သူ နောက်တစ်ချက် ထပ်ပစ်လိုက်သည်။ ဘာသံမှ မကြားရ။ အသံတိတ်ပြောင်း
တပ်ထား၍ ဖြစ်သည်။ သူချိန်ရွယ်လိုက်သော သစ်သီးကလည်း အောက်ကိုပြုတ်ကျမလာ။ သူ့ကိုလာခေါ်သော
ကောင်လေးထံမှ လှောင်ပြုံးတစ်ချက်တွေ့လိုက်ရသည်။ ဘာရယ်ညာရယ်မဟုက် ကောင်လေးရှိန်သွားမလားရယ်လို့
သေနတ်ပစ်ပြလိုက်တာ ကျည်ဆံနှစ်ခုသာ ကုန်သွားသည်။ မှန်လည်းမမှန်။ အရှက်ထပ်ကွဲမှာ စိုးသောကြောင့်ကော၊
ကျည်ဆံ ကုန်မှာ စိုးတာကြောင့်ကော သေနတ်ကို ခါးကြားပြန်ထိုးလိုက်ပြီး ကောင်လေးကို မေးဆက်ပြလိုက်သည်။
အရှေ့မှ လမ်းပြ..ဟူသောသဘောဖြင့်။ သစ်ပင်အောက်ရောက်တော့ သူခဏရပ်ခိုင်းလိုက်သည်။ ပြီး
သစ်ပင်ပေါ်တက်၍ အစောနက သေနပ်ဖြင့် ပစ်တုန်းက ကျမလာသော သစ်သီးကို အားပါးတရ ခူးယူဆွဲဖြဲပစ်လိုက်သည်။
ပြီးနောက် ခရီးဆက်လိုက်သည်။
………….
အရှေ့က ပျပျမြင်နေရသော တဲငယ်လေးတစ်ခု။ ကြည့်ရုံနှင့်သိသာနေသည်မှာ
အရက်ဆိုင်ငယ်မှန်း။ တဲငယ်ရှေ့ရောက်တော့ ထိုကောင်လေးမြင်းပေါ်မှ ဆင်းလိုက်တော့ သူပါ လိုက်ဆင်းလိုက်သည်။
သူ့ကို အထဲဝင်ရန် ခြေဟန်လက်ဟန်ပြ၍ သူကတော့ မြင်းနှစ်ကောင်လုံးကို တိုင်မှာ ချည်နေလေသည်။
သူ တဲငယ်ရှေ့က ကန့်လန့်ကာကို လက်နှင့် ဖယ်လိုက်သည့်အချိန်တွင်ပင် တွေ့လိုက်ရသည်က လူအများ
သောက်စားမူးယစ်နေသည့်ကြားထဲမှ သူရှိရာသို့ စူးစူးစိုက်စိုက်ကြည့်နေသော သူ့အရွယ် လူငယ်တစ်ဦး။
သူ့ငယ်သူငယ်ချင်း ငကြွက်။ သူ့ကိုတွေ့တော့ ဝမ်းသာသလိုပုံဟန်နှင့် အားပါးတရ လက်ဆန့်တန်းထားပေးသည်။
ထိုလက်ထဲသို့ သူကတော့ တိုးဝင်မသွားပါ။ ငကြွက်ရှေ့က ထိုင်ခုံတွင် သူဝင်ထိုင်လိုက်သည်။
“ဘာကိစ္စရှိလို့ ငါ့ကို ခေါ်တာလဲ”
“မင်းကလည်းကွာ သူငယ်ချင်းအရင်းကြီးတွေကို ဒီလောက် မစိမ်းကားစမ်းပါနဲ့”
“ကဲ ပြောစရာရှိတာပြောကွာ သိပ်လေမရှည်နဲ့”
“မင်းအစ်ကိုက မင်းကို မြေလှန်ရှာနေတယ်….မင်းအတွက် အနီရောင်အလံ ထုတ်ပေးထားတယ်
အဲဒီအကြောင်းသတိပေးမလို့ ခေါ်လိုက်တာ”…ပြောရင်းနှင့် သူ့ရှေ့က ယမကာခွက်ကို ငကြွက် တစ်ကျိုက်မော့လိုက်သည်။
သူမဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။ ထီမထင်သောဟန်ဖြင့်………….
“တွေ့ရာမဆိုင်း သတ်စေသည်တည်းပေါ့…ဘာလဲ အမွေကိစ္စအတွက်လား။။။ အဘိုးကြီးက
ဘာတွေ ရေးထားခဲ့လို့လဲ..သေတမ်းစာမှာ”
“မင်းရယ် သူရယ် တစ်ယောက်တစ်ဝက်စီပါပဲကွာ..ဒါပေမဲ့လည်း..တစ်ဝက်ဆိုတဲ့
ပမာဏက တော်တော်လေးကို များတာကိုးကွ…မင်းကိုပေးတဲ့အထဲမှာ မင်းတို့အမေနေခဲ့တဲ့ အိမ်လေးပါသွားတာက
ပိုဆိုးတယ်လေ..အဲဒီအိမ်လေးထဲမှာ မင်းတို့အဖွားဖွက်ထားခဲ့တဲ့ ရတနာထုပ် ကျန်နိုင်တယ်ဆိုတဲ့
ကောလဟာလ ကလည်း မင်းကို သတ်ဖို့ တွန်းအားတစ်ခုဖြစ်မှာပေါ့ သောက်ဦးလေကွာ မင်းအတွက်သီးသန့်စပ်ပေးထားတဲ့
အရက်…အရင်မင်းသောက်နေကျအချိုးပါပဲ”
သူတစ်ကျိုက်မော့လိုက်သည်။ ငကြွက်၏ မျက်နှာပေါ်မှ ကျေနပ်သလိုအပြုံးကို
မသိချင်ယောင်ဆောင်၍။
သူ့ကိုလာခေါ်သော ကောင်လေး၏ မျက်လုံးဝယ် အရိပ်တစ်ချို့။ ကျေနပ်နေသည်လေလား။
မသိကျိုးကျွန်သာ ပြုထားလိုက်သည်။
“ကဲ ငကြွက် မင်းသတိပေးတာကိုတော့ ကျေးဇူးတင်ပါတယ်..နောက်လိုက်မရှာနဲ့…ငါ
ဘိုးတော်ပေးခဲ့တဲ့အမွေတွေကို ယူဖို့ ပြန်ကိုပြန်လာမှာပါလို့ ငါ့အစ်ကိုကို ပြောလိုက်။။။
သွားတော့မယ်။။။။”
သူ့ဘေးနားက လူတစ်ချို့ သူ့ကို ဝိုင်းရံလိုက်သည်။
“ငကြွက်”…….သူ့အော်သံကြားတော့ ငကြွက်က
“ငါပြောဖို့မေ့သွားတယ်..ငါရာထူးတိုးသွားပြီ..မင်းအစ်ကိုရဲ့ လက်ထောက်က
ငါပဲ…ပြီး မင်းကိုရှင်းဖို့ အနီရောင်အလံကို လက်ခံခဲ့တဲ့သူကလည်း ငါပဲ ဆိုတာ။။။။”
“အင်း…မင်း ငါ့အကြောင်းတော့ သိပါတယ်နော် ခုမင်းခေါ်ထားတဲ့ လူတွေလောက်နဲ့
တားမရဘူးဆိုတာ။။။။။”
“ငါသိပါတယ်…ငါသိလို့ပဲ မင်းသောက်မဲ့ခွက်ထဲမှာ…”.ငကြွက် စကားမဆက်နိုင်တော့။
သူ့ ခေါင်းတွေ ရုက်တရက် မူးလာ၍ပင်။
“မင်းက ဒဿကို အ နေတယ်ထင်ရင်တော့ မင်းလောက် မိုက်တဲ့သူ ဒီကမ္ဘာမှာရှိမှာမဟုက်ဘူး…ဒဿဆိုတဲ့ငါက
မှော်ဆရာတစ်ယောက်လိုပဲ လက်လှည့်လည်းကျွမ်းတယ်ဆိုတာ မင်းမေ့နေပြီထင်ပါရဲ့….ကဲ ဂွတ်ဘိုင်ပါ
သူငယ်ချင်း”
ငကြွက် ဒဿစကားကိုနားထောင်ရင်း တအိအိဖြင့် လဲကျသွားလေတော့သည်။
သူဘေးနားကလူတွေ သူ့ကိုကြောင်ကြည့်နေဆဲ….မှာပင် သူတဲအိမ်လေးရှေ့သို့
ရောက်သွားသည်။ ထို့နောက်မြင်းဇာတ်ကြိုးကိုဖြုတ်၍ မြင်းပေါ်ခုန်တတ်ကာ ဒုန်းစိုင်းလိုက်သည်။
သခင်နှင့် အသားကျနေသည့် မြင်းကြီး တိုက်ဂါးကလည်း သခင့်အလိုကို သိလိုက်သည့်ဖြစ်ခြင်း
။ သခင့်စိတ်တိုင်းကျ ပြေးလိုက်သည်မှာ လွှားခနဲ လွှားခနဲ။
တဲအိမ်ငယ်နှင့် အတော်လှမ်းလှမ်းသို့ပင်ရောက်ချေပြီ။။ အဲသည့်အချိန်မှာပင်
သူ တိုက်ဂါးကို ရပ်တန့်လိုက်ရတော့၏။ မရပ်လျှင် ဒုက္ခများပေမည်။ အရှေ့မှာ ကြိုးတစ်ချောင်း။
ကြည့်ရတာ တစ်စုံတစ်ယောက်၏ ကြိုတင်ကြံစည်မှု။
ဟော..တွေ့ပါပြီ။ သူ့အစ်ကိုတော်။ သူ့အစ်ကိုတော်နှင့် လူတစ်စု။ ထိုလူတစ်စုက
သူ့ကိုဝိုင်း၍။ သူ့အစ်ကိုက လက်တစ်ချက်မြှောက်ပြလိုက်သည်။ ထို့နောက်တွင်မတော့ သူ့ထံသို့
တိုက်ခိုက်ချက်များအဆက်မပြက်ဝင်ရောက်လေတော့၏။။ သူ၏ ကျွမ်းကျင်မှုကိုမသိသော ထိုသူတို့အား
သနားစွာ၊ သို့သော်လည်း မညှာတာစွာ ။ အားလုံးအပြီးမှာ့ ထိုသူတွေ မြေပေါ်လဲကျလျှက် သူသည်သာ
ရပ်ကျန်လျှက်။
“မင်း ငါ့အကြောင်းသိရဲ့သားနဲ့ ဒီလူတွေလောက်ပဲ ခေါ်လာရလား မုန်တိုင်းရ”…ပြောရင်းလှမ်းအကြည့်
သူ့စကားတို့ ဆွံအသွားချေပြီ။ မထီတရီအပြုံးနှင့်
သူ့ကိုကြည့်နေသောမုန်တိုင်း လက်ထဲတွင်မတော့ သေနတ်ငယ်တစ်လက်။
သူ့ရင်ဝယ် သူမသိလိုက်သော သေနတ်ဒဏ်ရာတစ်ခု။
………….
“ကဒ်ကဒ်……သေနတ်သံ ဘာလို့မဖေါက်တာလဲကွ..ဟမ်..မင်း အမေ…”
ဒါရိုက်တာ ပြောစကားအကြားမှာ သူနွမ်းလျစွာပြုံးမိလိုက်သည်။ အလွန်အမင်းထမင်းဆာနေသော်ငြား..သူ
ပြန်ရိုက်ရပေဦးမည်။ အက်ရှင်မင်းသားနာမည်ခံ ဇာတ်လိုက်မင်းသားကတော့ ထီးအရိပ်အောက်မှာ
မြိန့်မြိန့်ကြီးထိုင်ကာ သူ အမည်နာမမသိသော အအေးသောက်လျက်။
ယမ်းဖေါက်သည့်သူကတော့ ရုပ်ရှင်အဖွဲ့သားအားလုံးနီးပါးထံသို့ ရိုကျိုးစွာတောင်းပန်နေ၏။
ဟော..လူကြမ်းသမားတွေတောင်ပြင်နေပြီ။ သူလည်းသွားရဦးမည်။ မင်းသားကိုယ်စား တိုက်ခိုက်ရပေဦးမည်။
ဘာပဲဖြစ်ဖြစ် သည်နေ့တော့ သမီးလေးအတွက် ခေါက်ဆွဲကြော်ဝယ်ပေးနိုင်တော့မည်မှာ သေချာသည်လေ။
မိန်းမကလည်း မှာလိုက်သေးသည်။ ဘာတဲ့….တစ်ထုပ်ပဲဝယ်ခဲ့..တဲ့။ ကျန်တာအကုန်ချန်ဆိုပဲ။
“ဒါရိုက်တာကြီး မြနမြန်လုပ်ဗျာ..ကျွန်တော် ချိန်းထားတာတစ်ခုရှိသေးတယ်”
“ဟုတ်ကဲ့ပါ..မင်းသားရယ်..ခဏပဲ..ခဏပဲ”
ဒါရိုက်တာကြီးနှင့် မင်းသား စကားသံကတော့ သူ့အား အပြုံးသဲ့သဲ့ ဖြစ်စေသည်မှအပ။
ဘဝတွေက မတူညီဘူးမလား။
သူ ပြုံးမိရင်း လူကြမ်းသမားများနှင့် တိုက်ခိုက်ရန် အပြေးလေး လှမ်းလိုက်ပါတော့သည်။
ဒါပြီးမှ ထမင်းမြန်မြန်စားရမည်လေ။
……………………………………………………………………………………………………..
ရည်ဝေ
၁၅-နိုဝင်ဘာ-၂၀၁၁
4 comments:
ရေးထားတာလေး ညက်နေတာပဲ။ ဟုတ်ပ။ အဲလို အဖြည့်ခံဘ၀တွေကို ကိုယ်လည်း စိတ်ဝင်စားတယ်။
ခင်မင်သော.. သတိုး
အော်...ဘဝတွေ..ဘဝတွေ..မတူ ခြားနားလိုက်ပုံများ..
ရေးထားတာလေး ကောင်းလိုက်တာ ဆု ရေ
အရင်ရေးဟန်နဲ့ ကွဲသလိုခံစားရတယ်..
ကြိုက်တယ်
ဖြူလေး
အရေးအသားကောင်းလေးကိုအားပေးသွားပါတယ်မမရည်ဝေရေ..
အားပေးခံစားခဲ့တယ်ဗျာ ၊၊ ဆက်လက်ပုံဖော်ထုဆစ်နိုင်ပါစေနော်
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်