အပိုင်း(၁)
“တကယ်ကို ကျေးဇူးတင်ဖို့ကောင်းတာပါအေ..သူ
ကူညီလို့သာ ငါတို့မိသားစု အနေအစား ချောင်လာတာမဟုတ်လား ခုဆို တိုးမောင်လေး
ကျောင်းလခကို အရင်လို နောက်ကျမှ ပေးစရာမလိုတော့ဘူးလေ..အရင်ကဆို
ကျောင်းလခမပေးနိုင်သေးလို့ နောက်ကျမှအပ်ရတာ”
အမေ့ ပြောစကားတို့
နားထဲဝင်တချက်မဝင်တချက်။
ကျေးဇူးတင်ဖို့ကောင်းသတဲ့လား။
ကျေးဇူးရှင်တဲ့လား။ အမေမသိတဲ့ နောက်ကွယ်ကကြောင်းအရာများအတွက် တကူးတကကြီးတော့
ကန့်လန့်ကာ ကို ဖွင့်ချမပြလိုတော့ပါ။ ဒီတိုင်းလေး ကျေးဇူးရှင်လို့
သိနေတာပဲကောင်းပါသည်။
အမေ့ပြောစကားကို ခေါင်းငြိတ်ပြရင်း အိမ်ရှေ့လမ်းမထက်
အကြည့်လွှဲလိုက်မိသည်။
လမ်းမထက်သို့ အရှိန်ပြင်းပြင်းနှင့်ကျဆင်းလာသော မိုးစက်တို့သည်
အရှိန်ဖြင့် ခုန်တက်ကာ လာရာလမ်းသို့ပြန်သွားလိုသော်ငြား
လမ်းမထက်သာ ပြန်လည်ကျဆင်းလာသည်။ ကိုယ်ရွေးချယ်ခွင့်မရှိပါပဲနှင့်
လမ်းတစ်ခုကိုလျှောက်ပြီးပြီဆိုလျှင် ပြန်လှည့်ခွင့်မရတော့ပြီလား။ ဒီလမ်းမထက်သို့ကျဆင်းလာသော
မိုးစက်တို့သည် တိမ်ညိုအဖြစ်ရောက်ဖို့ အချိန်အတိုင်းအတာ တစ်ခုထိ
စောင့်ရပေဦးတော့မည်။ အချို့သည် မြေကြီးထဲသို့စိမ့်ဝင်ကာ အချို့သည်
စိမ့်စမ်းရေအိုင်ထဲသို့၎င်းး၊ မြစ်ထဲသို့၎င်းး အသီးသီးသွားကြပေလိမ့်မည်။ အချို့ကတော့
အငွေ့ပြန်ကာ ကောင်းကင်ထက်သို့။
သူမကော။ သူမ၏ မူလတည်နေရာသို့ ဘယ်ချိန်ပြန်ရောက်နိုင်မည်လဲ။
ရောက်ကောရောက်နိုင်ပါဦးမည်လား။
ဒါမှမဟုတ် သူမ၏ နေရာမှန် ဘယ်နားမှာပါလိမ့်……………………။
ခေါင်မိုးထက်က မိုးစက်ကျသံတဖြောက်ဖြောက်နှင့်အတူ စိတ်အစဉ်အား
အတွေးတို့က အတိတ်ဆီ
ငြိမ့်ငြိမ့်လေးခေါ်ဆောင်သွားလေသည်မှာ……………
ÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑ
အပိုင်း(၂)
“ကဲ ဒါဆို
နက်ဖြန်ကစပြီး အလုပ်ဆင်းလို့ရပြီနော် ညီမလေး”
ချောချောလှလှ အစ်မကြီး၏စကားသံကြားမိတော့ သူမ ပျော်သွားချေပြီ။
“ဟုတ် မမ ကျေးဇူးပါနော် မနက်ရှစ်နာရီအရောက်ပေါ့နော်”
“အင်း ဂှစ်နာရီဆယ့်ငါးမိနစ်ရောက်ရင်ဖြစ်ပါတယ်..ဆိုင်ဖွင့်တာက
ရှစ်နာရီခွဲလေ”
“ဟုတ်ကဲ့ရှင့်”
..
အိမ်အပြန်လမ်းတလျှောက် ခြေလှမ်းတို့က မြောက်ကြွမြောက်ကြွ။
အမေနှင့်အဖေသိရင် ဘယ်လောက်တောင် ပျော်လိမ့်မလဲ။
အထည်ချုပ်စက်ရုံမှာ ချုပ်ထည်တွေ မီးပူတိုက်ပေးရသည့်
ဟယ်လ်ပါဆိုသော အကူလုပ်သားဘဝသည် လစာ သုံးသောင်းခွဲမျှသာ။ ဟော ခုကျတော့ ငါ်းသောင်းတောင်ရတော့မည်လေ။
တစ်သောင်းခွဲကြီးများတောင်ပိုချေပြီ။
အထည်ချုပ်အလုပ်ချိန်က မနက်ကိုးနာရီမှ ညနေခြောက်နာရီ။ သည်
စတိုးဆိုင်လေးမှာကျတော့ မနက် ရှစ်နာရီကနေ ညနေ ရှစ်နာရီ။
အလုပ်ချိန်အနည်းငယ်ပိုသွားရုံသာရှိသည်လေ။ ကံဇာတာတွေ တက်နေသည်ထင့်။ တကယ်တမ်း
အလုပ်သာသွားလျှောက်ရသည်။ ရမည်ဟုမယုံကြည်ရဲ။
…….
“ဦးလေး ကျွန်မ ဒီလိုလက်ဆောင်တွေ မလိုပါဘူး ရပါတယ်”
အားနာပါးနာနှင့်ငြင်းနေရသည်။ သူမအလုပ်လုပ်သည့်
စတိုးဆိုင်ပိုင်ရှင် ဦးသန်းကြိုင်သည် အသက် လေးဆယ့်ငါးနှစ်လောက်ရှိပြီး
မိန်းခလေးတွေဆိုလျှင် စေတနာပိုတတ်သည်လေ။ အိမ်ထောင်မရှိ၍လားဆိုတော့လည်း မဟုတ်ပြန်။
သူ့မိန်းမရှိသော်လည်း ထိုအန်တီကြီးက စတိုးဆိုင်လိုက်မလာတတ်။ အိမ်မှာသာနေသည်လေ။ အိမ်နှင့်စတိုးဆိုင်ကလည်း
နှစ်လမ်းခြားသေးသည်။ သည်လိုနှင့်ပင် ဦးသန်းကြိုင် ဆိုင်တွင်းမှာကဲသမျှ
ထိုအန်တီကြီးမသိခြင်းဖြစ်မည်ထင့်။
ဝါဝါနှင့် နွယ်နွယ် က တဘက်တွေစီနေပြီး စာရင်းကိုင်မန်နေဂျာ
မမနိုင်ကတော့ ကောင်တာစားပွဲမှာ။ သူမကတော့
ဦးသန်းကြိုင် မျက်လုံးတို့က သူမဆီမှာ။ အနေကျုံ့စွာ အိကျီင်္ကို
သပ်ချနေလိုက်မိသည်။ အသက် ဆယ့်ရှစ်နှစ်ဆိုသည့်အရွယ်နှင့် လိုက်ဖက်စွာ သူမသည်
ဖွံဖြိုးသော ကိုယ်ခန္ဓာကိုလည်း ပိုင်ဆိုင်သေးသည်လေ။
မျက်လုံမလွှဲသေးသည့် ဦးသန်းကြိုင်ရှေ့မှ မပြေးရုံတမယ်
ဝါဝါတို့ဆီ ထွက်လာခဲ့မိလိုက်တော့သည်။
…..
“အမေ သမီး အထည်ချုပ်မှာ ပြန်လုပ်တော့မယ်.. နက်ဖြန်
အလုပ်နားရက်လေ အဲ့ဒါ သမီးအလုပ်သွားလျှောက်မလားလို့ ”
“သမီးရယ် စတိုးဆိုင်မှာလည်း အဆင်ပြေရဲ့သားနဲ့ကို ခုဆိုကြည့်
အရင်လို စက်ရုံထိ တညောင်းကြီးလျှောက်စရာမလိုတော့ဘူးမလား ငါးမှတ်တိုင်လောက်စီးလိုက်တာနဲ့ရောက်နေပြီလေ
လစာကလည်း ငါးသောင်း ပြီးတော့ တခြားရတာတွေလည်းရှိသေးတယ် ဘာလုပ်ဖို့ထွက်မှာလဲ
သမီးရယ်”
“အမေ့ ဆရာမက ပုံနှိပ်စာအုပ်ဖိုးတောင်းလိုက်တယ် တနင်္လာနေ့ကျောင်းဖွင့်ရင်
ယူလာပါတဲ့ မနေ့က ပြောဖို့မေ့သွားလို့”
“အော်.အေး..အေး သား သဘက်ခါကျပေးမယ်လေ သွားသွား..စာသွားကျက်တော့”
ခြောက်တန်းကျောင်းသားဖြစ်သူ မောင်ငယ်လေးတိုးမောင်ကို ချစ်ကြည်စွာကြည့်မိရင်း
အမေ့ကို သတိတရနှင့်မေးမိပြန်သည်။
“အမေ့ အိမ်လခကော ရှိလား…စာချုပ်က ဘယ်နေ့ပြည့်မှာလဲ”
“အင်း
အိမ်အသုံးစရိတ်ကို သမီးနဲ့သမီးအဖေ့လစာပဲသုံးနေတာလေ အဲ့ဒီထဲကမှ တစ်လကို
နှစ်သောင်းပုံမှန်စုထားတာပဲ ရှေ့လ ၁၂ ရက်မှ စာချုပ်ချုပ်ရမှာပါအေ..ပြည့်ပါတယ်
နည်းနည်းပါးပါးပဲထုတ်သံးထားတာပါ လိုလည်း နှစ်သောင်း သုံးသောင်းလောက်ပေါ့”
အမေ့ပြောစကားကြားမှ စိတ်အေးချမ်းစွာ သက်ပြင်းချမိတော့သည်။ တစ်လ
နှစ်သောင်းနှုန်းနှင့် အိမ်ငှားစာချုပ်က တစ်နှစ်ချုပ်ရသည်လေ။
အဖေ့အလုပ်က ပုံမှန် တနေ့နှစ်ထောင့်ငါးရာရသည်။ သို့သော် ဖောက်စက်တွေအရောင်းများသောနေ့မျိုး၊
ဖောက်စက်ပြင်ရန်များသောနေ့မျိုးတွင်မူ ဘောက်ဆူးအဖြစ် လေးထောင်လောက်ရတတ်သည်လေ။
အဖေတို့သူဌေးကလည်း သဘောကောင်းသည်ဆိုတော့ ငွေလေးနှစ်သောင်း၊
သုံးသောင်းလိုမည်ဆိုလျှင်တောင် ချေးလို့ရလောက်ပါသည်။ အခါတိုင်းလည်း ချေးပြီး
နေ့စဉ်လုပ်အားခထဲက ပြန်ဖြတ်သည်ပဲ။
…………………………
မဟုတ်ဘူး။ အသားကုန်အော်ပစ်လိုက်ချင်မိသည်။ သူမ၏ အရှေ့ဝယ်
ရပ်နေသော ဦးသန်းကြိုင်အား ဖြစ်နိုင်မည်ဆိုလျှင်ဖြင့် ဓါးဖြင့်
တဆုံးထိုးပစ်လိုက်ချင်ပါသည်။
အဆီဝနေသည့်ကြောင်ပါးကြီးကတော့ဖြင့် သူမအား တစက်မျှပင်
လှည့်မကြည့်လေတော့။ အဝတ်အစားဝတ်ဆင်ပြီးသည့် ထိုလူကြီးကဖြင့်
စတိုးဆိုင်မျက်နှာစာဆီသို့သွားလေပြီ။ တကယ်တမ်း သူမညံ့သွားခြင်းပင်။
မနက်ခင်းအလုပ်လာတည်းကသိသင့်သည်။ ဘာ့ကြောင့်များ တစ်ဆိုင်လုံးရှိဝန်ထမ်းများအနက်
သူမတစ်ယောက်သာ အလုပ်ဆင်းရတာလဲဟု တွေးသင့်သည်။ ခုတော့…ကျုံးသွင်းခံ၇ချေပြီ။
နွံနစ်ချေပြီ။
ဝါဝါရေ၊ နွယ်နွယ်ရေ…ငါ့ကို မြင်လှည့်ကြပါဦးဟာ။ စိတ်ထဲမှ
မြည်ဟီးတမ်းတရင်း ရှိုက်ကြီးတငင် ငိုနေမိသည်။
မျက်စိရှေ့မယ်တော့ ရေသန့်ဗူးလေး။ သူမ အသိမဲ့ မသွားခင်က
သေက်ခဲ့သည့် ရေသန့်ဗူးလေး။ ရေသန့်ဗူးကြီးမှ ရေကို မသောက်ဝံ့သဖြင့်
ရေသန့်ဗူးအသေးထည့်လာခါမှ နွံနစ်ချေပြီ။ ဘယ်အချိန်က ဆေးခတ်လိုက်မှန်းပင်မသိ။
ခုမှတော့ ဘာတက်နိုင်ဦးမည်လဲ။
မြင့်မိုရ်တောင်ကို ဇီးစေ့နှင့်ပေါက်လို့ကော ဘာများထူးမည်လဲ။
တကယ်တမ်းကျတော့ သူမတို့မိသားစုသည် ဇီးစေ့လောက်ပင် အင်အားရှိပါရဲ့လား။
ÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑ
အပိုင်း(၃) သိမ်း
ခေါင်းကို ယမ်းခါလိုက်မိသည်။
သူမ၏ ဆုံးရှုံးမှုအားမသိသည့် အမေနှင့်အဖေ့အမြင်တွင်
ဦးသန်းကြိုင်သည် ကျေးဇူးရှင်တဲ့လား။
ဖြစ်နိုင်ပါသည်။ သူမ ရွေးချယ်ခဲ့ခြင်းမရှိသော မယားငယ်
ဆိုသည့်လမ်းကြောင်းပေါ် ရောက်နေခဲ့ခြင်းတစ်ခုကလွဲ၍ အရာအားလုံးသည် အရင်ကထက်
အဆင်ပြေစွာ။ အမေတို့အမြင်တွင် သဘောရိုးနှင့် ခင်မင်တတ်သော၊ လက်ဆောင်ပေးတတ်သော
ဦးသန်းကြိုင်၊ တိုးမောင်လေးပင်လျှင် တစ်ပတ် တစ်ခါ ပုံမှန်လာလည်တတ်သော
ဦးသန်းကြိုင်အား ခင်မင်နေချေပြီ။
ဟော ပြောရင်းဆိုရင်း ကြောင်ပါးကြီး ဦးသန်းကြိုင်လာချေပြီ။
………
“ဟဲ့ လင်ခိုးမ လာစမ်း နင် သူများလင်ကိုကြောင်တောင်နှိုက်ရလားဟဲ့”
ဆံပင်ကို ဆွဲနေသည့် အန်တီကြီးအား မငြင်းဆန်နိုင်စွာ ဘာဆိုဘာမျှ
မတုံ့ပြန်မိ။ စတိုးဆိုင်တွင်းရှိ လုပ်ဖော်ကိုင်ဖက်များစွာကော၊ ဝယ်ယူသည့်
လူအများကော ကြည့်နေပါလျှက်နှင့်။ ခေါင်းဆီမှကော၊ အန်တီကြီးထုရိုက်နေသည့်
နေရာအနှံ့အပြားတွင်ပါ နာကျင်ခြင်းတို့ ကြီးစိုးနေသော်ငြား ဝဲဖက်ရင်အုံက တဆစ်ဆစ်
နာကျင်ခြင်းက ပိုဆိုးပါသည်။
တာဝန်မယူရဲသည့် ကြောင်ပါးကြီးကတော့ဖြင့် မိန်းမဖြစ်သူအား
မလှန်နိုင်စွာ။
ရုက်တရက် မြင်ကွင်းအားလုံး ပြာဝေသွားသလိုလို။ တိုးမောင်လေး။ ဟုတ်သားပဲ။
ဒီနေ့ စနေဆိုတော့ ထမင်းချိုင့်မယူဖြစ်ခဲ့။ စနေတိုင်းတိုးမောင်လေးလာပို့သည်လေ။
သွားပြီ။ သူမဖြစ်အင်ကို တွေ့နေရသည့် တိုးမောင်လေး
ဘယ်လိုခံစားရရှာမလဲ။ မျက်နှာပေါ်ကျလာတော့မည့် လက်ဝါးကိုဆွဲဖယ်လိုက်သည်။
“အန်တီ ကျွန်မ အလုပ်ထွက်မယ် ဒီလ ကျွန်မလစာကိုတော့ ပေးပါ
အခုချက်ခြင်း”
သူမထံပြေးလာသော တိုးမောင်လေးအားဖတ်လိုက်ရင်း
မျက်ရည်တို့သုတ်ပေးလိုက်သည်။
“တိုးမောင်လေး သား ဒီမှာခဏစောင့်နော် အစ်မ လစာယူပြီးပြန်ထွက်လာခဲ့မယ်”
ခပ်လေးလေးခေါင်းငြိမ့်ပြသော တိုးမောင်လေးကား ဦးသန်းကြိုင်အား
စူးစူးဝါးဝါးကြည့်လျက်။
……
“တိုးမောင်လေး သား အမေနဲ့အဖေ့ကို ပြန်ပြောမပြနဲ့နော်..အစ်မ
ဆိုင်ရှင်နဲ့ အဆင်မပြေလို့ အလုပ်ထွက်လာတယ်လို့ပဲပြောကြားလား”
“ဟုတ်”
တိုးမောင်လေးအားဖတ်လိုက်မိရင်း အန်တီကြီးကိုကျေးဇူးတင်မိပြန်သည်။
……
“ရော့ သုံးလခယူသွား နောက် ငါ့ယောင်္ကျားနဲ့ လုံးဝမပတ်သတ်နဲ့ ဒါ
နောက်ဆုံးသတိပေးတာပဲ”
သုံးလခစာ ကို ပစ်ပေးသော်လည်း စိတ်မဆိုးနိုင်အားပါ။ ကျေးဇူးတင်လှသည်လေ။တစ်လခစာဆိုငါးသောင်းတည်းရယ်။
ခု တစ်သိန်းခွဲဆိုတော့ အလုပ်ရှာဖို့ရာ အချိန်ရသွားပေပြီ။
ကျေးဇူးတင်ပါတယ်
အန်တီကြီးရယ်။ ဒီဝဲဂယက်ကနေ ရုန်းထွက်ခွင့်ပေးလို့။
ဒီဝဲကနေရုန်းဖို့ရာ သူမ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးသည်ပဲ။
သို့သော် အကြောင်းကြောင့် အရာမထင်ခဲ့။ ခုတော့ သူမ၏ ဆန္ဒပြည့်ဝခဲ့ချေပြီ။
နောက် ဦးသန်းကြိုင် ဝယ်ပေးသည့် တီဗွီနှင့် အောက်စက်
ရောင်းလိုက်မည်။ ဒါဆို အိမ်ငှားဖို့ရာ အိမ်ရှာဖို့ရာလည်း အခက်အခဲမရှိနိုင်တော့။
အိမ်လခပြည့်မှာကလည်း ရှေ့လဆိုတော့ အချိန်ရပါသေးသည်လေ။
အို..ဒါ သူမ နေရာမှန် ရောက်လာခြင်း မဟုတ်ဘူးလား။ ရုက်တရက်
ပျော်ရွှင်သွားမိသည်။ သို့သော်…သူမသည် အစွန်းအထင်းနှင့် မိန်းခလေးဖြစ်နေချေပြီ။
အရင်လို အေးချမ်းရိုးရှင်းတဲ့ အထည်ချုပ်အလုပ်သမလေးမဟုတ်တော့။
နောက်အဆိုးဆုံးက မောင်ငယ်လေးတိုးမောင်လေး၏ စံပြ
အစ်မကြီးမဖြစ်နိုင်တော့။ အို ဒီအချိန်ကစပြီး လမ်းမမှားဖို့ရာ ကြိုးစားဖြစ်သားပဲ။
တိုးမောင်လေးကတော့ အတွေးတွေနှင့် နပမ်းသတ်နေသော သူမပုခုံးအား
ခေါင်းမှီထားရင်းအိပ်ပျော်နေလေပြီ။ ငါးမှတ်တိုင်မျှသာစီးရသောခရီးကိုပင်
အိပ်ပျော်သွားသည်ဆိုတော့ စိတ်တွေ အတော် ပင်ပန်းနေသည်ထင်ပါရဲ့။
တောင်းပန်ပါတယ်..တိုးမောင်လေးရယ်။ အစ်မ ကြိုးစားမှာပါ။ ငါ့မောင်လေး
ကျောင်းပြီးသည်ထိ ဘယ်သူ့အကူအညီမှမယူပဲ ငါ့မောင်လေးကို
ကျောင်းထားနိုင်အောင်ကြိုးစားမှာပါ။
တိုးမောင်လေးအား ကတိပေးရင်း ဦးသန်းကြိုင်မိန်းမ အန်တီကြီးအား
စိတ်ထဲမှ ရှိခိုးမိပြန်သည်။
တကယ့်ကျေးဇူးရှင် စစ်စစ်ကြီးလေ။
အရှေ့ဆိုမှတ်တိုင်ရောက်ပြီပဲ။ သူမတို့မိသားစုနေထိုင်သော
ဆင်ခြေဖုံးရပ်ကွက်လေး။
“တိုးမောင်လေး..ထ..ထ..မှတ်တိုင်ရောက်ပြီ..ဆင်းရတော့မယ်”
တိုးမောင်လေးအားနှိုးလိုက်မိရင်း
သူမကိုယ်တိုင်လည်းထရပ်လိုက်တော့သည်။
ÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑ
ရည်ဝေ
အောက်တိုဘာ ၂၁၊ ၂၀၁၁
2 comments:
တော်တော်လေး ကောင်းတဲ့ လက်ကွာ... နာလိုဘူး.. :D
စရိုက်တွေပေါ်လွင်တယ်နော် ၊၊ ဇာတ်လမ်းအသားပေးရသ၀တ္ထုတစ်ပုဒ်ပေါ့ ၊၊
ခေါင်းစဉ်လေး ပြောင်းလိုက်ရင်ပိုထိမိသွားမလားမသိဘူးနော် အမ
ကောင်းတာတော့ စရိုက်ကောင်တွေကိုကြွအောင်ရေးထားနိုင်တော့
သိပ်ကောင်းနေတယ် ၊၊
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်