Monday, 5 November 2012

စွဲ

ယနေ့ ကျွန်တော်အလုပ်လုပ်သည့်ရုံးဝယ် သုံးလတစ်ခါကျင်းပနေကျ ပြိုင်ပွဲလေးတစ်ခုပြုလုပ်ခဲ့၏။ ပြိုင်ပွဲလေး၏ ရည်ရွယ်ချက်က ရုံးသူရုံးသားများ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စည်းလုံးညီညွတ်စေရန်ဖြစ်သည်။ စီမံရေးရာရုံးခွဲဆိုတော့လည်း ပြိုင်ပွဲလေးက တွက်တက်ချက်တတ်သူများစုံလင်စွာနှင့် အသက်ဝင်၏။ ပြိုင်ရသည်က ပေးထားသည့်အချက်အလက်တို့အား စီစဉ်တကျနှင့် အစီရင်ခံစာ ရေးရခြင်းဖြစ်၏။ သည်တော့လည်း ပြိုင်ပွဲကို စိတ်ဝင်စားသူတို့က လက်ရည်သွေးကြသည်သာ။ ပြိုင်ပွဲမှရမည့် ဆုလာဘ်မရှိပါ။ သို့သော် ထိုအစီရင်ခံစာကို ဌာနမူးရုံးခန်းဝယ် ချိတ်ဆွဲခွင့်ရသည်။
ပေးထားသည့် အချက်အလက်များမှာ တော်တော်ရှုပ်ထွေးလှသည်။ ကျွန်တော်ကတော့ မည်သည့်ပြိုင်ပွဲကိုမဆို ပြိုင်ဆိုင်ပြိုင်ဆိုင်ဖို့ထက် ပွဲကြည့်သူလုပ်ဖို့သာ ဆန္ဒရှိသူမို့ မပြိုင်မိခဲ့။ သို့သော် ပြိုင်ပွဲဝင်အားလုံးတို့၏ အစီရင်ခံစာကိုတော့ စိတ်ဝင်တစားဖတ်ရှုမိသည်။ အားလုံးဖတ်ရှုပြီးချိန်ဝယ် ဦးနှောက်၌ စွဲသွားသည့် အစီရင်ခံစာပိုင်ရှင်၏ နာမည်အား လက်က အလိုလိုမဲပေးခဲ့လိုက်မိလေသည်။
ပုဂ္ဂိုလ်စွဲနဲ့ မဲပေးတာလားကွာ မင်းကလည်း ဟူသည့် သူငယ်ချင်း၏ ပြောစကားကြောင့် ရင်ထဲဝယ် ဖျဉ်းခနဲ စပ်သွား၏။ မဲပေးခဲ့သည့် အမှား ဟု မသတ်မှတ်မိသော်ငြား ကိုယ့်ကို နားလည်သူမဟုတ် ဆိုသည့်အတွေးကို တွေးမိ၏။  ထိုပြိုင်ပွဲဝယ် အနိုင်ရရှိသွားသူက ကျွန်တေတာ့်သူငယ်ချင်းဖြစ်သလို ကျွန်တော်မဲပေးခဲ့သည်ကလည်း သူ။ အရည်အချင်းကို မကြည့်ပါပဲ  ပုဂ္ဂိုလ်စွဲနှင့် မဲပေးသူ ဟု ထင်ခံရသည်မှာ ရင်ဝယ် အရှက်ရလှပါ၏။ ခေါင်းခါကာ ငြင်းမိနေသော်ငြား သူ့အား စကားပြောချင်စိတ်မရှိတော့။ ထိုနောက် ကျွန်တော် နှုတ်ဆိတ်နေခဲ့၏။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံသည့် သဘောသက်ရောက်နေမည်ဆိုလျှင်လည်း မတက်နိုင်ပါ။


“သမီးက ပုဂ္ဂိုလ်စွဲရှိတယ်လေ သူ့အရင်အတိတ်ဘဝက ပဌာန်းဆက်ပါတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေက စောင့်ရှောက်နေတာတဲ့ အရမ်းမှန်တဲ့ အကြားအမြင်ဆရာမကိုယ်တိုင်ဟောတာ သိတယ်မလား ပဲခူးအဝင်နားလေးကလေ” ဆိုသည့် စကားကို မြိန်ရည်ယှက်ရည် ပြောနေသော အဒေါ်ကြီးအား သူလှမ်းကြည့်လိုက်မိသည်။ ထိုအဒေါ်ကြီးပြောသမျှအား လက်ခံခေါင်းညိတ်ပြနေသည့် အပေါင်းအဖေါ်တစ်စုကိုလည်း တွေ့လိုက်ရ၏ စိန်တွေ၊ ရွှေတွေ သီးနေအောင်ဝတ်ထားကြသော ထိုစကားဝိုင်းကို သူ စိတ်မဝင်စားပါ။ သူစိတ်ဝင်စားသည်က ထိုအဒေါ်ကြီး၏ လက်ကို ဆွဲထားသည့် ကလေးမလေး။ ထိုကလေးမ၏ အသက်ကို မှန်းဆကြည့်ရလျှင် အလွန်ဆုံးရှိလှ ဆယ့်သုံး၊ ဆယ့်လေးလောက်ပဲ ရှိမည်။ သူမ၏ မျက်ဝန်းလေးများသည် ထိုအဒေါ်ကြီးပြောသမျှအား ကျေနပ်နေဟန်နှင့် ဝင်းလဲ့နေသည်။

သက်ပြင်းတစ်ချက်ကို မောမောပန်းပန်းနှင့် ချလိုက်မိသည်။ ကလေးမလေးသည်ကား ရှင်သန်ရန် ကျန်ရှိနေသည့် ဘဝတစ်လျှောက်လုံး အမှန်တရားနှင့်ဝေးကွာပေတော့မည်။ ကံကောင်းထောက်မ၍ အမှန်တရားကို နားလည်နိုင်မည်ဆိုလျှင်တော့ ယုတ္တိမရှိသော ဘာသာဗေဒမှ ခွါနိုင်ပေလိမ့်မည်။ အဒေါ်ကြီးကတော့ ယုတ္တိကင်းမဲ့သည့် နတ်မသည်၊ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ် မစသည် ဆိုသည့် စကားတို့အား အာပေါင်အာရင်းသန်သန်နှင့် ဆက်လက်ထုတ်ဖေါ်နေဆဲ။ ထိုသူပုံဖေါ်ရာ အသွင်းခံကြမည့် ဖယောင်းရိုင်းလေးများလည်း ထိုသူ့အနားတွင် ဝန်းရံခစားလျက်……။

ကျွန်တော်ကတော့ မမြင်ရသည့်၊ အသေအချာမသိရသည့် ပုဂ္ဂိုလ်ထူးများ မစဖို့ရာကိုမလိုလားပါ။ ကိုယ်ဘဝကို ကူညီပေးမည်ဆိုသည့်အသိနှင့် မမြင်ရသည့်၊ မတိကျမသေချာသည့်၊ ယုတ္တိမတန်သည့် ကယ်တင်ရှင်ထံ ကျွန်တော့် မျှော်လင့်ချက်တို့အား မမြုပ်နှံလို။ ပုဂ္ဂိုလ်စွဲဟူသည့် ကလေးမငယ်အား မျက်နှာလွှဲလိုက်ရင်း ရှေ့ခရီးဆက်ဖို့ရာ ပြင်လိုက်သည်။  သူမလေးကတော့ အဆိပ်လွှမ်းသော စကားသံတို့အား နှစ်နှစ်ခြိုက်ခြိုက် နားဆင်လျက်ရှိဆဲ…။

“နန်းခင်ဇေယျာ ဆိုပြီးပေးနေတဲ့မဲက အလုပ်မရှိလို့ အချိန်အားနေလို့ ပေးနေတဲ့ မဲများထင်နေလား….  ဘ်ီကနီဝတ်ထားတဲ့ သူ့ပုံစံကို တပ်မက်လို့ တယ်များထင်နေလား…. သူလွယ်ထားတဲ့ မြန်မာ ဆိုတဲ့ စလွယ်ကိုပေးတာကွ ”  ဟု ကြားလိုက်ချိန်ဝယ် ရင်ထဲ ဖျဉ်းခနဲ ဖြစ်သွားသည်။
ဒိုးနတ်ဆိုင်က အလကားရသည့် ဝိုင်ဖိုင်ကော်နက်ရှင်ကိုသုံးပြီး အင်တာနက်သုံးနေသူနှစ်ယောက်၏ ငြင်းခုန်သံက ကျယ်လောင်လှပါသည်။ သို့သော် ကျွန်တော့် ရင်ထဲ ရောက်လာသည်က တစ်ခွန်းတည်းသာ။ မြန်မာ ဆိုတဲ့ စလွယ်ကို ပေးတာ…ဆိုသည့် စကား။
ဟုတ်သည်။ လက်ရှိနိုင်ငံတကာအင်တာနေရှင်နယ်မယ် ရွေးချယ်ပွဲမှာ ယှဉ်ပြိုင်နေသည့် မြန်မာနိုင်ငံ၏ သမီးပျို။ ထိုသမီးပျိုကို ကျွန်တော်လည်း အင်တာနက်သုံး၍ မဲပေးခဲ့သည်။ ကျွန်တော်ထင်ပါသည်။ မဲပေးခဲ့သူတို့သည် ကျွန်တော့်လိုပင် တက်နိုင်သလောက် မြန်မာနိုင်ငံကို ကမ္ဘာက သတိထားမိသွားနိုင်ပါစေဆိုသည့် စိတ်မျိုးနှင့် မဲပေးကြခြင်းဟု။ အိပ်ချိန်လေးသာ အားလပ်ချိန်ရှိသူပင် မဖြစ်မနေ မဲပေး၏။ တချို့ကတော့ ဆိုသည်။ ထို့အတူ မဲတွေလှိုင်လှိုင်ပေးနေခြင်းကို မြင်ရသည့်အတွက် စိတ်အချဉ်ပေါက်နေသူတချို့ကတော့ အလုပ်မရှိ၊ အချိန်အားနေသောကြောင့် လက်ဆော့ခြင်းဖြစ်မည်ဆိုသည့် စကား ပြောကြပြန်သေး၏။
မဲပေးခဲ့သူ ကျွန်တော်သည်လည်း အလုပ်အကိုင်ရှိ၏။ သို့သော် ကျွန်တော်ထပ်ခါထပ်ခါ မဲပေးခဲ့ပါ၏။  ကမ္ဘာက အသိနည်းနေသော ကျွန်တော်၏အမိမြန်မာနိုင်ငံအား နိုင်ငံတကာမှ သတိထားမိနိုင်မည်ဟူသည့် အတွေးနှင့် ကျွန်တော် မဲပေးခဲ့ပါသည်။ ကျွန်တော်တို့ မဲပေးသူများ ကြိုးစားရကျိုး နပ်ခဲ့၏။ နိုင်ငံတကာအင်တာနေရှင်နယ်မယ် ဆုမကြေငြာသေးသော်လည်း အင်တာနက်လူကြိုက်အများဆုံးဆု၊ အင်တာနက်မယ်ဆုကိုတော့ ကျွန်တော်တို့ မြန်မာ့သမီးပျိုလေး ရခဲ့၏။ အင်တာနက်မှ မြန်မာလူမျိုးတို့၏ စည်းလုံးညီညွတ်မှုကို ထိုပွဲကိုဝင်ပြိုင်သည့် နိုင်ငံတိုင်း အံ့သြတနန်းဖြစ်သည် ဟူသည့်စကားက မဲပေးခဲ့ကြသည့် ကျွန်တော်တို့ရင်ထဲသို့ အပျော်လှိုင်းများ ရိုက်ခတ်ပေးလေသည်။
ထိုကဲ့သို့ မဲပေးခဲ့ခြင်းအတွက် နိုင်ငံစွဲ ဟု  အခေါ်ခံရမည်ဆိုလျှင်တောင် ကျွန်တော် ကျေနပ်စွာလက်ခံလိုက်မည် ဖြစ်သည်။ ဟုတ်၏။ အမိမြန်မာနိုင်ငံကို ကျွန်တော်ချစ်ပါသည်။
…………………………………………
ရည်ဝေ(ရေနံ့သာသူ)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်