အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တည်းဟူသော ကာလသုံးပါးသည်
လူသားတိုင်းတွင်ရှိသည်။ သက်၇ှိကမ္ဘာထဲသို့ သက်ဆင်းမိပြီဆိုသည့်
လူသားတစ်ဦး၌ ထိုကာလသုံးပါးသည် အလိုအလျောက်ပင် ဖြစ်ထွန်းသည်။
ကျွန်မထံတွင်လည်း ပြီးဆုံးခဲ့သော အတိတ်ရှိပြီး လက်၇ှိရှင်သန်နေသော
ပစ္စုပ္ပန်ကာလရှိသည့်အပြင် မျှော်မှန်းနေသော အနာဂတ်လည်း ရှိပေသည်။ ကမ္ဘာပေါ်ရှိ
အရာရာတိုင်းသည် ကာလသုံးပါးစလုံး ပိုင်ဆိုင်ကြသည်ကတော့ အမှန်ပင်။
လူသည် လူနှင့်ဆိုင်သော ကာလသုံးပါးကိုပိုင်ဆိုင်သလို သစ်ပင်သည်လည်း
သူနှင့်ဆိုင်သော ကာလသုံးပါးကိုပိုင်ဆိုင်သည်။ အတိတ်တွင် သူသည်
သစ်စေ့လေးတစ်စေ့ဖြစ်သော်လည်း ပစ္စုပ္ပန်တွင် သစ်ပင်တစ်ပင် အဖြစ်ရပ်တည်နေသည်။
အနာဂတ်တွင်မူ သူသည် စားပွဲတစ်လုံး ဖြစ်နိုင်သလို ကုလားထိုင်တစ်လုံးလည်း
ဖြစ်နိုသည်။ ပန်းပုရုပ်လည်းဖြစ်နိုင်သလို မီးလောင်ကျွမ်းကာ
ပြာမှုန်အဖြစ်သို့လည်း ရောက်ရှိနိုင်သည်။ လူကဲ့သို့ ကိုယ့်ဘဝကိုယ်
ပုံဖေါ်နိုင်ခွင့်မရှိသော်လည်း သက်မဲ့များတွင် ကာလသုံးပါးရှိသည်သာ။
လူတစ်ယောက်၏ ဘဝကို ပိုင်းခြားကြည့်လျှင် ကာလသုံးပါးသာရှိသည်။
ပြီးဆုံးခဲ့သော အတိတ်၊ လက်ရှိရှင်သန်နေသော ပစ္စုပ္ပန်၊ နောင်လာမည့် အနာဂတ်
ဟူ၍ပင်။ ထိုကာလသုံးပါးကို တစ်ခုချင်းစီ တွေးချင့်ကြည့်မိသည်။
အတိတ်ထံတွင် မျှော်လင့်ခြင်းလည်းမရှိ၊
လှုပ်ရှားခြင်းလည်းမရှိ၊ ငြိမ်သက်ခြင်းအတိဖြင့် ပြီးဆုံးခဲ့သော
အချိန်တွေသာရှိသည်။ အတိတ်ဆိုသည့် အတိုင်း ရှင်သန်ခြင်းတို့ မရှိ၊
ငြိမ်သက်တိတ်ဆိတ်စွာဖြင့် ပစ္စုပ္ပန်၌ဖြစ်ပွါးနေသည့် အောင်မြင်ခြင်း၊
ကျဆုံးခြင်း စသည်တို့အတွက် ခြေရာကောက်၍သာ ရလေသည်။ အတိတ်သည် ပစ္စုပ္ပန် အတွက်
အကျိုးသက်ရောက်စေသော ပျက်စီးခြင်း၊ အောင်မြင်ခြင်းစသည်တို့ သန္ဓေ
တည်ရာဖြစ်သည့်အတွက် သူ့၌ ရှောင်ကြဉ်စရာ၊ အတုယူစရာ စသော မှတ်သားစရာ
သင်ခန်းစာများစွာရှိနေသည်။ အတိတ်၌ ရှင်သန်ခဲ့သော ကိုယ့်ပုံရိပ်အား
ကြည့်ရင်း ပြုလုပ်ခဲ့သော အမှားတို့အား ဆန်းစစ်ကာ ပစ္စုပ္ပန်တွင်
အသုံးချနေသူတွေ ရှိသလို တသသတွေးလျှက် နောင်တရနေသူတွေလည်းရှိသည်။ အတိတ်သည်
ပြုလုပ်ခဲ့ပြီးသော အရာတို့အတွက် ပြင်ဆင်ခွင့်မပေးသော်လည်း
သူ့ထံသို့ အတွေးတို့နှင့် စီးမျောလိုက်ပါသူတိုင်းအား လက်ကမ်းကြိုဆိုတတ်သည်။
ပြီးဆုံးခဲ့ပြီဖြစ်သော ကြည်နူးမှု၊ ကြေကွဲမှု၊ လွမ်းဆွတ်မှု စသည့်
ခံစားချက်အစုံစုံအား ဖမ်းယူပေးကာ တဖန်ဆုပ်ကိုင်မိစေသည်။ အတိတ်ထံသို့
အတွေးနှင့် စီးမျောလိုက်ပါရခြင်းသည် လွမ်းမောဖွယ်ကောင်းသော
ခရီးတစ်ခုသွားနေရသကဲ့သို့ ရှိ၏။
အတိတ်၏ အနာဂတ်ဟု ခေါ်ဆိုနိုင်သော ပစ္စုပ္ပန်ကာလသည်
အလွန်တန်ဖိုးရှိသော အချိန်ကာလပင်။ ထိုကာလတွင် နောင်လာမည့်အနာဂတ်အတွက်
ပြင်ဆင်ပိုင်ခွင့်၊ စီမံပိုင်ခွင့်ရှိသည်။ ပစ္စုပ္ပန်တွင် အတိတ်က
မှားခဲ့သည့်အရာတို့ကို ပြင်ဆင်ခွင့်မရှိသော်လည်း တူညီသည့်အမှားမျိုး
မမှားဖို့ရာအတွက် ထိန်းချုပ်နိုင်သည်။ မှားဖို့ရာ ဦးတည်နေသူကို မမှားရန်
တားမြစ်ခွင့်မရှိသော်လည်း ကိုယ်ကိုယ်တိုင် မမှားဖို့ရာအတွက်
စီမံပိုင်ခွင့်ရှိသည့် အချိန်ဖြစ်သည်။ ပစ္စုပ္ပန်တွင်
မျှော်လင့်ချက်တို့မွေးမြူ၍့ အနာဂတ်ကို အသက်သွင်းမှသာ ပစ္စုပ္ပန်၌
ရှင်သန်ရကျိုးနပ်မည်ထင်မိ၏။ ပစ္စုပ္ပန်၌ မျှော်လင့်ချက်ကိုမွေးမြူခြင်းသည်
တနည်းအားဖြင့်ဆိုရလျှင် အနာဂတ်တွင် လျှောက်လှမ်းဖို့ရာလမ်းဘက်သို့
ခြေဦးလှည့်ခဲ့ခြင်းပင်။ အတိတ်က ဖန်တီးပေးသော လမ်းကို ဆက်လျှောက်လှမ်းမည်၊
မလှမ်းမည်ကို ပစ္စုပ္ပန်တွင် ရွေးချယ်ပိုင်ခွင့်ရှိသည်။ သတ္တဝါအပေါင်းတို့၏
မှီခိုလဲလျောင်းရာဖြစ်သော သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်သည်ပင်
လက်ရှိအချိန်ထက် ကောင်းသောအချိန်သည်မ၇ှိဟူ၍ ဟောကြားခဲ့သေး၏။
အတိတ်သည် ပြီးဆုံးခဲ့သော အချိန်တို့အား တမ်းတခြင်းများနှင့် တည်ဆောက်ထားသော ကမ္ဘာဟုဆိုလျှင် အနာဂတ်ဆိုသည်ကား
ပစ္စုပ္ပန်မှ စိတ်ကူးအိပ်မက်များနှင့် တည်ဆောက်ထားသော ကမ္ဘာဟု ဆိုရမည်။
အနာဂတ်သည် ပစ္စုပ္ပန်၏ စိတ်ကူးအိပ်မက်၊ မျှော်လင့်ခြင်းများမှ မွေးဖွါးလာသော
ကမ္ဘာဖြစ်သည်။ ပစ္စုပ္ပန်၌ ပုံဖေါ်ခဲ့သမျှတို့သည် အနာဂတ်၌် ပုံပေါ်လာပေ၏။
တနည်းဆိုရသော် အတိတ်၌ ရွေးချယ်စိုက်ခဲ့သော သစ်စေ့သည် ပစ္စုပ္ပန်ကာလ၌
သစ်ပင်အဖြစ်ပြောင်းလဲပြီးနောက် အနာဂတ်ကာလတွင်မူ ပန်းပုရုပ်လေးအဖြစ်
ပြောင်းလဲရောက်၇ှိခြင်းပင်ဖြစ်သည်။ ထိုပန်းပုရုပ်လေးအဖြစ်သို့ရောက်ရန်
ပစ္စုပ္ပန်ကာလကတည်းက ခုတ်လှဲထားရပေမည်။ အနာဂတ်တွင် သူဌေးဖြစ်ချင်သူသည်
အလုပ်ကြိုးစားနေရုံနှင့်မပြီး၊ လက်ရှိရောက်နေသည့် ပစ္စုပ္ပန်ကတည်းက
တက်သင့်သည့် စီးပွါးရေးဆိုင်ရာ နည်းလမ်းများကို မပြတ်လေ့လာသင့်သလို
လိုအပ်သည့် စီးပွါးရေးဆိုင်ရာ လူမှုရေးကိုလည်း တတ်ကျွမ်းရမည်။ သို့မှသာ
အနာဂတ်တွင် လိုအပ်သည့် ကျွမ်းကျင်မှုတို့နှင့် ပြည့်စုံနေပေလိမ့်မည်။
အလုပ်ကိုကြိုးစားရုံနှင့်တော့ လုပ်သားကောင်းတစ်ဦးထက်
ပို၍တိုးတက်လာမည်မဟုတ်ပေ။
ကာလသုံးပါးဆိုသည်ကား အချိန်မရွေး၊ နေရာမရွေး၊ သက်ရှိသက်မဲ့
မရွေး ရှိသည့်အပြင် တစ်ခုနှင့်တစ်ခု မှီခိုနေကြ၏။ အတိတ်၏ ဆေးခြယ်မှုတို့သည်
ပစ္စုပ္ပန်ကာလ၌ ပန်းချီအဖြစ်ပုံပေါ်လာသကဲ့သို့ ပစ္စုပ္ပန်၏ ဆေးခြယ်မှုတို့သည်လည်း
အနာဂတ်ကာလတွင် ပန်းချီအဖြစ်အသက်ဝင်လာပေသည်။ အတိတ်ကာလ၌ စိုက်ခဲ့သော
သစ်စေ့အား ပစ္စုပ္ပန်၌ စားသုံးခွင့်ရပြီး ပစ္စုပ္ပန်ကာလ၌ စိုက်ခဲ့သော သစ်စေ့ကား
အနာဂတ်ကာလ၌ စားသုံးခွင့်ရသကဲ့သို့ အတိတ်က ပြုခဲ့သမျှတို့သည် ပစ္စုပ္ပန်၌
အရိပ်ထင်ကာ ပစ္စုပ္ပန်တွင် ပြုခဲ့သမျှတို့သည် အနာဂတ်၌ အရိပ်ထင်ပေသည်။
လူတစ်ယောက်၏ဘဝကို ပိုင်းခြားထားသည့် ဤအချိန်သုံးပါးတွင်
ပစ္စုပ္ပန်သည်သာ အရေးအပါဆုံးဟု ကျွန်မထင်မိသည်။ ကျွန်မ၏ အတိတ်တွင်
နောင်တရစရာအမှားတချို့ ပြုလုပ်ခဲ့ဖူးသည်။ ကြည်နူးဖွယ်ရာ အချိန်ကာလတချို့
ပိုင်ဆိုင်ခဲ့ဖူးသည်။ အတိတ်က နောင်တကို ပြင်၍မရသော်လည်း ပစ္စုပ္ပန်တွင်တော့
ထပ်မံမမှားဖြစ်တော့အောင် ထိန်းချုပ်၍ရသည်မလား။ ထို့ပြင် ကြည်နူးဖွယ်ရာ
အချိန်ကာလတို့ကို ပြန်တမ်းတ၍ ရသလို အကျင့်ကောင်း၊ စိတ်ဓါတ်ကောင်းတို့ကို
အနာဂတ်ထိ ဆက်လက်သယ်ဆောင်သွား၍ရမည်မလား။
သို့သော် ကျွန်မသည် အတိတ်ထံဝယ် တန်ဖိုးထားခြင်းတို့အား
မြုပ်နှံထားပြီး မျှော်လင့်ခြင်းများကိုမူ အနာဂတ်ထံဝယ် ရင်းနှီးထားသည်။
ပစ္စုပ္ပန်တွင်မူ ရဲရဲဝံ့ဝံ့ရင်ဆိုင်ခြင်းနှင့်အတူ ဘဝကို
အားသွန်ခွန်စိုတ်ကြိုးစားခြင်းကိုပါ အပ်နှံထား၏။ ထိုကဲ့သို့
အပ်နှံထားခြင်းနှင့် အနာဂတ်ထံရင်းနှီးထားခြင်းတို့သည် ဘဝကို
အလုံးစုံမပြီးပြည့်စုံစေသော်ငြား ခက်ခဲကြမ်းတမ်းသောလမ်းများအား
ရှောင်လွဲနိုင်သည်မှာ အမှန်ပင်ဖြစ်၏။ မျှော်လင့်ခြင်းက ပန်းတိုင်ကို
ရှာဖွေပေးသောအခါ ပစ္စုပ္ပန်၌ ရင်ဆိုင်ကြိုးစားရခြင်းတို့သည်
ခွန်အားအဖြစ်ပြောင်းလဲလာသည်မို့ အတိတ်၌ အမှားများစွာရှိခဲ့သော်ငြား
ပစ္စုပ္ပန်၌ အကောင်းဘက်သို့ ပြောင်းလဲနိုင်မည်၊
မမှားအောင်ရှောင်ကြဉ်နိုင်မည်ဆိုလျှင် အနာဂတ်၌ ဘဝအောင်မြင်မည်မှာ
လက်ခတ်မလွဲဖြစ်သည်ဟု ကျွန်မ ထင်မိသည်။
မနေ့က ကျွန်မသည် စာရေးရန်ပျင်းသောလူတစ်ယောက်ဖြစ်ခဲ့သည်။
ယနေ့ကျွန်မသည်ကား စာရေးရန် အာသီသ ပြင်းပြနေသူတစ်ဦးဖြစ်ပြန်သည်။
အာသီသပြင်းပြနေမိပုံက စာရေးဆရာတစ်ဦးဖြစ်ဖို့ရာ မျှော်လင့်နေမိသည်ထိပင်။
ထိုမျှော်လင့်ခြင်းတို့က အနာဂတ်ကာလဝယ် စာေ၇းဆရာတစ်ဦးဖြစ်ရန်ဟူသော
ပန်းတိုင်ကို ရှာဖွေပေးပြန်သည်။ ပန်းတိုင်ကို ငေးကြည့်နေမလား၊
အရောက်ပြေးသွားမလား ဟူသည့် ရွေးချယ်မှုက ယခုပစ္စုပ္ပန်၌ ကျွန်မလက်ထဲမှာရှိသည်။
ငေးကြည့်နေရုံသက်သက်သာဆိုလျှင် မည်သည့်အရာကိုမျှ ကြိုးစားရန်မလိုပါ။
ပန်းတိုင်သို့အေ၇ာက်လှမ်းချင်သည်ဆိုလျှင်တော့ဖြင့် စာပေနှင့်ပတ်သတ်သော
ဗဟုသုတများ ရှာမှီးရပေတော့မည်။ စာရေးသားပုံများ လေ့လာရပေတော့မည်။ ယခု
ကျွန်မလက်ထဲမှာရှိသော အနာဂတ်၏ ပုံရိပ်ကို ကျွန်မ ပုံဖေါ်ရပါမည်။
ပန်းတိုင်ကို အရောက်လှမ်းဖို့ ပုံဖေါ်ရမည်။
အနာဂတ်သည် ပစ္စုပ္ပန်၏ မျှော်လင့်ချက်တို့အား ပုံဖေါ်ခြင်းဖြစ်သည်မို့
ပစ္စုပ္ပန်တွင် မျှော်လင့်ချက်တို့ မပျောက်ရှအောင် ကြိုးစားရမည်။
မျှော်လင့်ချက်ပျောက်ဆုံးလျှင် ကျွန်မ၏အနာဂတ်အတွက် ပုံဖေါ်စရာ ပန်းတိုင်လည်း
ပျောက်ဆုံးပေလိမ့်မည်။ မျှော်လင့်ချက်တို့လင်းလက်စေအောင် ပစ္စုပ္ပန်တွင်
ကြိုးစားပါမှ ပန်းတိုင်ကိုမြင်နိုင်မည်။ ယခုကျွန်မတွင်ရှိသော
မျှော်လင့်ချက်အတွက် အနာဂတ်ပန်းတိုင်ကို ကျွန်မမြင်နေပါပြီ။ သို့သော်
ထိုပန်းတိုင်ကိုရောက်အောင်ကတော့ဖြင့် ကြိုးစားရဦးမည်။
မျှော်လင့်ခြင်းတို့ကို အသက်သွင်း၍ အနာဂတ်ထံသို့
အတွေးဖြင့် ခရီးသွားကြည့်မိတော့ အရာရာသည် ကျေနပ်နှစ်သိမ့်ခြင်းအတိနှင့်
ပြည့်နှက်နေသည်။ အနာဂတ်ခရီးတွင် ကျွန်မသည် စာရေးဆရာမတစ်ဦး ဖြစ်နေသည်။
ကျွန်မရေးသမျှစာ မှန်သမျှတို့သည် အပြစ်ဆိုဖွယ်ရာမရှိ ကောင်းမွန်သလို
အမျိုးသားစာပေဆုပေးဖို့ရာ လျာထားခြင်း ခံရသည့်စာရင်းတွင် ပါဝင်နေသည်။
အမျိုးသားစာပေဆု ကြေငြာချိန်မှာတော့ ထိုဆုကို ကျွန်မရေးသားသည့် စာအုပ်က
ရရှိသွားတော့သည်။ သည်အနာဂတ်ခရီးသည် ဖြစ်နိုင်သည်ဟု
တပ်အပ်မပြောနိုင်သော်လည်း မဖြစ်နိုင်ဟုတော့ ငြင်း၍မရပါ။ ကျွန်မသာ
လက်ရှိအချိန်မှစ၍ ကြိုးစားပြီး ဇွဲမလျှော့လျှင် ထိုခရီးကို ကျွန်မ
သေချာပေါက်သွားနိုင်ပါလိမ့်မည်။
အတိတ်၏ ပုံရိပ်တို့ ထင်ကျန်ခံခဲ့ရသည်က ပစ္စုပ္ပန်၊
ပစ္စုပ္ပန်၏ မျှော်လင့်ချက်ကိုအသက်သွင်းသူက အနာဂတ်ဖြစ်သည်မို့ ကျွန်မ၏
မျှော်လင့်ချက်ကို ယခုပစ္စုပ္ပန်တွင် အမြဲလင်းလက်အောင် ပြုလုပ်မိသည်။
သို့မှသာ အနာဂတ်တွင် ဖြစ်ချင်သော ကျွန်မ၏ ပုံရိပ်သည် ထင်ရှားသေချာစွာ
ပေါ်လာမည်မလား။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရည်ဝေ
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်