Wednesday, 27 February 2013

“ငှက်ကလေးတစ်ကောင် အတွက်”

ဟော့ဒီ့နေရာလေးက သဲမွမွလေးတွေနဲ့ ဖုံးအုပ်ခံထားရတဲ့ မြေပြင်။ ဟော့ဟိုနေရာလေးမှာက ပုရွက်ဆိတ်လေးတွေ အုံဖွဲ့လို့ တက်ညီလက်ညီ လမ်းလျှောက်နေကြတာ။ အသိုက်ဆီ လျှောက်လိုက်၊ အစာရှာလိုက်နဲ့လေ။
ဟော့ဒီမှာက ကျွန်တော်။ ကျွန်တော် ဆိုတဲ့ သစ်ပင်။ ကျွန်တော့်လက်တွေမှာက လူကြီးတစ်ယောက်ရဲ့ လက်မလောက်ရှည်တဲ့ အဆူးတွေ ပြည့်နှက်နေတယ်။ အဆူး တိုတိုလေးတွေလည်း ရှိတာပါပဲ။ ကျွန်တော့် ခန္ဓာကိုယ်ရဲ့ အရွက်တွေက ရှည်လျားလျားတွေ။ ကလေးတချို့ပြောကြတာတော့ ဘာတဲ့။ စိန်ပန်းပင်ရဲ့ အရွက်လိုပဲ။ ကျစ်ဆံမြီးကျစ်ဆော့လို့ရသတဲ့။
ဟော ကျွန်တော် မျှော်ကြည့်နေကြ အချိန်တစ်ခုရောက်လာပြီ။ နံနက်ခင်းက သယ်ဆောင်လာတာလား။ဒါမှမဟုတ် နံနက်ခင်းကို သယ်ဆောင်လာတဲ့သူလို့ပဲ ပြောရမလား မသိတဲ့ နေမင်းကြီးဟာကောင်းကင်ပေါ်ကို တစစနဲ့ တက်သွားနေတာ လှလိုက်တာ။ ဒီမြင်ကွင်းလေးဟာ လှလွန်းလို့ ကျွန်တော့်လိုပဲ လေပြေလေးတွေတောင်  ရပ်တန့်ငေးမောနေလေရဲ့။ လှလိုက်တဲ့ နံနက်ခင်းကြီးရေ ကြိုဆိုပါတယ်လို့လည်း ကျွန်တော် တိုးဖွဖွရွတ်ဆိုမိလိုက်သေးတယ်။

မပြောင်းလဲသည့် အရာ

“မပြောင်းလဲသည့် အရာ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“အရာရာ ပြောင်းလဲသွားပြီ” ။
ဒီစကားကို ရဲရဲ့ဝံ့ဝံ့ဆိုဖို့ ကျွန်တော် မဝံ့ရဲပါ။ ခင်ဗျား၊ ကျွန်တော်၊ သူ အရာရာသည် အမှန်တကယ်ပြောင်းလဲသွားပါရဲ့လား။ အခြေအနေပြောင်းမည်။ ပတ်ဝန်းကျင် ပြောင်းမည်။ စိတ်ဓါတ်တို့ ပြောင်းလဲမည်။ ကောင်းသော ပြောင်းလဲခြင်းဟုတ်ပါရဲ့လား။
နံနက်ခင်းသည် သူနှင့် အတူ နေမင်းကိုပါခေါ်ဆောင်လာသည်။ ညနေခင်းသည် သူနှင့် အတူ နေမင်းကိုပါ ခေါ်ဆောင်သွားသည်။ ဒါသည်ပင်တစ်နေ့တာ ပြောင်းလဲခြင်း ဖြစ်သည်ဆိုပါစို့။ နေ့စဉ်ရက်ဆက် လည်ပတ်နေသော သမရိုးကျ ဖြစ်စဉ်တစ်ခုကို ပြောင်းလဲခြင်းနှင့်နှိုင်းယှဉ်ဖို့ လိုအပ်မည်မထင်ပါ။ လွန်ခဲ့သော ဆယ်နှစ်က အပူအပင်ကင်းကင်းနှင့် ဆော့ကစားနေသော ကလေးတစ်ယောက်သည် ဒီနေ့ဒီချိန်ဝယ် ဘဝဝန်ကို ထမ်းနေသော လူငယ်တစ်ယောက် ဖြစ်သွားခြင်းသည် ပြောင်းလဲခြင်းမည်ပါသလား။ ထိုပြောင်းလဲခြင်းသည် အသက်ရှင်နေသမျှကာလပတ်လုံး သမရိုးကျ ဖြစ်စဉ်တစ်ခုအဖြစ် တည်ရှိသွားမည်ဖြစ်သည်။ နောင်အနှစ်နှစ်ဆယ်ဝယ် ထိုလူငယ်သည် ကုမ္ပဏီပိုင်ရှင်ကြီးဖြစ်နေနိုင်သည်။ ဆိုက္ကားဆရာဖြစ်နေနိုင်သည်။ သို့မဟုတ် တောရကျောင်းလေးတစ်ကျောင်းတွင် သီတင်းသုံးနေသော ဆရာတော်တစ်ပါးလည်း ဖြစ်နေနိုင်ပြန်သေးသည်။ ထိုအရာကိုပင် ပြောင်းလဲသွားပြီလို့ ခေါ်ဆိုနိုင်ပါသလား။ သမရိုးကျ ဖြစ်စဉ်တစ်ခုကို ပြောင်းလဲသွားပြီဟု ရဲရဲဝံ့ဝံ့ဆိုနိုင်လောက်အောင်ထိ ကျွန်တော် မရဲဝံ့ပါ။
သို့သော် မပြောင်းလဲသော အရာတစ်ခုတော့ ရှိသည် ဟု ရဲရဲဝံ့ဝံ့ ဆိုချင်ပါသည်။ ထိုသို့ဆို၍လည်း မည်သူမျှ အပြစ်ပြောလိမ့်မည်မထင်။ မပြောင်းလဲသည့် အရာကတော့ ထိုသူပင်ဖြစ်သည်။

Monday, 25 February 2013

“သော်ဇင်(လွိုင်ကော်) ရဲ့ ရင်လွဲမိုး ဝတ္ထုတိုချဉ်းကပ်ခြင်း”

“သော်ဇင်(လွိုင်ကော်) ရဲ့ ရင်လွဲမိုး ဝတ္ထုတိုချဉ်းကပ်ခြင်း”

စာရေးကောင်းလှသူ ကိုသော်ဇင်(လွိုင်ကော်) ရဲ့ စာကို ချဉ်းကပ်မယ်ဆိုတော့ အမှားတွေပါမှာစိုးလို့ ကြောက်မိသား။ သို့သော် ဒီစာမပြီးရင် အကြွေးကျန်နေသလို ခံစားနေရလို့ (ရေးမယ်ဆိုပြီး မရေးဖြစ်တာလေ) အသေအချာချဉ်းကပ်လိုက်ပါကြောင်း။ မိုဘာကတည်းက သူငယ်ချင်းဖြစ်လာသူမို့ အမှားရှိရင်လည်း ခွင့်လွှတ်တော့ ကိုသော်ဇင်ရေ။

…………..

“ခနိုးခနဲ့ရယ်သံနဲ့ လောကကြီးက သူ့ကိုနှုတ်ဆက်တယ်။ သူကတော့ ငိုကြွေးခြင်းနဲ့ စခဲ့တဲ့ ဘ၀ကို ခုထိ အံ့သြနေတုန်း။ ငိုတယ်။ရယ်တယ်ဆိုတာ အသက်ရှင်သန်လာခဲ့တဲ့ ဘ၀တစ်လျှောက်လုံး နပမ်းလုံးလာခဲ့ကြတာ ခုထိတောင် သူ ဖျန်ဖြေလို့မရသေးဘူး။ တော်တော်ကြာ ရယ်တယ်။ မပွင့်တပွင့်ကနေ ဟက်ဟက်ပက်ပက်၊ ပြီး  အူလှိုက်သည်းလှိုက်။ တခဏကြာတော့ မျက်ရည်တွေ စီးလိမ့်လာပြန်ရော။ တသိမ့်သိမ့်ရှိုက်ငိုခြင်းနဲ့ ယူကြုံးမရသလိုငိုခြင်း။  သူ အဲဒီ ရယ်ခြင်း ငိုခြင်းကြားကာလမှာရှိနေသ၍ စိတ်ပျက်စရာကောင်းတဲ့အရာဟာ ဘာလဲလို့မေးလာခဲ့ရင် ခု သူရရှိပိုင်ဆိုင်ထားတဲ့ လူ့ဘ၀ကြီးပါပဲ။ မဟုတ်သေးဘူး။ သူ ငှားရမ်းထားတဲ့ လူ့ဘ၀ကြီးပါပဲ။”

Monday, 18 February 2013

ကောင်းကင် ....ဖြစ်ချင်ခဲ့တာပါ


တကယ်ဆို ငါက
ကောင်းကင်ဖြစ်ချင်ခဲ့တာ
မင်းဘယ်နေရာမှာနေနေ
မင်းဘယ်နေရာမှာရှိရှိ
ကလေးတစ်ယောက်ကို စိတ်မချသလိုမျိုး
အရိပ်လို ကြည့်ချင်ခဲ့တာ။

အချစ်ဆိုတာ


တကယ်တော့
အချစ်ဆိုတာ......
သူပြုံးလိုက်တဲ့ အပြုံးလို
နူးနူးညံ့ညံ့လေး
လေပြေသွဲ့သွဲ့လေး အတိုက်ခတ်ခံရသလိုမျိုး။

မုန်းတယ်

တစ်ချက်ချက်နဲ့ မြည်နေတဲ့ အသံမှာ
အလွမ်းတွေဟာ.....တစ်ပွင့်ခြင်းစီးဆင်းနေခဲ့
ချစ်သူ အမေ့ခံရတဲ့ နေ့ရက်ကို
တကယ်............မုန်းတယ်။

သွဲ့သွဲ့လေး ပြေးနေတဲ့ လေပြေကြားထဲ
တမ်းတမှုတွေဟာ... တစ်ပါတည်း စီးမျောလိုက်ပါသွားခဲ့
(မင်းရှိရာအရပ်ဆီ)

Sunday, 17 February 2013

ကံကြွေးရှိသမျှ ဒီမျှနှင့် ကျေကြပါစေ


(၁)
“မကြီးရယ် မုန့်ဖိုးလေး ၅၀…၁၀၀ လောက်ပေးပါ…သမီးထမင်းမစားရသေးလို့ပါ”

မျက်စိရှေ့ဝယ် လက်ကလေးဖြန့်ကာတောင်းနေသောကလေးငယ်ကိုကြည့်ရင်း စိတ်ပျက်စိတ်ညစ်စွာ မျက်နှာလွှဲထားမိသည်။ ဒီဆိုင်လေးသည် အတော်ပင် ရောင်းကောင်းသော အေးဂျင့်ကုန်စုံဆိုင်လေးဖြစ်ပြီး ဆိုင်ရှေ့ဝယ် ထိုသို့သော ကလေးငယ်တွေ မနက်ည ရှိနေတတ်သည်မှာ စိတ်ပျက်ဖွယ်ရာပင်။ အခုနောက်ပိုင်း ပိုပိုစိတ်ညစ်ဖွယ်ရာကောင်းလာသည်က အရင်ထက် ပိုမိုရဲတင်းကာ
အိကျီ င်္စကို လက်နှင့်ဆွဲ၍ တောင်းတတ်ခြင်းပင်။
သူမထိုသို့သော ကလေးငယ်တွေကို မုန့်ဖိုးပေးလေ့မရှိပါ။ အကျင့်ပါသွားမှာစိုး၍ပင်။ မနက်ခင်းဈေးသွားချိန်ဝယ် ထိုသို့သော နွမ်းပါးသည့် ကလေးငယ်များ ပန်းရောင်းတတ်သည်။ ထိုအချိန်တွင်မတော့ အားပါးတရကို ဝယ်ယူလိုက်သည်။
တစ်ခေါက် လမ်းရှေ့ဝယ် အမှိုတ်ကောက်နေသော ကလေးတစ်ချို့ကိုခေါ်ကာ အဝတ်အစားပေးဖူးသည်။ သို့သော် သူတို့ တစ်ဆင့်တက်မေးသည်က သူမတူမလေးစီးနေသောဖိနပ်လေးကိုပါ ပေးလို့မရဘူးလားဟင်..ဆိုတော့။ ပေးတော့ပေးဖြစ်ပါသည်။ နောက်တစ်ခါခေါ်ဖို့တော့ စိတ်မကူးမိတော့။

“မကြီး ဆန်က ၁၅၀၀၊ ကြက်ဥက ၅လုံး ၆၀၀ အားလုံးပေါင်း ၂၁၀၀ ပါ”

ငွေ ၂၁၀၀ ကိုထုတ်ပေးရင်း စိတ်ချမ်းသာစွာ ထွက်လာခဲ့သည်။ ဘာပဲပြောပြော ထိုကလေးငယ်တို့ကို မြင်ရခြင်းမှ လွပ်လပ်လာခဲ့ပြီမဟုတ်လား။

သိပ်မကြာခင်ရောက်လာတော့မည့် အချိန်တစ်ခုအတွက် ..

၂၇>>>>၂၈
၂၈-၆

<<<<၄>>>>>

ဂဏန်းတွေနဲ့ ကစားချင်တိုင်းကစားနေတာမဟုတ်ဘူး
တကယ်ဆို သူတို့က ငါ့ကို ကစားသွားတာ
မပြိုင်နိုင်ပါဘူးဆိုကာမှပဲ
အနိုင်ချည်း ပိုင်းသွားကြတာ
တကယ်ပါပဲ ၁ ဂဏန်းကိုမုန်းတယ်
၂၈ ဂဏန်းကို မုန်းတယ်
ဘာမဟုတ်ညာမဟုတ်

“အမှောင်ခြမ်းမှ ပန်းတစ်ပွင့် ကြွေလွင့်ခြင်း”

“အမှောင်ခြမ်းမှ ပန်းတစ်ပွင့် ကြွေလွင့်ခြင်း”


ဟော့ဒီ ဝဲဘက်ရင်အုံက ဘာ့ကြောင့် ခဏခဏအောင့်အောင့်နေတာလဲ။ တကယ်ဆို ကိုယ်ကိုယ်တိုင်လည်း ဘာမှ မလုပ်ခဲ့မိပါပဲကွယ်။ ယုံကြည်မှုကို စွန့်ပစ်ဖို့ အချိန်ကျလာပြီထင်ပါရဲ့။ ရိုးသားမှုကို မနှစ်သက်ဖို့ အချိန်ကျလာပြီထင်ပါရဲ့။ သေချာပါတယ်။ အချိန်တော်တော်ကြာသည်ထိ ဟော့ဒီဝဲဘက်ရင်အုံက နာကျင်နေရဦးမယ်။ သူ့ခမျာ သစ္စာဖေါက်မှုတွေကို တသီတသန်းကြီး ထမ်းပိုးထားခဲ့ရရှာတာ။ သူ့ခမျာယုံကြည်မှုတွေကို နားလည်မှုတွေနဲ့ အလဲအထပ်လုပ်ရင်း ကြေကွဲမှုတွေ ထမ်းပိုးခဲ့ရရှာတာ။

တကယ်တော့ ကို့ကို အချိန်အတော်ကြာလေ့လာရင်းနဲ့မှ သူ့ဆီကရတဲ့ စကားသံတွေမှာ၊ သူ့ဆီကရတဲ့ အတွေးအခေါ်တွေမှာ ကျရှုံးခဲ့ရတာ။ မှားခြင်းမှားရင် အလွယ်တကူယုံကြည်တတ်တဲ့ ကျွန်မရဲ့ စရိုက်က မှားတာနေပါလိမ့်မယ်။ ဟုတ်တယ်။ ကျွန်မရဲ့ ရိုးသားမှုက ကျွန်မကို ပြန်သတ်သွားတာ။ ကျွန်မရဲ့ နှလုံးသားကို ရိုးသားလွန်းမှုက သတ်သွားတာ။

ကျွန်မ အမျှော်လင့်ရဆုံး၊ အယုံကြည်ရဆုံးအလင်းတန်းလေးက ကျွန်မအတွက် ထာဝရလင်းလက်နေပေးမယ် ထင်ထားခဲ့မိတာ။ ယုံကြည်ထားခဲ့မိတာ………….။ ခုတော့…………….. အဲ့ဒီ့ယုံကြည်မှုက ကျွန်မနှလုံးသားကိုသတ်သွားတာ။

Wednesday, 13 February 2013

အစွန်းနှစ်ဖက်



အရှေ့က မြင်နေရတဲ့ လမ်းလေးဟာ ကျွန်မကို ဘယ်နေရာထိ ခေါ်ဆောင်သွားမှာလဲ။ ကျွန်မ မသိဘူး။ လျှောက်လက်စ ခြေလှမ်းတွေကို ရပ်တန့်ဖို့ကျတော့လည်း လမ်းလျှောက်နေရတာကိုက အရသာတစ်ခုရှိသလို ခံစားချက်မျိုးဖြစ်နေတယ်။ ခြေထောက်ကျဉ်တဲ့အခါမှာ အဲ့ဒီကျဉ်တဲ့ အရသာကိုက တမျိုးလေးအရသာ ရှိနေသလိုခံစားချက်မျိုးကို ခုလမ်းလျှောက်နေချိန်မှာ ခံစားနေရတယ်။ ရပ်လို့မရဘူး။ ရပ်လည်းမရပ်ချင်ဘူး။ ဒါပေမယ့် ခြေထောက်တွေ တော်တော် မောပန်းနေပြီ ကျွန်မသိတယ်။

တစ်ဖက်သတ်


သံစဉ်တို့ညှိ၍ နှလုံးသားမြေကို ထွန်ယက်ဖို့ရာ ကြိုးစားမိသည်။ သို့သော် ကိုယ့်တစ်ဘက်ခြမ်းကသာ ရုန်းကန်ကာ ထွန်ယက်နေမိသောကြောင့် သိပ်မကြာခင်တွင်ပင် ကြိုးပျက်ပေတော့မည်။ တဲတဲလေးသာ ကျန်ရှိနေသော ကြိုးတို့အား ကြည့်ရင်း ကိုယ်ကြဲခဲ့မိသော သံယောဇဉ်မျိုးစေ့တို့အား ကပျာကယာ လိုက်လံသိမ်းဆည်းမိသည်။

သို့သော် သံယောဇဉ်မျိုးစေ့တို့ကား ခြေရာလည်းပျောက်ရေလည်းနောက်၍ ပျောက်ကွယ်ချေပြီ။ ကိုယ့်မှာ သိမ်းဆည်းဖို့ရာထက် ထိုသံယောဇဉ် အသီးအပွင့်တို့၏ ရလဒ်ကို ခံစားနေရပြီ။ လွမ်းဆွေးခြင်း၊ ကြေကွဲခြင်း၊ ယူကျုံးမရခြင်းတည်းဟူသော အသီးအပွင့်တို့ ဖြစ်ထွန်းဖို့ရာ ဒီမျိုးစေ့ကို စိုက်ပျိုးခဲ့ခြင်းမဟုတ်ပါ။

Tuesday, 12 February 2013

“စရိုက်” တဲ့လား

“စရိုက်” တဲ့လား။ တီးတိုးရေရွတ်ရင်း မဲ့ပြုံးတစ်ချက်ပြုံးမိလိုက်သည်။ အကယ်၍များ ထိုစဉ်က အဖြစ်အပျက်ကို ပြန်ရောက်နိုင်မည်ဆိုပါစို့။ ထိုသူ၏ ဆုံးဖြတ်ချက်ကိုလည်း သိမည်ဆိုပါစို့။ သေချာပါသည်။ သူမ ထိုအပြုအမှုကိုပင် ထပ်မံ ပြုလုပ်မိဦးမည် ဖြစ်သည်။
တအူတုံဆင်း မောင်နှမရင်း ဆိုသည့် သွေးစည်းခြင်းသည် မည်သည့်အရာနှင့်မျှ ပျက်မည်မဟုတ်မှန်း၊ ဖျက်၍ရမည် မဟုတ်မှန်း ထိုသူ့ကို တစ်ခါလောက်တော့ တွေ့ဆုံကာ အသေအချာ ပြောပြချင်မိပါသေးသည်။
ထိုသူ နှင့် တွေ့ဆုံခဲ့ပုံက မဆန်းလှပါ။ သူမ က သာမန် အေးဂျင့်ကုန်စုံဆိုင်တစ်ခု၏ အရောင်းဝန်ထမ်း ဖြစ်ပြီး ထိုသူက ဆိုင်ကို အမြဲလာရောက်ဝယ်ယူသော ဈေးဝယ်သူတစ်ဦးအဖြစ်သာ။ တဖြည်းဖြည်းနှင့် အဝယ်စိတ်လာကာ ဝယ်သည့်အခါတိုင်းလည်း သူမ ဆီသာ ရွေးချယ်မေးဝယ်တတ်သည်မို့ သူမ သတိထားမိခဲ့ခြင်းပင်။

ကောင်လေးရဲ့ ကဗျာ

ကောင်လေးရဲ့ ကဗျာ

ကောင်လေးတစ်ယောက်မှာ အချစ်ကဗျာတစ်ပုဒ် ရှိပါတယ်။ ကောင်လေးကိုယ်တိုင် ရေးသားထားတာလေးပေါ့။ ဒါပေမဲ့ ကောင်လေးစိတ်ထဲမှာ မပြည့်စုံသေးဘူး ထင်နေယ်။ ကဗျာကိုဖတ်ရင်းဖတ်ရင်းနဲ့…..။ အဲဒါနဲ့ ကဗျာလေးကို မွမ်းမံဖို့ ဘောပင်လေးကိုင်ရေးတော့မဲ့ အချိန်မှာ ကဗျာလေးက ကောင်လေးကိုပြောလိုက်တယ်။

“ခဏနေဦး ကောင်လေး……မင်း ဘယ်လောက်ပြင်ပြင် ငါဟာ ရသမြောက်လွန်းအောင် ကောင်းမွန်မှာမဟုက်ဘူး”…..တဲ့။

နှစ်သစ်မှာ ဝဋ်ကျွတ်ပြီ

နှစ်သစ်မှာ ဝဋ်ကျွတ်ပြီ


“ဟေး..အပျိုကြီး ဘယ်တော့ စားရမှာလဲဟေး”

ဘေးအိမ်မှ ဗလွတ်ရွှတ်တွ နေတတ်လေ့ရှိသော၊ နိုင်းမကိုဆို အမြဲနောက်လေ့ရှိသော ဦးလှဘူး။

“ဘယ်တော့မှ စားရဘူးဗျို့..မျှော်မနေနဲ့တော့ ဦးလှဗူးသမီးမင်္ဂလာဆောင်ရောက်ရင်သာ အပြတ်အသတ်ကျွေးဖို့စဉ်းစားထား”
“ဟားဟား..ငါ့သမီးက ခုမှ ဆယ်နှစ်ရှိသေးလို့ဟ..တော်ကြာညည်းရှာထားသမျှ ဘုန်းကြီးစားသွားမှာစိုးလို့မေးတာပါဟာ..စိတ်မဆိုးပါနဲ့”

ကဲ ပြီးကရော။ ဘုန်းကြီးစားသွားမှာ စိုးလို့တဲ့။ ငါနော်။ မျက်စောင်းတွေ ပစ်ထိုးပြီး ထွက်လာလိုက်တော့သည်။ အော်လည်းအော်ပေးခဲ့လိုက်သေးသည်။

Monday, 11 February 2013

မင်း မသိဘူး

မင်း အိင်္ကျီ အိပ်ကပ်လေးထဲမှာ
ငါ့ နှလုံးသားလေး တွဲလွဲခိုသွားတယ်
မင်း မသိခဲ့ဘူး
သစ်ရွက်ကြွေသံတွေကြားမှာ
မင်းမျက်နှာလေးကို ငေးကြည့်ခဲ့မိပေါ့
ဒါကိုလည်း မင်းမသိခဲ့ဘူး

Friday, 8 February 2013

အချစ်ဆိုတာ(ကဗျာ)

ကျေးဇူးပြုပြီး အချစ်ဟာ ဘာလဲဆိုတဲ့ အမေး လာမမေးပါနဲ့
ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ ခင်ဗျားပဲ
ခင်ဗျားနဲ့တွေ့တိုင်း မရည်ရွယ်ပဲ အမှားများစွာခလုတ်တိုက်မိ
ခင်ဗျားစကားပြောတိုင်းမှာ ကိုယ်ကိုယ်တိုင်မသိလိုက်ပဲ  ရက်ကော်ဒါတစ်လုံးဖြစ်မိ
ခင်ဗျားပြုံးလိုက်တိုင်းမှာ ကိုယ်ကိုယ်တိုင်မသိလိုက်ခင်ပဲ ကင်မရာတစ်လုံးဖြစ်မိ
ခင်ဗျား လမ်းခွဲဖို့နှုတ်ဆက်ချိန်တိုင်းမှာ ကိုယ်ကိုယ်တိုင်မသိလိုက်ခင်ပဲ တေမိဖြစ်မိ
ကိုယ်ကိုယ်တိုင် မသိလိုက်တဲ့ အကြောင်းတရားတွေကို ကိုယ်ကိုယ်တိုင် အဖြေရှာမထုတ်နိုင်သေးဘူး
အကြောင်းတရားမရှိတဲ့ သတိရမှုဟာ ပြင်းပြလွန်းရင် အလွမ်းဖြစ်တတ်သလား
ဒါဆို သေချာတယ်
ကျွန်တော် ခင်ဗျားကိုလွမ်းနေတယ်
သတိရမှုတွေရဲ့ စစ်မှန်တဲ့အကြောင်းတရားဟာ မခွဲနိုင်မခွါရက်ဖြစ်ခြင်းလားး
သေချာရေရာ မသိခင်မှာပဲ မြတ်နိုးမှု ဆိုတဲ့ အကြောင်းတရားကို မငြင်းဆန်ဝံ့စွာ လက်ခံလိုက်မိခဲ့
အချစ်ရဲ့အဓိပ္ပါယ်က ကျွန်တော့်အတွက်တော့ ခင်ဗျားပဲ
ထာဝရအတွက် သေချာတယ်

Wednesday, 6 February 2013

ကျေးဇူးပြုပြီး....


 (၁)
ကျေးဇူးပြုပြီး ပြုံးနေပါ
ခင်ဗျားအပြုံးတစ်ချက်မြင်ရတိုင်း
ရင်ကအမောတွေကြွေလွင့်ရလွန်းလို့
ထာဝရ မော်ဖူးချင်တယ်
ကျေးဇူးပြုပြီး ပြုံးနေပါ
(၂)
ကျေးဇူးပြုပြီး သံစဉ်လေးတွေ လွှင့်ပါ
တီးတိုးသက်သာ ဆိုတတ်တဲ့ ခင်ဗျားစကားသံတိုင်းမှာ
ကျွန်တော့်နှလုံးသားဟာ
သီချင်းတစ်ပုဒ်နဲ့ ကနေသလိုမျိုး
အသံအတိုးအကျယ်အလိုက် ကနေမိရဲ့
စကားအခွန်းတိုင်းကို
မျှော်လင့်တကြီးနဲ့ စောင့်မျှော်နေမိ
ကျေးဇူးပြုပြီးတောင်းဆိုပါရစေ
ကျွန်တော်နဲ့ဆုံတိုင်း
သံစဉ်လေးတွေ လွှင့်နေပေးပါ

Tuesday, 5 February 2013

အပြုံးစစ်စစ် တစ်ပွင့်လောက် ခြွေပါ

အပြုံးစစ်စစ် တစ်ပွင့်လောက် ခြွေပါ

ဒီနေ့နံနက်ခင်းကို အပြုံးနှင့် ကြိုကြည့်သည်။ အိမ်မှအလုပ်ဆီသို့ထွက်လာကတည်းက မျက်နှာတွင် အပြုံးမှ လွဲ၍ အခြား ဘာမျှ မထား။ တော်တော်လေးကို အဆင်ပြေပါသည်။ ထိုအပြုံးကြောင့်ပင် အခါတိုင်း မျက်မှန်းတန်းမိသူများကပါ ပြန်ပြုံးသွားကြသည်။ တချို့ဆို လက်ဖက်ရည်ဆိုင်ထဲမှပင် လက်ဖက်ရည်သောက်ပါဦးဟု ခွက်ကိုင်ရင်း မေးဆတ်ပြသူနှင့်။ အဆင်မပြေသူက ကျွန်တော်သာဖြစ်သည်။ စိတ်မကြည်ပါပဲလျက် မဲ့မပြချင်သောကျွန်တော်က တမင်ပင် ပြုံးထားခြင်းမဟုတ်ပါလား။ မစစ်မှန်သည့် အပြုံးတစ်ခုနှင့်ကျွန်တော် ထိုအပြုံးကြောင့်ပင် မလွတ်မလပ်ဖြစ်နေရသည်။ လေးလေးလံလံဖြစ်နေချေပြီ။

ပျော်ရဲ့လား(၂)

ပျော်ရဲ့လား(၂)

ပျော်...ရဲ့...လား..
ဟိုးမှာ နှလုံးသွေးတွေကို
မင်းအတွက် မိုးအဖြစ်ရွာချပေးနေတဲ့ သူရှိတယ်
မင်းပျော်ဖို့ မင်းချစ်တဲ့ မိုးတွေ သူဖန်ဆင်းပေးချင်လို့တဲ့..
ပျော်ရဲ့လားလေ....

Monday, 4 February 2013

ပျော်ရဲ့လား

ပျော်ရဲ့လား
ပျော်ရဲ့....လား.......
ပျော်...ရဲ့....လား...
တိတ်တဆိတ်မေးနေတဲ့ ငါ့စကားသံတွေ
တဖြည်းဖြည်း အက်ကွဲခြောက်ကပ်လို့.....
ထပ်မေးပါရစေ
ပျော်....ရဲ့..လား........။

Sunday, 3 February 2013

ရှုံးသူ


ဖက်ပွေ့ထားရတဲ့အရှုံးတွေဟာ ရထိုက်လား/ မရထိုက်လား ဝေခွဲစဉ်းစားမရသေးခင်.........
လမ်းမအိုကြီးပေါ် သယ်ဆောင်သွားခံလိုက်ရ
အသယ်ဆောင်ခံလိုက်ရတဲ့ခန္ဓာဟာ စိတ်ဆိုတဲ့နာမ်ကို ဆွဲခေါ်ထားဖို့ မေ့လျော့စွာ.....
လမ်းမအိုထက်ကလူဟာ ငါ......လား
မသေချာခြင်းများစွာနဲ့ ငါ့ကိုယ်ငါ ပြန်မေးကြည့်တော့
ငါ..ပျောက်နေတာ ကြာခဲ့ပြီ

Saturday, 2 February 2013

အချစ်ရူး

““အချစ်ရူး””

ပြင်ဆင်ခွင့်မရှိတဲ့ အရှုံးကို မှပိုင်ဆိုင်ခဲ့ရသူ

တကယ်ဆို ကိုယ်က....

ဘဝတစ်လျှောက်လုံး မကောင်းမှုမှန်သမျှ ရှောင်ခဲ့သူပါ

ဒါပေမယ့်လည်း မဖိတ်ခေါ်ပဲရတဲ့ အရှုံးကို ပြုံးပြီးလက်ခံလိုက်ရ