“ဆံပင်ဖြူရှာပေးရင် မုန့်ဖိုးပေးမယ်”
ဦးကြီးအောင် ပြောလိုက်သည့်စကားကြောင့် ရင်ထဲ အနည်းငယ်
မျက်သွားသည်။ သို့သော် အမေက ပြန်မလာသေး။ အမေ့အစ်မဖြစ်သူ ကြီးကြီးနှင့် ခဏနေဟု ပြောကာ
အမေ ရန်ကုန်သွားသည်မှာ တစ်ပတ်ပင်ကြာမြင့်ချေပြီ။ ကြီးကြီးက သူ ဥပုသ် စောင့်သည့်ရက်ဆို
ထမင်းမချက်။ သည်တော့ ပိုက်ဆံရှိမှ အဆာပြေမုန့်ဝယ်စားရမည်လေ။ မျက်နှာကို အချိုဆုံးပြုံးလိုက်ရင်း
“တစ်ပင်ကိုဘယ်လောက်ပေးမှာလဲ ဦးကြီးအောင်ရ ”
ခပ်ပြုံးပြုံးသာမေးလိုက်ရသော်လည်း ရင်ထဲမှာတော့ အောင့်ခနဲ။
သူမ သည် အသက် တစ်ဆယ့်နှစ်နှစ်ရှိပြီ ဆိုတော့လည်း အကြောင်းအရာတော်တော်များများကို အတော်အတန်
သိပါပြီလေ။ သူမ တို့မိသားစုကို အထည်ကြီးပျက် မိသားစုဟု ပါတ်ဝန်းကျင်မှ ခေါ်ကြသည်ကိုလည်း
သိပါသည်။ ဟိုးအရင်ကဆိုလျှင် လူတော်တော်များများ က သူမ ကိုတွေ့လျှင် ချစ်စရာလေးဟု ပြောရင်း
မုန့်တွေ ဇွတ်အတင်းကျွေးတတ်ကြသည်လေ။ ခုများတော့ အဖေကလည်း ရန်ကုန်ကို အလုပ်ကြောင့် ပြောင်းရပြီး
အမေကလည်း လိုက်သွားသည့်အချိန်မျိုးမှာတော့ မုန့်ကျွေးမည့်သူများလည်း မရှိတော့။
“တစ်ပင်ကို နှစ်ကျပ်ပေးမယ် မိအေးရေ.. နှုတ်သာနှုတ်ပေး.. နက်နေတဲ့
ဆံပင်တော့ မနှုတ်မိစေနဲ့ပေါ့.. ဟုတ်လား”
ခေါင်းညိတ်မိရင်း စိတ်တွက်နှင့် တွက်လိုက်မိသည်က အသုပ်တစ်ပွဲရှစ်ကျပ်
ဆိုတော့ လေးပင်လောက်နှုတ်ရင်ကို အဆာပြေ စားလို့ရပြီ ဟု။ မနက်ခင်းတစ်နပ်ပဲ စားရသေးသည်လေ။
အဒေါ်က ဥပုသ်နေ့ဆိုတော့ မနက်စာချက်ပြီးတည်းက
ထမင်းထပ်မချက်တော့။ တူဝရီးနှစ်ယောက်စာ တစ်နပ်စာသာချက်ထားသည်လေ။
ဦးကြီးအောင် နှုတ်ခမ်းမှ ကျေနပ်ပြုံးကို မမြင်ချင်ယောင်ဆောင်မိရင်း
ဆံပင်ဖြူနှုတ်ရန် ဦးကြီးအောင်ခေါင်းကို ဘီးနှင့် ဖီးလိုက်သည်။
အမေရယ် မြန်မြန် ပြန်လာပါတော့…။ ဒီမှာ သမီးကိုကြည့်ပါဦး
စိတ်ထဲမှ တိုင်တည်ရေရွတ်သံကို အမေ ကြားပါစေလေ။
……………
“ကြီးကြီး စာအုပ်ကုန်သွားလို့ စာအုပ်ဖိုး နှစ်ဆယ် လောက်
ထုတ်ပေးပါ့လား.. အမေလာရင် ပြန်ယူပါ”
ကြီးကြီးထံ လက်လေးဖြန့်ကာ စာအုပ်ဖိုး တောင်းရသည်မှာ မျက်နှာငယ်လှပါဘိခြင်း။
သည်တစ်ခါ အမေပြန်လာလျှင်တော့ ပြောရမည်။ ရန်ကုန်သွားလျှင် သူမ ကိုပါ ခေါ်သွားပါဟု။ ခုတော့
အမေ မရှိလျှင် ကြီးကြီးက သူမအား မျက်နှာသာမပေးချေ။ သည်ကြားထဲ ကြီးကြီးအိမ်တွင်နေသည့်
ဦးလေးအရင်းခေါက်ခေါက်ဖြစ်သည့် အမေ့မောင်က စာကျက်တုန်းတန်းလန်းလည်း ခေါ်၍ နှိပ်ခိုင်းပြန်သေးသည်။
စာကျက်ဖို့ အခွင့်အရေးက နည်းပါးလွန်းလှသည်။ သူမ ၏ မဖြစ်စလောက်ဦးနှောက်လေးဖြင့်
သိရသည်ကတော့ သူမတို့ ပိုင်သည့်အိမ်လည်း ရောင်းစားပြီးပြီဟု။
ခုတော့လည်း အရင်က ဝိုင်းကာ မြှောက်ပင့်ထားသည့် အပေါင်းအသင်းဆွေမျိုးများလည်း
နှိမ့်ချကြပြီပဲ။ အဒေါ်ဖြစ်သူ ကြီးကြီး၏ မြည်တွန်တောက်တီးသံနှင့်အတူ ထုတ်ပေးလာသော ငွေနှစ်ဆယ်ကို
လက်နှင့် တင်းတင်းဆုပ်ကိုင်ကာ ကျောင်းသို့ ထွက်လာလိုက်မိပြီ။
“ပိုက်ဆံ မရှိပါဘူးဆိုကာမှပဲဟာ.. နင့်အမေ မြန်မြန်ပြန်လာပါမှပါပဲ
တကတည်း အလုပ်အရမ်းရှုပ်တာပဲ”
ပေဖြစ်တုန်းခံထား မိအေးရေ။ တူဖြစ်မှ အားရပါးရ ထုလိုက်စမ်း။
စိတ်ထဲက ကြုံးဝါးသံနှင့်အတူ ခြေလှမ်းတို့က အရှိန်မြင့်သွားချေပြီ။ ပညာတတ်ကြီး ဖြစ်ခဲ့လျှင်
ပိုက်ဆံ ရှာနိုင်မည်မှတ်လား။ ခုလို အောက်ကျို့နေစရာ မလိုတော့ဘူးလေ။
အရင် ပိုက်ဆံရှိတုန်းက ပွဲတော်နေ့တိုင်း သူမ ကန်တော့ခဲ့တာတွေ
ကြီးကြီးမေ့သွားပြီထင့်။ အမေ ကန်တော့ခဲ့တာတွေ ကြီးကြီး မေ့သွားပြီထင့်။
…..@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အမေ့ကို ချစ်ခင်လေးမြတ်စွာ စိုတ်ကြည့်နေမိသည်မှာ အချိန်
မည်မျှကြာသွားသည်ဟုပင်သတိမထားမိ။ ဒီတစ်ခါကျတော့ အမေက သူမ ကိုပါ အဖေရှိရာ ရန်ကုန်ဆီ
ခေါ်လာသည်လေ။ ကျောင်းလည်းပြောင်းပြီးပြီ။ အမေလည်း အလုပ် နေရာ ပြောင်းရွှေ့စာ တင်သည်ဆိုလားပဲ။
လက်ရှိတော့ အဖေ့အလုပ်ရှိရာ သမဝါယမရုံးလေးထဲဝယ် အခန်းလေးဖွဲ့ကာ
နေနေရသော်ငြား အရင်လို မျက်နှာငယ်စရာမလိုတော့ဟု တွေးကာ ပြောမပြတတ်အောင်ပင် ပျော်မိသည်လေ။
သို့သော်……………သို့သော်…။
….
သမရုံး၏ ဦးစီးမှုးတစ်ဦးဖြစ်သော်ငြား ရုံးတွင်းနေထိုင်သည့်အတွက်
အဖေ့မှာ ရုံးတွင်းတာဝန်တွေ ပိုလှသည်။ သည်ကြားထဲ မိသားစုပါ ခေါ်နေသည်ဟု ရုံးဝန်ထမ်းများ၏
မေးငေါ့စကားများ၊ မျက်စောင်းများ မြင်ရသည်မှာ အင်မတန်မှပင် မျက်နှာငယ်လှသည်လေ။ ထိုအချိန်မှာတော့
သူမ အသက် တစ်ဆယ့်သုံးနှစ်ကျော်ချေပြီ။
သူမ တို့ မိသားစု ဘယ်အချိန်မှများ သူတစ်ပါးကို အောက်ကျို့ရခြင်းမှ
ကင်းလွတ်နိုင်မည်လဲ။ လက်သီးဆုပ်ကို အခါခါ ဖြေလျော့ရင်း၊ စိတ်တို့ကို အခါခါ ဖြေလျော့ရင်း
လူအတော်များများကို အောက်ကျို့စွာ ဆက်ဆံခဲ့ရသည်လေ။ စိတ်တို့ တင်းကျပ်တိုင်း ဖြေလျော့စရာနေရာတစ်ခုပင်မရှိခဲ့။
ရုံးသူရုံးသားမှအစ ပြာတာခေါ် ရုံးစာရေးအဆုံး အလျှော့ပေးဆက်ဆံနေရသော အဖေ့ကိုမြင်ရတိုင်း
ရင်ဝယ် နာကျင်ရသည်။ ရုံးသူရုံးသားတို့က ကြုံလျှင်ကြုံသလို ခနဲ့သည်ကို ခံနေရတတ်သော၊
ကြုံလျှင်ကြုံသလို ရုံးကိစ္စတွေကို ကူညီပေးရသော အမေ့ကိုမြင်တိုငး ရင်ဝယ် နာကျည်းတတ်ခဲ့သည်။
ရင်ဝယ် နာကျင်တိုင်း သံဓိဌာန် ချမိသည်ကတော့ တစ်ချိန်ဝယ်
သူမ တို့ မိသားစုသည် လူချမ်းသာစာရင်းဝင်လာရမည်ဟု။
………..@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
“အင်း နှစ်ဆယ်လောက်ဆိုမဆိုးပါဘူး ဈေးသင့်ပါတယ်”
ဖုန်းဖြေရင်း အရှေ့မှစောင့်နေသည့် အန်တီကြီးအား အားနာပြုံး
ပြုံးပြလိုက်သည်။ ခန စောင့်ပါဦး ဟူသည့်သဘောနှင်…။
ဖုန်း ချပြီး လှည့်ကြည့်လိုက်တော့ အန်တီကြီးက သူမ အားပြုံးပြသည်။
မှတ်မိပါသည်လေ။ ရုံးထဲမှာ နေတုန်းက သူမတို့ မိသားစုအား အထင်သေးအမြင်သေး ဆက်ဆံခဲ့သော
အန်တီကြီး။
“အန်တီ.. ဘာကိစ္စရှိလို့လဲရှင်”
“ဟိုလေ.. ဆရာက အန်တီ့အမျိုးသားကို အလုပ်ရှာပေးမယ်ပြောထားလို့
လာမေးကြည့်တာပါ”
“သြော် ဟုတ်.. အဖေ ရုံးက ပြန်မလာသေးဘူးရှင့်.. ဟိုလေ အဖေက
ခုနှစ်နာရီလောက်မှ လာမှာဆိုတော့လေ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ကျမှ လာခဲ့ပါ့လားရှင်… သမီး
မေးပေးထားပါ့မယ်”
“ဆရာ့ကို ဆက်ဆက်ပြောပေးပါနော်” ဟုဆိုရင်း ထွက်သွားသော အန်တီကြီး၏
နောက်ကျောကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိသည်။ ကိုယ့်ကို ဒီလောက် အထင်သေးအမြင်သေးဆက်ဆံ
ခဲ့သော လူတစ်ယောက်ကို ကူညီကာ အလုပ်အကိုင်ရှာဖွေပေးသည့် အဖေ့စိတ်ဓါတ်ကို ချီးကျုးမိပါသည်လေ။
ကိုယ်သာဆိုလျှင် အဲ့ဒီလောက် စိတ်ထားနိုင်ပါ့မလား။ မထားနိုင်ဘူးထင်ပါသည်။
“အလုပ် ရအောင် ရှာပေးလိုက်ပါ ယောင်္ကျားရယ် သူတို့ခမျာ တော်တော်
လေး အကျပ်အတည်းဖြစ်နေရှာတာ”
အဖေ့ကိုပြောနေသည့် အမေ့စကားသံ ကြားမိတော့ အမေ့စိတ်ဓါတ်ကိုပါ
လေးစားစွာ ရှိခိုးမိပြန်ပါသည်လေ။ သူမ သာဆို တူဖြစ်တုန်း မထုပဲနေချင်သာနေမည်။ ပေဖြစ်တုန်းက
ခံခဲ့ရသည့်အတွက်တော့ ဘာအကူအညီမျှ ပေးနိုင်မည် မထင်ပါလေ။
ကြည့်လက်စ မြေပုံစာအုပ်ကိုကြည့်ရင်း အလုပ်အတွက် စဉ်းစားရန်ကြိုးစားလိုက်သည်။
အဖေနှင့် အမေ့လို ကြီးမြတ်သည့်သဘောထားလေး သူမ တွင်လည်း မွေးမြူရဦးမည်ဟုတော့ တေးထားလိုက်မိပါသည်လေ။
လောလောဆယ်တော့ မြေကွက်ဝယ်ရောင်းအလုပ်အတွက် တန်းစီနေသည့်
စာရင်းတွေကို ဆက်ရေးရန် ဘောပင် ကိုင်လိုက်ချေပြီ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
မွေးရပ်မြေသို့ ရောက်တုန်းရောက်ခိုက် ကြီးကြီးဆီလည်ဖြစ်တော့
ငွေကြေးချို့တဲ့ နေသည့် ကြီးကြီးကိုမြင်ရသည်မှာ
ရင်ထဲ မကောင်း။
“ငါ့တူမကြီး ကျန်းမာပါစေ..ချမ်းသာပါစေကွယ် လုပ်ငန်းကိုင်ငန်းတွေလည်း
အဆင်ပြေပါစေ”
သူမ ကန်တော့လိုက်သည့် ငွေတစ်သိန်းအုပ်အားကိုင်ရင်း အသံတုန်တုန်ယင်ယင်ဖြင့်
ဆုပေးနေသော ကြီးကြီးအားကြည့်ကာ သူမ ပြုံးလိုက်မိသည်။ ကျေနပ်ပြုံးပါ။ တစ်ချိန်တခါက ကြီးကြီး၏
သူမ အပေါ် ငြိုငြင်မှုတွေကို အတေးအမှတ်မထားပဲ ကြီးကြီး မပြည့်စုံချိန်မှာ ငွေတစ်သိန်းကန်တော့
ဖြစ်သည့်အတွက် ကျေနပ်မိခြင်းရယ်ပါ။
အမေနှင့် အဖေ့လောက်တော့ သဘောထားကြီးနိုင်မည်မထင်ပါ။ ကြီးကြီးကတော့
ကိုယ့်အမျိုးအဆွေ ဖြစ်နေ၍ထင့်။ အလွယ်တကူပဲ ခွင့်လွှတ်နိုင်သည်ထင့်။
တစ်ချိန်က ခြေရာလေးတွေကိုကြည့်ရန် ကြီးကြီးအိမ်မှထွက်ကာ
လျှောက်မိတော့ ဆံပင်တွေဖြူနေပြီဖြစ်သည့် ဦးကြီးအောင်ကိုတွေ့ရသည်။ ကြီးကြီးအိမ်နှင့်
မျက်စောင်းထိုးဝယ် ဦးကြီးအောင်အိမ်ရှိသည်လေ။ တစ်ချိန်တစ်ခါက သူမ နှုတ်ပေးခဲ့သော ဆံပင်ဖြူများသည်
ခုများတော့ ဦးကြီးအောင် ခေါင်းပေါ်ဝယ် အပြည့်နေရာယူနေချေပြီ။
ဆက်ကာ လျှောက်လှမ်းမိတော့ ကြီးကြီးအိမ်မှ ကျောင်းသို့သွားရာလမ်းတစ်လျှောက်
လွယ်အိတ်အစုတ်လေးကိုကိုင်ကာ အမေ့ကို လွမ်းဆွတ်ရင်း လမ်းလျှောက်နေသည့် ကလေးတစ်ယောက်ကို
မြင်ယောင်လာသလိုလို။
ခုများတော့ အဖေလည်း ကုမ္ပဏီတစ်ခု၏ လက်ထောက်မန်နေဂျာအဖြစ်နှင့်
လစာကောင်းကောင်းရနေသလို အမေလည်း ပင်စင်ယူကာ အိမ်ဝယ် နားနေချေပြီ။ သူမ မှာလည်း ကုန်စုံပစ္စည်းရောင်းသည့်
ကိုယ်ပိုင်အိမ်ဆိုင်လေး တစ်ခု ဖွင့်ထားသည့်အပြင် မြေကွက်ဝယ်ရောင်းလည်းလုပ်သေးသည်။
တစ်ချိန်တစ်ခါက သူမ ကြုံးဝါးခဲ့သည့် တူဖြစ်တုန်းနှံဆိုသည့်
စိတ်ထားမျိုး သူမ မထားဖြစ်ခဲ့သော်ငြား သံဓိဌာန်လေးကတော့ဖြင့် ပြီးမြောက်ပြီထင်ပါသည်လေ။
သူမ မှာ ပိုက်ဆံအတွက်စိတ်မညစ်ရတော့သလို လူချမ်းသာမဟုတ်သော်ငြား လူဆင်းရဲဟု သတ်မှတ်မရနိုင်သည့်
အနေအထားရောက်ချေပြီ။
တစ်ခါက အမေ့ကို လွမ်းရင်းငိုခဲ့ရသည့်လမ်းလေးဝယ် ခုတော့လည်း
သူမ ကျေနပ်ခြင်းကြောင့် ငိုနေပါသည်လေ။ အမေ။ အဖေ၊ သူမ မိသားစုသုံးယောက် အတူတကွလာသည့်
မွေးရပ်မြေခရီးဝယ် သူမ ကျေနပ်ပြုံးနှင့် ငိုနေသလို အဖေနှင့်အမေလည်း သည်တစ်ခါတော့ ပြုံးနေကြမည်ထင်ပါသည်လေ။
မည်သူ့ကိုမျှ အောက်ကျို့ရန် မလိုတော့ပြီ မဟုတ်ပါလား။။
ကျေနပ်ပြုံးဖြင့် ငိုနေမိသည့် မျက်ရည်များကိုသုတ်ရင်း ကိုယ်လျှောက်လှမ်းလာသည့်လမ်းတစ်လျှောက်
လှည့်ကြည့်မိတော့ အကွေ့အကောက်များသလို တောင်ကုန်းတွေလည်း များလှသည်။ မိသားစုသုံးဦးလျှောက်လှမ်းခဲ့ရသည့်
ဘဝလမ်းတစ်လျှောက် အကွေ့အကောက်များအတွက် ကျေနပ်ပြုံးနှင့် ငိုနေမိသည်မှာ သူမ အလွန်တော့
မဟုတ်ပါလေ။
ကျေနပ်ခြင်းကြောင့် ငိုနေမိသည့် မျက်ရည်တို့ကတော့ တလိမ့်လိမ့်ကျဆင်းနေဆဲ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရည်ဝေ
ဒီဇင်ဘာ ၄၊ ၂၀၁၁
3 comments:
မမရည်ဝေရေ
စာဖတ်ရင်းနင့်နင့်နဲနဲခံစားမိပါတယ်
ဝတ္ထုထဲကကောင်မလေးရဲ့စိတ်လေးကိုလဲ
သဘောကျမိပါတယ်....။
ဆူကျုံနိမ့်မြင့် ရှိနေတာကိုက ဘ၀ပဲ မဟုတ်လား။
စာနာစိတ်ဖြင့် ဖတ်ခဲ့ပါကြောင်းဗျာ..။
ဒီလိုပါပဲလေ
ဘ၀ဆိုတာ နိမ့်လိုက်မြင့်လိုက်ပေါ့..
ဝတ္ထုကောင်းလေးပါ ဆု ရေ
ချစ်ခင်လျက်
အဖြူလေး
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်