွဲကျတာကို
စိတ်ဆိုးလို့ပါ သား တစ်ဘာသာ ဘယ်လောက်တဲ့လဲ”
“တစ်ဘာသာကို တစ်ထောင်တဲ့ဖေကြီး ”
“အေးလေ နက်ဖြန်ကစပြီး ဆရာမဆီမှာ ကျူရှင်တက်မယ်လို့ ပြောလိုက်နော်
သား”
ခေါင်းညိတ်ပြီး ကစားဖို့ သားထွက်သွားတော့ သူ့မှာ တွေးစရာ
များစွာကျန်ခဲ့ပြန်သည်။ အထက်မှ ဆိုင်ခန်းတွေ ဓါတ်ပုံရိုက်ပြီး ပေးရမည်ဆိုသည့် အမိန့်စာထွက်လာတော့
သူတို့အဖွဲ့ ဆိုင်ခန်းများအားလှည့်လည်ကာ ဓါတ်ပုံရိုက်ရင်း တစ်ဆိုင် သုံးထောင်နှုန်း
ကောက်ခံခဲ့ကြသည်။ ပြီးလျှင်တော့ ထိုပိုက်ဆံကို ဓါတ်ပုံဖိုးနှုတ်ကာ ကျန်ငွေကို သူတို့
အဖွဲ့ ခွဲဝေယူကြ၏။ ဌာနမှုးကအစ ခွဲယူသော ထိုပိုက်ဆံကို မတရားရယူသည့်ငွေ ဟုတော့ သူမသတ်မှတ်မိပေ။
သား၏ဆရာမလည်း ထိုနည်၎င်း တွေးလိမ့်မပေါ့ ဟုတွေးမိတော့ ဒေါသတို့အစား ကိုယ့်ကိုယ်ကို ရှက်ရွံ့စွာ
ရယ်မောမိပြန်သည်။
…………………….
အိမ်ခန်း စာချုပ်ရပါမည် ဆိုကာမှပင် ဝင်ငွေကလည်း ရှားနေပြန်သည်။
ဆိုင်ခန်းများနှင့်ပါတ်သတ်၍ အထက်မှ မည်သည့်အမိန့်မျှ မပေါ်ပြန်။ သမဦးစီးအရာရှိတစ်ဦး၏
ဝင်ငွေသည် သားအမိသားအဖသုံးယောက်သာရှိသော သူတို့မိသားစု၏ု စားဝတ်နေရေးလောက်ငှရုံသာရှိသည်ဆိုတော့လည်း…….။
“ကိုတင်စိုး ဘာတွေတွေးနေတာလဲ”
အကြီးတန်းစာရေးတစ်ယောက်ဖြစ်သော ကိုမောင်စိန့် အမေးကို သူ
သက်ပြင်းများစွာခါချရင်း ခေါင်းခါပြမိသည်။
“ကျွန်တော့်ကို တစ်ခုလောက် ကူညီပါဦး”
“ဘာကို ကူညီရမှာလဲ ပြောပါဦး ကိုမောင်စိန်ရဲ့”
စာရင်းရေးဖို့ရာ ကူညီခိုင်းလိမ့်မည်ဟု တွေးမိသော်လည်း မေးလိုက်၏။
ကိုမောင်စိန်မှာ အကြီးဆုံးအားနည်းချက်က စာရင်းပိုင်းဆိုင်ရာကိုင်တွယ်ရသည့်တာဝန်ကို
ယူထားရပြီး စာရင်း မရေးတတ်ခြင်းပင်။
“အရင်လိုပဲ နှစ်ချုပ်စာရင်းလေး ကူလုပ်ပေးပါဦးဗျာ”
သည်တစ်ခါတော့ ကိုယ့်မှာလည်း ပိုက်ဆံရှာရန်တာဝန်ရှိသေးသည်မို့
သူ မကူညီချင်ပြန်။ သူ့မျက်နှာ မကောင်းသည်ကို ကိုမောင်စိန်က ရိပ်မိဟန်နှင့်။
“ခင်ဗျားအတွက် ကျုပ် အလုပ်တစ်ခုရှာပေးထားတယ်ဗျ မောင်ဦး
ငါးမုန့်လုပ်ငန်းလေ သိတယ်မလား အဲ့ဒီမှာ သိပ်မကြာခင် စာရင်းစစ်ဝင်မှာမလို့တဲ့ စာရင်းရေးပေးဖို့လူရှာပေးပါတဲ့
မြိုးမြိုးမြတ်မြတ်ရမှာပါဗျ”
သူ စိတ်ဝင်စားသည်ကို ရိပ်မိသော ကိုမောင်စိန်က ထပ်ပြောပြန်သည်။
“ကျုပ် ပွဲစားခမယူဘူး ကျုပ်ကိုဒါလေးပဲ လုပ်ပေး.. ခင်ဗျားကို
သူတို့က အဲ့ဒီအတွက် ၅သိန်း တဲ့ ဟာကွက်တော့မရှိစေနဲ့တဲ့”
“အိုခေ.ကျုပ်တာဝန်ထားလိုက် ”.
သူ ပြောရင်း လက်ဖျောက်တစ်ချက်တီးလိုက်မိချေပြီ။ စာရင်းတွေ
ဘယ်လောက်များလိမ်ထားလို့ စာရင်းလိမ်ခ ငါးသိန်းတောင်ပေးတာလဲ ဟု တွေးမိတော့ သူ ထိုအတွေးကို
ပြန်မောင်းထုတ်လိုက်သည်။ အနည်းဆုံးတော့ စရံငွေ နှစ်သိန်းရမည်ဆိုလျှင် သူ အိမ်လခ အဆင်ပြေသွားလေပြီ။
ထမင်းစားချိန်ကျမှ မိအေးအား ဝမ်းသာအောင်ဖုန်းဆက်အသိပေးလိုက်ဦးမည်။
…………………….
“ရော့ ကိုသန်း ဒါက ကိုသန်းအတွက်”
ငွေ နှစ်သောင်းခွဲကို ကိုသန်းအားပေးတော့ မိအေးက နှမြောသလိုဟန်နှင့်
ငေးကြည့်နေသည်ကိုတွေ့ရ၏။ ဟုတ်တော့လည်းဟုတ်သည်။ စာရင်းရေးခစရံငွေ နှစ်သိန်းမှာ ခြောက်လစာ
ပေးလိုက်တော့ တစ်သိန်း ငါးသောင်း၊ ခု ပွဲစားခနှင့်ဆိုလျှင် တစ်သိန်းခုနှစ်သောင်းပင်
ကျသွားချေပြီ။ ကျန်ငွေ နှစ်သောင်းခွဲနှင့်ပင် အိမ်ပြောင်းဖို့ရာ ပြင်ဆင်ရဦးမည်။ နောက်တစ်ပတ်လောက်ဆိုလျှင်တော့
လစာထုတ်တော့မည်မို့ အသုံးစရိတ်အတွက် ပူပန်စရာတော့ မလိုချေ။
အရင်ငှားသည့် အိမ်လေးနှင့် တစ်လမ်းကျော်တွင်ရသဖြင့် ကံကောင်းသည်ဟု
ဆိုရပေမည်။ ယခုအိမ်လေး၏ တည်ဆောက်ပုံက ဆိုင်ခန်းဖွင့်ရန် ရည်ရွယ်ကာ ဆောက်ထားသည်ဟုပင်ထင်ရ၏။
အိပ်ခန်းနှစ်ခန်းကို အနောက်မှာထားကာ အရှေ့က အခန်းကျယ်လေးမှာက ဆိုင်ဖွင့်၍ရသည်ဆိုတော့
မိအေး ပြောသည့် အိမ်ဆိုင်အသေးလေးဖွင့်ချင်သည် ဆိုသည့်စကားအား သူလည်း ထောက်ခံချင်ပြန်၏။
ဒီတစ်ခါ အိမ်ခန်းငှားခအတွက် သူ၏ စာရင်းပိုင်းဆိုင်ရာကျွမ်းကျင်မှုက
ကယ်တင်ခဲ့သည်။ နောက်တစ်ခါကျလျှင်ကော ကယ်တင်မည့်သူ ရှိပါဦးမလား သူ မသေချာပါ။ မိအေးအတွက်
အရင်းအနှီး ရှာပေးရပေဦးမည်။ အကယ်၍များ ထိုအိမ်ဆိုင်လေး အဆင်ပြေခဲ့လျှင်တော့ ဆိုင်ခန်းငှားတို့၏
မသထာရေစာကို မက်မောမနေပဲ ဦးစီးအရာရှိပီပီ သိက္ခာကြီးနှင့်နေလိုက်မည်ဟု တွေးရင်း သူ
ပြုံးလိုက်မိသည်။
……………….
“အစ်ကိုရေ ဧည့်သည်လာတယ်”
“ဟေ.. အေးအေး ခဏလေးနော် ရေချိုးရင်းတန်းလန်းမို့လို့”
သူ အလျှင်အမြန်ချိုးပြီး အဝတ်အစားလဲကာ ထွက်ခဲ့တော့ အိမ်ရှေ့ဝယ်
ကိုမောင်စိန်က ဆီးကြိုနေသည်။
“ပြော ကိုမောင်စိန် ပိတ်ရက်မှာတောင် အိမ်လာလည်တယ်ဆိုတော့
ဘာအကြောင်းကိစ္စလဲဗျ”
“ကျုပ်အသိက ဒီနားမှာ နေတာလေဗျာ ဒါနဲ့ ကိုသန်းတို့လည်း ဒီနားပဲ
ဆိုပြီး ရှာလာလိုက်တာ ဒါနဲ့ ဆိုင်လေးက တော်တော် စိုစိုပြည်ပြည်လေးပါ့ကော ရောင်းကောင်းလား
အစ်မကြီး”
ကိုမောင်စိန့် အမေးကြောင့် မိအေးက ကျေနပ်ပြုံးလေးနှင့်
“ရောင်းကောင်းတယ်ရယ်လည်း မဟုတ်ပါဘူး ကိုမောင်စိန်ရယ် အိမ်စရိတ်လေးတော့
ကာမိတာပေါ့ ”
“လာဗျာ ကိုမောင်စိန် လက်ဖက်ရည်ဆိုင် သွားရအောင်”
“သွားတာပေါ့ဗျာ
ခွင့်ပြုပါဦး အစ်မကြီး”
……………….
လက်ဖက်ရည်ဆိုင်လာခြင်းမှာ တကယ်တော့ ဘုရားလည်းဖူးရင်းလိပ်ဥလည်းတူးရင်းဆိုသလို
ကိုမောင်စိန့်အားလည်းလက်ဖက်ရည်တိုက်လိုခြင်းအပြင် ထိုလက်ဖက်ရည်ဆိုင်ဘေးမှ အရင်ငှားခဲ့သည့်
အိမ်လေးအားလည်း ပြန်ကြည့်လိုခြင်းကြောင့်ပင်။
……..---))x----xxx-xx-၀၀၀xx၀-
ဘာစကားသံတွေ လည်း သူလည်းနားမလည်။ ဘေးစားပွဲဝိုင်းမှ လူမျိုးခြားလင်မယားနှစ်ယောက်
စကားပြောနေခြင်းပင်။ သူတို့အချင်းချင်းတော့ နားလည်ပေလိမ့်မည်။ သူ ဒီလမ်းလေးမှာ နေခဲ့စဉ်ကတော့
ဒီလူမျိုးခြားနှစ်ယောက်ကို မမြင်ဖူးပါ။ ဘယ်ကလူတွေပါလိမ့်ဟု တွေးရင်း ကိုမောင်စိန့်ဘက်
ပြန်လှည့်လိုက်သည်။
“ဒီလိုဗျ နောက်ကုမ္ပဏီတစ်ခုကပဲ စာရင်းရေးစရာအပ်ချင်လို့တဲ့
သူတို့က အချိန်သိပ်မရဘူး ကျုပ်ကို စာရွက်တွေ ပေးတယ် အချိန်နှစ်ပတ်ပဲပေးတယ်ဗျ စာရင်းရေးခကို
သုံးသိန်းတဲ့ အရင် ကုမ္ပဏီလောက်လည်းမကြီးဘူးလေ အဲ့ဒါ ခင်ဗျား စိတ်ဝင်စားလားလို့ လာမေးတာ”
“စိတ်ဝင်စားတယ်ဗျာ စာရွက်တွေ နက်ဖြန် လိုက်ယူလိုက်မယ်လေ”
မိအေးအတွက် ရင်းနှီးငွေ ရပြန်ပြီဟုတွေးရင်း သူပျော်သွားသည်။
“ခင်ဗျား အဲ့လိုဖြေမယ်မှန်းသိလို့ ကျုပ်ယူလာပါတယ်ဗျ” ဟုဆိုက
ကိုမောင်စိန်က အိတ်တစ်ခုနှင့် ဖိုင်များလှမ်းပေးတော့ သူ ရှက်ရယ်ရယ်ကာ ယူလိုက်မိရင်း အကြည့်က သူ့အငှားအိမ်ဟောင်းဆီသို့ ရောက်သွားပြန်သည်။
သူ၏ အရင်အိမ်ထဲ ဝင်သွားသည့် လူမျိုးခြားနှစ်ယောက်ကြောင့် သူအံ့သြသွား၏။ အိမ်ရှင်အစ်မကြီးနှင့် အသိတွေဖြစ်လိမ့်မည် ဟုတွေးရင်း
သူ လက်ကျန်လက်ဖက်ရည်ကို မော့ချလိုက်သည်။ ကိုမောင်စိန်ပင် သူ့လာရင်းကိစ္စပြီး၍ ပြန်သွားချေပြီ။
သူကတော့ ဘေးပါတ်ဝန်းကျင်အား ငေးကောင်းကောင်းနှင့် ငေးနေဆဲ။
“အရင်အိမ်ငှားတွေကိုထုတ်ပြီး ဒီလူတွေကို အိမ်ငှားထားတာတဲ့ဗျ
အိမ်ငှားခက တစ်လ ငါးသောင်း ဆိုပဲ”
“ဟာ ..ဒီနေရာလေးကို ဒီလောက်တောင် တောင်းတာလား..လွန်လွန်းတာပေါ့”
အနားမှ
ကျွတ်စီကျွတ်စီအသံများကြားတော့ သူ ပြုံးလိုက်မိချေပြီ။ သူအိမ်ငှားတုန်းကတော့ အိမ်ငှားခ
နှစ်သောင်းခွဲသာ ။ အကယ်၍များ အိမ်ငှားခတိုးတောင်းမည်ဆိုလျှင်လည်း သူပေးနိုင်မည်မထင်ပါ။
အရင်အိမ်ရှင်ကို ကြုံလျှင်တော့ နောက်ရဦးမည်။ အစ်မ ညီမဝမ်းကွဲက လူမျိုးခြားလားဟင်…ဟု။
ဒီချိန်ဆို သားလည်း ကျူရှင်ကနေ ပြန်လာလောက်ပေပြီ။ ဒီတစ်လတော့ သား၏
သင်္ချာရမှတ်မှာ ၁၀၀ မဖြစ်ဘူးဆိုလျှင်တောင် ၉၅ လောက်တော့ ဖြစ်ပေလိမ့်မည် ဟုတွေးလိုက်မိရင်း..........။
………………………………………
ရည်ဝေ(ရေနံ့သာသူ)
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်